လူမှုဆက်ဆံရေးနယ်ပယ်၌ “ ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွါးဆောင်ရွက် နှုတ်မြွက်ချိုသာ သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေမိတ်သဟာ ” ဟူသော မူဝါဒကို သုဒတ္တသည် ခိုင်ခိုင်မြဲမြဲ လက်ခံကျင့်သုံးသူလည်း ဖြစ်၏၊ ထို့ကြောင့် သူသည် မိတ် ဆွေများ၏ ၊သူငယ်ချင်းပေါ၏၊ သူ့ပြောလျှင် ဘယ်သူ့မှနှစ်ခွန်း မပြောရ၊ အဲဒီ လောက် ထိ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းရှိ၍ သြဇာညောင်းသူလည်း ဖြစ်ပါ၏။
သူကိုယ်တိုင်လည်း မိတ်ဆွေကောင်းတို့၏ ကျင့်ဝတ်နှင့်ပြည့်စုံအောင် နေထိုင်သူဖြစ်၏၊
သူတစ်ပါး ပေးနိုင်ခဲသော အရာကို မိတ်ဆွေအတွက် အမှန်တကယ်လိုအပ်မည်ဆိုလျှင်
ပေးဖို့ရန် စိတ်မတွန့် လက်မရွံ့သူဖြစ်၏။သူ့အပေါ် ပြောမှားပြုမှားဆိုမှားရှိခဲ့လျှင်လည်း
သည့်ခံတတ်သူဖြစ်၏။သူတစ်ပါးတို့ ပြုနိုင်ခဲသောအမှုကိုလည်း သူသည် ပြုလုပ်ဆောင် ရွက်ပေးသူဖြစ်၏။ ထို့ပြင်မိတ်ဆွေသူငယ်ချင်းများ မကျန်းမာခြင်း မီးဘေးသင့်ခြင်း ရေ ဘေးသင့်ခြင်း လေဘေးသင့်ခြင်း စီးပွါးပျက်ခြင်းစသည့်ဘေးများ ကြုံတွေ့သောအခါ ၌လည်း သွားရောက်မေးမြန်း၍ လိုအပ်သည်များကို စိတ်ပါလက်ပါကူညီဆောင်ရွက် ဖြည့်ဆည်း ပေးသည်သာဖြစ်၏။ မိတ်ဆွေ သူငယ်များအတွက် လောကအတွက် သူ၏ လက်သည် အချိန်ပြည့်“ စိုနေ ” သည်သာ ဖြစ်ပါ၏။သူသည် “ စိုပြီးသောလက်” ကို မည့်သည့်အခါမျှ မည့်သည့်အကြောင်းကြောင့်မျှ ခြောက်သွေ့ခံလိမ့်မဟုတ်သော “ ပေးဆပ်မှု၌ ပျော်မွေ့နေသူ ” ဖြစ်၏၊၊ထို့ကြောင့်လည်း သူ့ကို “ ဒါနာဘိရတာ ” ဟူ၍ ပိဋကတ် မှတ်တမ်း၌ မှတ်တမ်းတင်ထားခြင်းဖြစ်၏၊ သူလို လက်စိုသူများ ပေါများလေလောကကြီးလည်း စိုပြေလေသာ ဖြစ်ပါ၏၊စိုပြေနေသော အရပ်ဒေသကို လောကီ လူသားများအတွက်တော့ “ လောကနိဗ္ဗာန် ” ဟုပင် တင်စားခေါ်ဆိုနိုင်ပါ၏၊
