Thursday, May 19, 2011

ပေးကမ်းခြင်း

“ဒါနဉ္စ ဓမ္မစရိယာစ “ တဲ့။ ပေးကမ်းခြင်းသည် အောင်မြင်ကြောင်း။ ပေးကမ်းခြင်းသည် ပြည့်စုံကြောင်း။ ပေးကမ်းခြင်းသည် တိုးတက်ကြောင်း၊ ကြီးပွားကြောင်း။

ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစွှည်းက ကိုယ်မသုံးလည်း ရတယ်။ တစ်ခါတစ်လေ သုံးလည်းမသုံးပါဘူး။အဲ့ဒါကို ပေးတာကောင်းသလား ။ မပေးပဲထား တာကောင်းသလား။

ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစွှည်းတွေ ဘယ်လောက်များနေမလဲ။ မြန်မြန်သာပေးလိုက်တော့။ တော်တော်တော့ ခက်သားပဲနော်။ ပေးချင်ရက်နဲ့ ယူမယ့်လူမရှိလို့ တော်တော်ခက်နေတယ်။ ဒါကတော့ ပစ္စည်းအနေနဲ့ ပြောပြတာပါ။ ဘာဖြစ်ဖြစ် ကိုယ်ပေးနိုင်တာကို ပေးဖို့လိုတယ်။ ပေးနိုင်တဲ့စိတ်နဲ့ မပေးနိုင်တဲ့စိတ် ဒီလိုစိတ်ထားနှစ်ခုကို ယှဉ်ကြည့်လိုက်စမ်းပါ…. ဘယ်စိတ်က အဆင့်အတန်း မြင့်သလဲ။ ပေးနိုင်တဲ့စိတ်က အဆင့်အတန်းမြင့်တယ်နော်။

အောင်မြင်ရေးနဲ့ပက်သက်တဲ့စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအကြောင်းလည်း အများကြီဒဖတ်ဖူးတယ်။ တချို့ပညာရှင်တွေက ဘယ်လိုပြောသလဲ ဆိုတော့…

ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆိုတာက ကိုယ့်အောင်မြင်မှုကို ပိုပြီးတော့ဖော်ပြပါတယ်။ ဘယ်လောက်အောင်မြင်တယ်ဆိုတာ လူသားတွေအတွက် ကိုယ်ဘယ်လောက်အကျိုးဆောင်ရွက်နိုင်လဲဆိုတာ ကြည့်ပြီးတော့ တိုင်းတာရမှာ။ ကိုယ်ဘယ်လောက်ရတယ်ဆိုတာကို ကြည့်ပြီးတော့ တိုင်းတာလို့မဖြစ်ဘူး။

ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်

လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီးရတယ် ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့ကိုမှ မပေးဘူး။ သူများလည်း မပေးဘူး။ သူလည်းမစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲ့ဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား ။ မဆိုနိုင်ဘူးနော်။

ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးစွဲဖို့ထားရမှာပဲ။ တစ်ခြား ပေးသင့်ပေးထိုက်တဲ့သူတွေကိုလည်းပဲ ပေးရမှာပဲ။ အဲ့ဒီလိုပေးနိုင်တဲ့စိတ်ထားဟာ တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားဖြစ်တယ်။

တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှ အကုန်လုံးပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက်ပေးရမယ် ။ ပေးသင့်တဲသူကိုပေးရမယ်။ ပေးတာလည်း ဉာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။

အဲဒီလို ကိုယ်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်ကပေးလိုက်ရလို့ တစ်ဖက်သားမှာ အဆင်ပြေသွားတာကို စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားတာကို မြင်တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ်ကြောင့် သူများ စိတ်ချမ်းသာသွားတာ တစ်ခုလည်း ပါတယ်နော်။

သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန

ပေးနိုင်တဲ့စိတ်ဟာ တော်တော်စိတ်ချမ်းသာတဲ့စိတ်ပဲ။ မပေးနိုင်တဲ့စိတ်ဟာ မွဲနေတဲ့စိတ်ပဲ။ လူချမ်းသာသောစိတ်နဲ့ လူမွဲစိတ် ဒီနှစ်ခု စဉ်းစား ကြည့်နော်။

ဘယ်လောက်ပဲရှိရှိ မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်ဟာ မွဲနေတဲ့စိတ် ဆင်းရဲတဲ့စိတ် ချို့တဲ့စိတ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ပေးနိုင်တယ် မျှနိုင်တယ်ဆိုရင် အဲ့ဒီစိတ်က ချမ်းသာတဲ့စိတ်။

ဒီလိုပေးခြင်းဟာ ကိုယ်ရဲ့စိတ်ထားကို မြှင့်ပေးတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပေးခြင်းဟာ စွန့်လွှတ်ခြင်းပဲနော်။ ဥပမာ သံဃာတော်တွေကို တစ်ခုခုလှူတယ်၊ ကပ်တယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့အရာ အကောင်းဆုံးအရာကို လှူလိုက်တာပဲနော်။ ဆွမ်းဆိုလည်းပဲ အကောင်းဆုံးကို စီစဉ်ပြီးမှ သွားလှူလိုက်တာပဲနော်။ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပေးလိုက်တယ်။ လှူလိုက်တယ်၊ စွန့်လိုက်တယ်။ ကိုယ့်ရဲ့ပိုင်ဆိုင်မှု့ကို စွန့်လွှတ်လိုက်တာနော်။

