Wednesday, May 11, 2011

အစစ်အမှန်နားထောင်နည်း (Genuine Listening)

နားရွက် ပုံစံငါးမျိုးကို အမှန်တကယ်နားထောင်တာလို့ ပြောနိုင်ပါ့မလား။ ဘယ်လိုမှ ပြောနိုင်စရာမရှိပါ။ ဒါဖြင့်ရင် အမှန်တကယ်နားထောင် တယ်ဆိုတာ ဘာလဲ။ ဒါမျိုးရှိကော ရှိလို့လား။ အသေအချာကို ရှိပါတယ်။ ဒါကို အစစ်အမှန် နားထောင်နည်းလို့ ခေါ်ကြာတာပါ။ ဒါပေမဲ့ အစစ်အမှန် နားထောင်တတ်ဖို့ ဒါတွေကိုတော့ လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။


၁။ နားနှင့်သာမက မျက်စိနဲ့ရော၊ နှလုံးသားနဲ့ပါ နားထောင်ပါ။

နားနဲ့သာ နားထောင်ရင်၊ စကားလုံးတွေသာ ကြားပါလိမ့်မယ်။ တကယ်တော့ စကားလုံးဆိုတာ လူမှုဆက်ဆံရေးရဲ့ ၇% လောက်ကိုသာ ဖော်ပြနိုင်စွမ်းရှိပါတယ်။ ၅၃% ကိုတော့ ခန္ဓာကိုယ်ဘာသာစကားနဲ့ ဖော်ပြကြတယ်။ ဒါကို မျက်စိနဲ့ နားထောင်မှ ရပါတယ်။ ကျန်တဲ့ ၄၀% ကို ဖော်ပြတာကတော့ လေယူလေသိမ်း အသံအနိမ့်အမြင့်နဲ့ ခံစားမှုတို့ဖြစ်ပါတယ်။ ဒါမျိုးကိုတော့ နှလုံးသားနဲ့ နားထောင်မှ ကြားနိုင်ပါလိမ့်မယ်။

ငါ့မျက်နှာ ငါရှိသည်မဟုတ်
အရုပ်မျက်နှာဖုံး၊ ပြုံးပြနှုတ်ဆက်
ငါ့ကိုယ်ခန္ဓာ ငါရှိသည်မဟုတ်
မုသားအလင်္ကာ သာယာနာပျော်
ငါဘယ်မှာလဲ
ရင်ထဲ စူးနစ်
အတ္တစစ်ကို
ချစ်ခြင်းဖြင့်သာ သိနိုင်လိမ့်...........။ ။

၂။ သူများဖိနပ်နဲ့ ရပ်နိုင်ပါစေ။

ခေါင်းကြည့်တာနဲ့ အလွယ်နားလည်ချင်မှ နားလည်လိမ့်မယ်။ ဟောဒီစကားပုံလေးနဲ့ ဆက်စပ်ကြည့်လိုက်ပါ၊ သူများဖိနပ်နဲ့ လမ်းလျောက်နိုင်ဖို့ ကိုယ့်ဖိနပ်ကို အရင်ချွတ်ရတယ်။ ဆိုလိုတာက သူများပြောတာကို ကိုယ့်တစ်ဖက်သတ်အမြင်နဲ့ နားမထောင်ပါနဲ့။ သူ့အမြင် ဘယ်လိုရှိမလဲဆိုတာ နှလုံးသွင်းပြီးမှ နားထောင်ပါ။ ဒါမှသာ ပြောသူနဲ့ နားထောင်သူကြားမှာ အစ်အမှန် နားလည်မှုရနိုင်စရာ ရှိပါတယ်။ ဒါမျိုးကိုမှ အစစ်အမှန် နားထောင်တာလို့ ခေါ်နိုင်မှာပါ။

၃။ မှန် လိုကျင့်ပါ

ကြည့်မှန် (ကြေးမုံ)ဟာ ဘယ်လိုတုန့်ပြန်တတ်သလဲ။ အားလုံးသိပါတယ်။ မှန်ကြည့်လိုက်ရင် လှလိုက်တာ (သို့) အကျည်းတန်လိုက်တာ လို့ မှန်က စီရင်ချက်မချဘူး။ ပြုံးလိုက် ခေါင်းလေးမော့လိုက် လို့လဲ အကြံမပေးဘူး။ မှန်ရဲ့အလုပ်က အရှိကို အရှိအတိုင်းရောင်ပြန် ဟပ်ပေးတာဖြစ်ပါတယ်။ နားထောင်ရာမှာလဲ ..မှန်...လိုကျင့်ဖို့လိုပါတယ်။ ဆိုလိုတာက ပြောသူရဲ့ ခံစားမှုကို တူညီတဲ့ ခံစားမှုနဲ့ ရောင်ပြန်ဟပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင်အတွင်းကျကျ ဆက်သွယ်နိုင်ဖို့ လမ်းပွင့်သွားပါလိမ့်မယ်။
ဒီနေရာမှာ ..မှန်..နဲ့ ..ကြက်တူရွေး...ကိုတော့ မရောမိဖို့ အရေးကြီးတယ်။ ကြက်တူရွေးဆိုတဲ့ စကားအိုးငှက်ကလေးဟာ ကိုယ်ပြောသမျှကို တစ်သေဝေမတိမ်း လိုက်ပြောတတ်တယ်လေ။ နားထောင်သူဟာ ကြက်တူရွေးလို ကျင့်လိုက်ရင် ပြောတဲ့သူက ဘာထင်မလဲ။ သူပြောသမျှကို ..........၏ ....သည်..မလွဲ... ပြန်ရွတ်နေတော့ သူ့ကို မထီလေးစားနောက်ပြောင်တယ် မှတ်မှာပေါ့။ ..မှန်..က ဒါမျိုးမဟုတ်ဘူး။ ခံစားမှုကို ရောင်ပြန်ဟပ် စာနာပေးတာမျိုးဖြစ်တယ်။