သူသည် ရာဇဂြိုဟ်၌ မိမိ၏ စီးပွါးရေးလုပ်ငန်းကိစ္စ ပြီးသောအခါ သာဝတ္တိသို့ပြန်ရန်စီစဉ် တော့၏။ သူ၏ပြည်တော်ပြန်ခရီးသည်လန်းဆန်းတက်ကြွနေ၏။သာဝတ္ထိသို့ ဘုရားရှင် ကြွတော်မူရန်သူပင့်လျှောက် ခဲ့ပြီးဖြစ်၏။သာဝတ္တိသို့ပြန်ရောက်လျှင်တိတ်ဆိတ်သောနေ ရာကို ရှာဖွေမည်၊ ပြီးလျှင် ဘုရားရှင်နှင့်သံဃာတော်များ ချမ်းသာစွာသီတင်းသုံးနေ ထိုင်နိုင်ရန် ကျောင်းဆောင်များဆောက်လုပ်လှူဒါန်းမည်၊သာဝတ္ထိပြည်သူပြည်သားတို့ သည် သူ “ သိမြင် ” သော သစ္စာတရားကို သိမြင်ခွင့်ရကြပေတော့မည်၊တရားအရသာ “ ၀ိမုတ္တိသုခ - ဓမ္မရသ ” ကို ခံစားခွင့် ရကြပေတော့မည်။သာဝတ္တိပြည်သူ ပြည်သား များအတွက် “ နတ်ရွာ နိဗ္ဗာန်တံခါးကြီးကို ” မကြာမှီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်၏။
သာဝတ္ထိနှင့်ရာဇဂြိုဟ်သည် (၄၅)ယူဇနာဝေး၏၊သုဒတ္တသည် တစ်ရွာတစ်ကျည်ဆောက် စနစ်ကို ကျင့်သုံးသူဖြစ်၏၊ ထို့ကြောင့် လမ်းခရီး၌ သူမသိသော မြို့ရွာမရှိ၊သူ့ကို မသိသောသူသည်လည်း မရှိသလောက်ပင် ရှား၏။ ဤသည်မှာ သူ၏ကြွယ်ဝချမ်းသာ မှုနှင့် လောကအတွက် အကျိုးဆောင်မှု လူထုအကျိုးပြုလုပ်ငန်းတို့ကို လုပ်ကိုင် ဆောင်ရွက်မှုတို့ကြောင့်ဖြစ်၏။သူက“ လောကကို အလေးထားလေ လောက ကလည်း သူ့ကိုပြန်၍လေးစားလေ ဖြစ်၏၊( သူ့မှသာ မဟုတ်ပေ၊ မည်သူမဆို လောကကို အလေး ထားလျှင်လောကကလည်း အညမညသဘောတရားအရ ပြန်လည် လေးစားမည်သာ ဖြစ်ပါ၏)
သူသည် လမ်းခရီးတစ်လျှောက်၌ သူ့မိတ်ဆွေ သူငယ်ချင်းများကို လောက၌ ကြုံဖို့ တွေ့ဖို့ရန် ခဲယဉ်းလှသော သဗ္ဗညူ ဘုရားရှင်သည် ပွင့်ထွန်း ပေါ်ပေါက်တော်မူလာပြီ၊ ဘုရားရှင်ကို သာဝတ္ထိသို့ ကြွတော်မူရန်လည်း မိမိ ပင့်လျှောက်ခဲ့ပြီးဖြစ်၏၊ ထို့ကြောင့် ဤလမ်းဖြင့် ဘုရားရှင်ကြွလာတော်မူလိမ့်မည်၊လမ်းခရီး၌ ဘုရားရှင်နှင့် ရဟန်းသံဃာ တော်များ ချမ်းချမ်းသာသာ သီတင်းသုံး နေနိုင်ရန်အတွက် အရာမ်များ ကျောင်းများ ဆောက်လုပ်ကြဖို့ တိုက်တွန်း၏၊ဆွမ်းကိစ္စအတွက် မပူပင်ရစေရန်လည်း တတ်နိုင်သမျှ လှူဒါန်းကြဖို့ နှိုးဆော်၏။ တတ်နိုင်သူများက ကိုယ်တိုင် ကိုယ်ပိုင်ဖြင့် အရာမ်များ ကျောင်းများ ဆောက်လုပ်ကြ၏၊ မတတ်နိုင်သူများကို