ဘုန်းကြီးက စဉ်စားကြည့်တယ်။ ကုသိုလ်တရားမှန်သမျှ နောက်ဆုံးကျတော့ အဓိပ္ပာယ်ကောက်လိုက်ရင် စွန့်လွှတ်ခြင်းပါပဲ။ ဒါနဆိုလည်း စွန့်လွှတ်ခြင်းပဲ၊ သီလဆိုလည်းပဲ စွန့်လွှတ်ခြင်းပါပဲ။ သူ့အသတ်ကိုသတ်မဲ့အစား မသတ်တော့ဘူး။ သူ့ကို ဘေးမဲ့ပေးလိုက်တယ်။ အဲလိုအဓိပ္ပာယ်ကောက်ကြည့်စမ်းပါ။ သူများပစ္စည်းကို ခိုးယူချင်တာ မယူဘူး။ မယူခြင်းသည်ပင်လျှင် တစ်ဖက်သားကို စိတ်မဆင်းရဲအောင် လုပ်လိုက်တာနော်။ ကိုယ်ကြောင့် သူတစ်ပါး စိတ်မဆင်းရဲတော့ဘူး။ ဒါကြောင့် ငါးပါးသီလကို မဟာဒါနလို့တောင် သုံးထားတာ။ ပါဋ္ဌိစာပေမှာ ရှိတယ်။

သီလစောင့်ထိန်းခြင်းသည်ပင်လျှင် ကြီးမားသောဒါန ဖြစ်တယ်။ သူတစ်ပါးကို ဘေးကင်းခြင်း၊ စိုးရိမ်ကင်းခြင်းကို ပေးတာနော်။ အကယ်၍ လူတိုင်း ငါးပါးသီလမြဲနေရင် ဘယ်နှယ့်နေမလဲ။ လူတွေအားလုံး ဘေးရန်ကင်းနေမှာ။


ဒါနကလည်း ပေးခြင်းဆိုတဲ့အဓိပ္ပာယ်ပါသလို သီလတောင်မှ ပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ပါနေတယ်။ ဘေးရန်ကင်းခြင်း ။ ကြောင့်ကြမှု့ ကင်းခြင်း၊ စိုးရိမ်မှုကင်းခြင်းကို ပေးလိုက်တာ ။ အဲ့ဒါ ပိုတောင် မြင့်မြတ်တဲ့ ပေးခြင်းဖြစ်သွားတယ်။

ဘုန်းကြီးဆိုရင် တပည့်တွေကို ဘယ်လောက်ထိအောင် ဆုံးမသလဲ၊ ဘယ်လောက်ထိအောင် သင်ပေးလဲဆိုရင် ကားမောင်းသွားနေရင်းနဲ့ နောက်ကားက ကျော်တတ်ချင်ရင် လမ်းပေးလိုက်ပါ။ အဲ့ဒါလည်း ငါသူ့ကို ဒါနတစ်ခုပေးလိုက်တာလို့ ယူဆလိုက်ပါ။ ဒါလည်းပဲ ပေးခြင်းတစ်မျိုးပါပဲ။ လမ်းပေးလိုက်တာ ဘယ်သူမှ လမ်းကိုမပိုင်ပါဘူး။ သွားခွင့်ပေးလိုက်တာ။ သူသွားပါစေ။ လမ်းပိတ်ပြီးတော့ မမောင်းပါနဲ့။ နောက်က ကျော်တတ်ချင်တဲ့သူတွေကို လမ်းပေးလိုက်ပါ။ အဲဒီလို တစ်နေတာအတောအတွင်းမှာ သွားရင်းလာရင်းနဲ့ ကိုယ်လုပ်လို့ရတဲ့ ပေးကမ်းခြင်းတွေက အများကြီးရှိတယ်။

အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။

တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်တာလည်း ပေးခြင်းတစ်မျိုးပါပဲ။ ပစ္စည်းပေးမှ ပေးတယ်လို့ မယူဆဘူး။ လမ်းမှာ လူတစ်ယောက်ကိုတွေ့တဲ့အခါ အပြုံးပေးလိုက်တာကိုက ဒါ တော်တော်တန်ဖိုးရှိတယ်နော်။

တစ်နေ့တာအတွင်းမှာ သွားရင်းလာရင်းနဲ့ကိုယ် ပေးနိုင်တာတွေ ဘယ်လောက်များလဲဆိုတာ စဉ်းစားကြည့်။ လမ်းလျှောက်သွားရင်းနဲ့ လမ်းကျပ်နေတယ်ဆိုရင် လမ်းဖယ်ပေးလိုက်ပါ။ သူသွားပါစေ။

ပေးနိုင်တဲ့စိတ် များများမွေးပါ။ အဲဒီလိုမွေးနိုင်တဲ့လူဟာ သူ့စိတ်ထားမြင့်လာမယ်။ စိတ်ထားမြင့်လာရင် စိတ်ထားနဲ့တန်တဲ့ဘဝကို ရမယ်။  ဒီစကားကို ဘုန်းကြီးကပြောတာ အကြိမ်ပေါင်း တော်တော်များပြီ။ ကိုယ်စိတ်ထားနဲ့တန်တဲ့ဘဝကို ရမှာပါ။ မတန်တဲ့ဘဝကိုတော့ ရမှာ မဟုတ်ဘူး။

စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ဘဝကို မရဘူး.။ စိတ်ထားမြင်မြတ်ရင် မြင့်မြတ်တဲ့ အသိဉာဏ်မျိုးကို ရမယ်။ စိတ်ထားနိမ့်ရင် မြင့်မြတ်တဲ့ အသိဉာဏ်ကို မရနိုင်ဘူး။

(ဆရာတော်ဦးဇောတိက ၏ မင်္ဂလာတရားတော် စာအုပ် မှ ပြန်လည် ရေးသားဖော်ပြပါသည်။)

အားလုံးမင်္ဂလာအပေါင်းနဲ့ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ကျေးဇူတင်စွာဖြင့်.
ဧကရီ.

No comments:

Post a Comment