ကြက်တူရွေးအကျင့် မှန်လိုအကျင့်
- စကားအတိုင်းထပ်ရွတ် - အဓိပ္ပါယ်ကို ပြန်ဖော်။
- စကားလုံးအတိအကျတစ်သဝေမသိမ်း လိုက်ပြော - ကိုယ့်စကားနဲ့ကိုယ်ပြန်ပြော
- အေးတိအေးစက်နဲ့ စိတ်မ၀င်စားသလို တုန့်ပြန် - နွေးနွေးထွေးထွေးနဲ့ ဂရုတစိုက်တုံ့ပြန်။ ။

ရင် ကို ဖွင့်

အခုထိပြောခဲ့တာ ပဉ္စမအကျင့်ရဲ့ ပထမတစ်ဝက်ပဲ ရှိပါသေးတယ်။ ပထမဆုံး သူများကို နားလည်အောင်ကြိုးစား (Seek First to Understand) ဆုတဲ့အပိုင်းပါ။ မပြည့်စုံသေးပါဘူး၊ ဒုတိယတစ်ဝက်ကျန်သေးတယ်။ ကိုယ့်ကိုလဲ သူများက နားလည်နိုင်ပါစေ (then to be understood) ဆိုတဲ့ အပိုင်းပေါ့။ ပထမပိုင်းမှ တွေးတွေးဆဆရှိဖို့က အရေးကြီးပါတယ်။ ဒုတိယပိုင်းမှာတော့ သတ္တိရှိဖို့က အခရာ ကျပါတယ်။
ဘယ်လိုသတ္တိရှိရမှာလဲ။ ဟန်မဆောင်နဲ့ ပွင့်လင်းပါ။ ဟန်ဓါတ်မခုတ်နဲ့၊ ရိုးသားပါ။ သူများက ကိုယ့်ကို ဘယ်လိုဘယ်ညာ ထင်မှာတွေ မတွေးပူပါနဲ့။ အရှိကို အရှိအတိုင်းမြင်နိုင်အောင် ဖွင့်ပြပါ။ အဲဒီအတွက် ကိုယ်နဲ့ပတ်သက်လို့သူများရဲ့ တုံ့ပြန်မှုတွေကို လိုလိုချင်ချင်တောင်းခံဖို့လိုသလို၊ တလေးတစားတန်ဖိုးထားဖို့လဲ လိုပါတယ်။ ဒါမှသာ ကိုယ်တိုင်ကရော သူများကပါ ကိုယ့်ကို ပိုနားလည် နိုင်ကြပါလိမ့်မယ်။
နောက်ထပ် အရေးကြီးတာတစ်ခုက နေရာတကာ မြုံစိမြုံစပ်မလုပ်မိဖို့ပါ။ ရင်ထဲက မကျေနပ်ချက်တွေ၊ စိုးရိမ်သောကတွေကို ကြာရှည်ကြာမော မျိုသိပ်ထားတာ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဖွင့်ထုတ်မပစ်တဲ့ ခံစားမှုဆိုတာ ဘယ်တော့မှ သေဆုံးတယ်မရှိဘူး။ နေမြင့်လေ အရူးရင့်လေဆိုသလို တဖြည်းဖြည်း အစိုင်အခဲ ဖြစ်လာပြီး ဆိုးဆိုးဝါးဝါး ပုံသဏ္ဌာန်တွေနဲ့ အချိန်မရွေး ကန်ထွက်တတ်တယ်။ ဒါဟာ ကိုယ့်ကိုယ်ကို နားလည်အောင် မကြိုးစားသလို သူများက ကိုယ့်ကိုနားလည်ရေးအတွက် လုံလောက်အောင် မပွင့်လင်းလို့ ဖြစ်နိုင်ပါတယ်။ ။

လူမှုဗေဒပညာရှင်တွေက လူအဖွဲ့အစည်းတစ်ခု အဓွန့်ရှည်တည်တံ့နိုင်ဖို့ ယုံကြည်မှုဝင်ရိုး က အရေးအကြီးဆုံးလို့ ဆိုစမှတ် ပြုကြတယ်။ ယုံကြည်မှုဝင်ရိုး တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ကတော့ နားလည်မှု ပါ။ အပြန်အလှန် နားလည်မှုကို အရယူဖို့ဆိုရင်တော့ နားကိုစွင့်ထားဖို့လိုသလို ရင်ကိုဖွင့်ထားကြဖို့လဲ လိုအပ်ပါလိမ့်မယ်။ ။ ။

လင်းထက်ဇော် ရေးသားထားသော စားသားများမှတစ်ဆင့် သူငယ်ချင်းများအား ပြန်လှန် မျှဝေထားပါသည်။

No comments:

Post a Comment