သူက ထုတ်ပေး၍အရာမ်များ ကျောင်းများ ဆောက်လုပ်စေ၏၊ဤသို့ဖြင့် ရာဇဂြိုဟ်နှင့်သာဝတ္ထိအကြား တစ်ယူဇနာ တစ် ကျောင်းနှုံးဖြင့် ကျောင်းပေါင်း( ၄၅ ) ကျောင်းကို ဆောက်လုပ်စေ၏၊ သူသည် လမ်းခရီး၌ လိုအပ်သည်များ အသုံးပြုရန် အသပြာတစ်သိန်းနှင့် တစ်သိန်းတန် ဘဏ္ဍာ ပစ္စည်းများကိုလည်း ထုတ်ပေးခဲ့၏။သူ၏ အစီအစဉ်သည် စေ့စပ်လှ၏၊
ဘုရားရှင်အား သံဃာတော်များနှင့်အတူ သာဝတ္ထိသို့ကြွတော်မူ၍ ၀ါဆိုရန် မိမိလျှောက် ထားသောအခါ
“ ဘုရားရှင်တို့မည်သည် တိတ်ဆိတ်ငြိမ်သက်သော နေရာ၌ ပျော်မွေ့ တော်မူကြ၏ ” ဟု ဘုရားရှင်မိန်တော့မူလိုက်သောစကား သူ့ နားထဲက မထွက်ပေ၊ ထို့ကြောင့် သာဝတ္ထိသို့ ပြန်ရောက်သောအခါ၌ လူသံတိတ်ဆိတ်သော အရပ်ကို သူလိုက်ကြည့်၏၊ သူသည် အပေါင်းအသင်း ၀င်ဆန့်သူပီပီ သာဝတ္ထိမြို့တွင်းသာမက မြို့နားဝန်းကျင် အထိ နှံစပ်သိမြင်ထားသူဖြစ်၏။
ထို့ကြောင့် နေရာလိုက်ကြည့်သောအခါ “ မြို့တော်နှင့် ဝေးလွန်းသည်လည်းမဟုတ်၊ နီးလွန်းသည်လည်းမဟုတ်၊ ကျောင်းတော်သို့လာရောက်၍ “ ဘုရားဖူး တရားနာ ဒါနပြု တရားရှုလို ” သူများအတွက် အသွားအလာလွယ်ကူသော အရပ်ဖြစ်ခြင်း၊ညချမ်းအခါ အသံတိတ်ဆိတ်မှု ရှိခြင်း၊နေ့အခါလူသူလေးပါးမရှုပ်ထွေးခြင်း၊မြိုရွာ တွန်သံဖြစ်သော (အုတ်အုတ်ကျက်ကျက် ဆိုင်းသံဗုံသံ) ဆူဆူညံညံ အသံမရှိခြင်း၊လူတို့၏အနံ့အသက် မရှိခြင်း စသောအင်္ဂါတို့နှင့်ပြည့်စုံသည့် ” ဇေတမင်းသား၏ဥယျာဉ်ခြံကို သူ တွေ့ရ၏၊ ဇေတမင်းသား၏ ဥယျာဉ်တော်သည် ဘုရားရှင် သဘောကျနိုင်သော နေရာမျိုးဖြစ်၏ ထို့ကြောင့် ဇေတမင်းသားထံ ဥယျာဉ်မြေ၀ယ်ရန်အတွက် သူ့မိတ် ဆွေများနှင့် အတူ သွားလေတော့၏၊ဇေတမင်းသားနှင့်တွေ့သောအခါ “ အရှင့်သား သင်၏ဥယျာဉ်ခြံကို အရံပြုလုပ်ရန် ( ကျောင်းဆောက်လုပ်ရန် ) ကျွန်ုပ်အား ပေးပါ ရောင်းပါ ” ဟု ၀ယ်ယူ လေတော့၏၊
“ တစ်သက်လုံးပျော်ချင် ဥယျာဉ်စိုက် ” ဆိုသည့်အတိုင်း သူ့တစ်သက် သူ့အတွက် ဤဥယျာဉ်ခြံလေးသည် စိတ်အပမ်းဖြေစရာ ဖြစ်၏၊နွမ်းနေသောစိတ်များပင် ဤဥယျာဉ်
သို့ရောက်လျှင် လန်းလာတော့၏၊ အပမ်းဖြေစရာ သစ်ရိပ်ဝါးရိပ်များ အဆာပြေစားစရာ
သီးပင်မျိုးစုံများ လေကောင်းလေသန့်နှင့်အတူ မွှေးပျံ့သင်းကြိုင်သော ပန်များကလည်း စုံလင်လှပေ၏၊ထို့အပြင် ကြာဖြူ ကြာနီ ကြာညို ကြာတံဆိပ် ကြာခေါင်းလောင်း (ကြာပဒုမ္မာ) ကြာမျိုးပေါင်းစုံတို့ဖြင့် လှချင်တိုင်းလှ နေသော ရေကန်သည်လည်း ကြည် လင်အေးမြ ကြက်သရေရှိလှပေ၏။ထို့ကြောင့်ဇေတမင်းသားသည်သူ့ဥယျာဉ်ကို ချစ်၏၊ သူ့ဥယျာဉ်ကို မြတ်နိုး၏၊သူ့ယျာဉ်ကို တန်ဘိုးထား၏။အမြဲတန်းလည်း ပြုပြင်နေ၏။
ယခု လူအများက တလေးတစား အနာထပိဏ်ဟု ခေါ်နေကြသော သာဝတ္ထိမြို့၏ မျက်
နှာဖုံး လူချမ်းသာ သုဒတ္တသူဌေးသည် သူ့ဥယျာဉ်ခြံမြေကို အရံပြုရန်(ကျောင်းဆောက် ရန်)အတွက်ဟုလာရောက်ဝယ်ယူနေလေပြီ၊မရောင်းပါဟုဆိုရန်လည်းမသင့်၊ထို့ကြောင့် သူ့စိတ်ထဲ မဖြစ်နိုင်ဟုထင်သော စကားတစ်ခွန်းကို သူ သုဒတ္တကို ပြောလိုက်၏။
ဇေတမင်းသား သုဒတ္တသူဌေးကို ပြောလိုက်သောစကားမှာ “ သူဌေးမင်း အသပြာစွန်း ချင်းထိအောင် ခင်းခြင်းဖြင့်သာလျှင် ဤဥယျာဉ်ခြံကို ပေးထိုက်၏ ” ဟု ဖြစ်၏၊
(ယင်းစကားရပ်သည် သာဝတ္ထိ၏ ဥပဒေအရ မြေသားအထက် ငွေပြားယှက်၍ ၀ယ်နိုင် လျှင် ရောင်းမည်ဟူသော သဘောသက်ရောက်၏ )
စကားအရာ ဥပဒေအရာ လိမ္မာပါးနပ်သော သုဒတ္တသည် အရှင့်သား ဤဥယျာဉ် ခြံကိုယူပြီးပြီးဟုပြော၏၊ဇေတမင်းသားက ရောင်းမည်ဟု မပြော၍ မယူရသေးဟု ငြင်း၏၊ ဤသို့ ယူပြီးပြီး မယူရသေး ငြင်းခုံကြရင်းဖြင့် သူတို့သည် ဥပဒေကြောင်းအရ အဆုံးအဖြတ်ခံယူရန် တရားသဖြင့်ဆုံးဖြတ်ပေးသော တရားသူကြီးထံသွားရောက်ကြ၍ အမှုကို အပ်ကြ၏၊တရားသူကြီးသည် အမှုသွားအမှုလာကို သေသေ ချာချာ စိစစ်၏၊ သေချာတိကျအောင်မေးမြန်း၏၊ထို့နောက်တော့ ဇေတမင်းသားအား “ အရှင့်သား သင်သည် အဖိုးဖြတ်ပြီးဖြစ်သောကြောင့် သုဒတ္တသည် အရံ (ဥယျာဉ်ခြံ) ကိုယူအပ်၏ ” ဆုံးဖြတ်ပေးလိုက်၏။
ထိုအခါ သုဒတ္တသည် လှည်းတို့ဖြင့် ငွေအသပြာကို ထုတ်စေယူ ဇေတမင်းသား၏ခြံမြေ ကို အသပြာ အစွန်းချင်းထိအောင် ခင်းခြင်းဖြင့် ခင်းစေ၏၊(ရေကန်- သစ်ပင်ကြီးများ နေရာ၌ ပေကြိုးဖြင့်တိုင်းတာစေ၍ အစားထိုးခင်း၏) ထုတ်ယူလာသော ငွေတဆယ့် ရှစ်ကုဋေ (သန်း၁၈၀) သည် တံခါးမုခ်ဝန်းကျင်နေရာ အနည်းငယ်လိုနေ သည့်အတွက် သူ့ လူများကိုငွေပြန်၍ယူရန် ပြောနေ၏။
ဇေတမင်းသားသည် သုဒတ္တ၏လုပ်ရပ်ကို ကြည့်၍ “ သုဒတ္တသူဌေးသည် များပြားသော ငွေအသပြာကို စွန့်လွှတ်၏၊ ဤကိစ္စသည် ယုတ်ညံ့လိမ့်မည်မဟုတ်၊မြင့်မြတ်သော လုပ်ရပ်သာ ဖြစ်တန်ရာ၏ငါသည်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်သင့်၏ ”ဟု ကြံစီနေ၏၊ထို့နောက်သုဒတ္တသူဌေးအားဇေတမင်းသားက“သူဌေးမလိုတော့ပါ၊ခင်းရန် ကျန်နေသည့် နေရာ(တစ်ကွက်စာ)ကို မခင်းပါတော့နဲ့၊ ထိုနေရာကို ကျန်ုပ်အားပေးပါ၊ ဤ အလှူသည် ကျွန်ုပ်၏အလှူဖြစ်ပါစေတော့” ဟု ကုသိုပ်ပါဝင်ခွင်ပြုဖို့ ပြောကြား လိုက်၏၊သုဒတ္တသည်လည်း ( ခြံမြေရောင်းသော သူ၏ကျေးဇူးကို ထောက်ဆ၍လည်း ကောင်း ဇေတမင်းသားသည် ထင်ရှားသူဖြစ်၍ သူ့အတွက်ရော သာသနာအတွက်ရော အကျိုးများစေရန်ရည်ရွယ်၍လည်းကောင်း ) ကုသိုလ် ပါဝင်ခွင့် ပြုလိုက်၏၊ဇေတမင်း သားသည် ထိုနေရာကို တစ်ကုဋေ(သိန်းတစ်ရာ)အကုန်ကျခံကာ ပန်းကနုတ်တို့ဖြင့် စီချယ်ထား သော လှပဆန်းကြယ်သည့် မုခ်ဦးကို လှူဒါန်းလေ၏။
သုဒတ္တသည် ခြံမြေငွေပေးချေပြီးသည့်နှင့်တစ်ပြိုင်နက် သူ၏ ကျောင်းဆောင် ဆောက်
လုပ်ရေးလုပ်ငန်းကို စတင်တော့။
ဥယျာဉ်၏ အလယ်ဗဟိုလ်နေရာ၌ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရန် တစ်သိန်းစီ ကုန်ကျသော “ ဂန္ဓကုဋီ - ကရေရိကုဋီ - ကောသမ္ဗကကုဋီ ” ဟူသော စံကျောင်းတော်
တို့ကိုဆောက်၏၊(ပေဿနဒီကောသလမင်းကြီးသည်လည်းတစ်သိန်းတန်“သလဠာဂါရ ကုဋီ ” စံကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းထား၏)၊ဂန္ဓကုဋီ၌ ဘုရားရှင်အများဆုံး
သီတင်းသုံးတော်မူ၏၊
ဂန္ဓကုဋီစံကျောင်းတော်တို့ကို ၀န်းရံ၍ အသီတိမဟာထေရ်တို့ (မထေရ်ကြီးရှစ်ဆယ်)သီ
တင်းသုံးရန် တစ်ပါးနေကျောင်းတို့ကိုလည်းကောင်း၊ဟင်္သာတောင်အမွန်းရှိသော ရှည်
သောတန်ဆောင်းမဏ္ဍပ်စသောအစွမ်းအားဖြင့်ကြွင်းသော ကျောင်းတို့ကိုလည်းကောင်း
စည်းဝေးရာခန်းမ၊ကပ္ပိယကုဋီ၊၀စ္စကုဋီ၊ပဿာဝကုဋီ၊ မီးတင်းကုပ်၊ ရေကန်၊ ချွေးထုတ်
ရာဇရုံးအိမ်၊ စင်္ကြံ ၊ဇရပ်၊ ညဥ့်သန့်ရာ၊ နေ့သန့်ရာတို့ကို လည်းကောင်း တဆယ့်ရှစ် ကုဋေအကုန်အကျခံ၍ဆောက်လုပ်လှူဒါန်းလေ၏၊
ကျောင်းတော်ဆောက်လုပ်ပြီးလျှင်ပြီးခြင်းပင် ရာဇဂြိုဟ်မှ ရှင်တော်မြတ်ဘုရားနှင့် သံ ဃာတော် အရှင်မြတ်တို့ကို ပင့်လျှောက်၍ ကျောင်းရေစက်ချ ကျောင်းလွှတ် သဘင်ကို ပြုလုပ်လေ၏၊ ဇေတ၀န်ကျောင်းတော်၏ မြေ၀ယ် ကုန်ကျစရိတ် တဆယ့်ရှစ်ကုဋေ၊ ကျောင်းဆောက်ရာ၌ ကုန်ကျစရိတ်တဆယ့်ရှစ်ကုဋေ၊ကျောင်းရေစက်ချ ကျောင်းလွှတ် သဘင်ကုန်ကျစရိတ် တစ်ဆယ့်ရှစ်ကုဋေ၊ စုစုပေါင်းကုန်ကျစရိတ်ငါးဆယ့်လေးကုဋေ (သန်းပေါင်း ၅၄၀) အကုန် အကျ ခံကာ လှူဒါန်း လေ၏၊
သုဒတ္တ၏ကျေးဇူးသုဒတ္တ၏အကျိုးဆောင်မှုကြောင့်သာဝတ္ထိမြို့၏သာသနာ့အရောင်အ၀ါ
သည် နေလို လလို ထွန်းလင်းလာတော့၏၊( သာဝတ္ထိ၌ လူဦးရေ သန်း(၇၀)ရှိ၏၊) လူဦးရေ ခုနှစ်ပုံ ငါးပုံသည် အရိယာများဖြစ်သွားကြ၏၊သုဒတ္တ ဆောက်လုပ်လှူဒါန်း သော “ ဇေတ၀န်ကျောင်းတော်သည် ” သာသနာတော်၏ ဗဟိုလ်ဌာနချုပ်ဖြစ်လာ တော့၏။ဇေတ၀န်ကျောင်းတော်၌ ရှင်တော်မြတ်ဘုရားသည် “ ၁၉ ” ၀ါ- ၀ါဆိုဝါကပ်၍ လူနတ်ဗြဟ္မာတို့၏ အကျိုးစီးပွါးအလို့ငှာ ချမ်းသာရန်အလို့ငှာ “ ဓမ္မ ” များကို ဖြန့်ဖြူး တော်မူ၏၊ ယနေ့ထက်တိုင် သာသနာထွန်းကားသော နေရာတိုင်း၌ “ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ ( သုဒတ္တဿ) အာရာ မေ” ဟူသောအသံကို ကြားနေရဆဲဖြစ်ပါ၏။သာသနာတည်နေသ၍ နောင်လည်းကြား
နေရအုံးမည်သာ ဖြစ်ပါ၏၊
ရှင်တော်မြတ်ဘုရားသည် သုဒတ္တအား “ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါဘုရား၏
တပည့် ဥပါသကာတို့တွင် သုဒတ္တမည်သော အနာထပိဏ်သူဌေးသည် အမြတ်ဆုံး အ သာဆုံးဖြစ်၏” ဟု(သာသနာတစ်ရပ်လုံး၌တစ်ဦးတည်းသာ ရသော)“ ဧတဒဂ်ရာထူး ” ကို ပေးတော်မူ၏။
(သုဒတ္တကွယ်လွန်သောအခါ တုသိတာနတ်ပြည်၌ နတ်သားဖြစ်၏၊ဖေါ်ပြပါ စကားရပ် များသည် နတ်သားဖြစ်ပြီးသည့်နောက် ဇေ၀န်ကျောင်းတော်သို့လာ၍ မြတ်စွာဘုရား ရှင်ကိုလျှောက်ထားသော စကားရပ်များ ဖြစ်ပါ၏)
ဤဇေတ၀န်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်းဖြစ်၏၊
တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးရာလည်း ဖြစ်၏၊ထို့ကြောင့်
ငါအား နှစ်သိမ့်မှုပီတိကို ဖြစ်စေ၏။
“အလုပ်ကိစ္စ အသိဥာဏ် တည်ကြည်မှု ကိုယ်ကျင့်သီလ မြတ်သောအသက်မွေးမှု”
ဟူသော ဤတရာအပေါင်းကြောင့် သတ္တ၀ါတို့သည် စင်ကြယ်ကုန်၏၊အမျိုးအနွယ်
ကြောင့်လည်းကောင်း ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။
ထို့ကြောင့်သာလျှင် ပညာရှိသောပုဂ္ဂိုလ်သည် မိမိ၏အကျိုးစီးပွါးကို ရှုမျှော်၍ သင့်
လျှော်သောအကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ဤသို့ ဆင်ခြင်သည်
ရှိသော် အရိယာမဂ်တရားတို့၌ စင်ကြယ်၏။
အကြင်ရဟန်းသည် (တစ်ဖက်ကမ်း)နိဗ္ဗာန်သို့ ရောက်၏၊ထိုရဟန်းသည် ဤတစ်ဖက်
ကမ်း(နိဗ္ဗာန်)သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ အရှင်သာရိပုတ္တရာသည်သာလျှင်
ပညာဖြင့်လည်းကောင်း သီလဖြင့်လည်းကောင်း ငြိမ်သက်ခြင်းဖြင့်လည်းကောင်း
ထို ( တစ်ဖက်ကမ်းနိဗ္ဗာန်)သို့ ရောက်သောရဟန်းဟူသမျှထက် မြတ်၏၊
( သုဒတ္တကဲ့သို့ ပေးဆပ်ခြင်းဖြင့် ပျော်မွေ့သူများ ဖြစ်နိုင်ကြ၍ လောကကို လှသထက်
လှအောင် ဘ၀ကို လှသထက်လှအောင် တည်ဆောက်နိုင်ကြပါစေ..)
ပိုင်ဆိုင်မှု အတွက်
အပြိုင်လုနေကြသော လောကမှာ
ငါ .ပေးဆပ်ခြင်းဖြင့် အလှဆင်မယ်။
ဖျက်ဆီးခြင်းဖြင့်
ပျက်စီးအောင် လုပ်နေသူတို့အကြားမှာ
ငါ . ဖြည့်ဆည်းခြင်းဖြင့် အလှဆင်မယ်။
ဘယ်သူတွေ တရားပျက်ပျက်
အမှားမဆက်ဖို့ အတွက်
တရားလက်နက်ကို သုံး
ငါ .ပြုံးပြုံးလေးပဲ နေတော့မယ်။
ဖတ်မိ..မှတ်မိသမျှ...ပြီးပါပြီ။
[Reference: Myanmar Friends Group Website]
No comments:
Post a Comment