Sunday, May 29, 2011

*လမ်းဖြောင့်စွာလေ.. လှမ်းလျှောက်ကာနေ..*

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏
စူဠသိဿကောဝါဒကျမ်း
သဗြဟ္မစာရီသု မေတ္တာဖရဏိယအရဏဝိဟာရကထာ

 သူတစ်ပါးအပြစ်ကို မရှုရ

သဗြဟ္မစာရီသု မေတ္တာဖရဏိယအရဏဝိဟာရကထာ၌လည်း-


(၁)
“ဝဲသြဃအမှော်တွင် သူတစ်ပါးတို့ လှေကို မနေနိုင် မျှော်၍ စီရင်ပြောဆိုမိသည်အတွင်း မိမိလှေတစ်စင်းလုံး နစ်၍ သွားလေသည့်ပမာ သူတစ်ပါးတို့၏ အပြစ်ဒေါသကို မနေနိုင်အပြစ်တင်မိ ရှုမိသည့်အတွက်မိမိ၌ ဒေါသမီးဖျက်ဆီး၍ ဓမ္မန္တရာယ်ကြီး ဖြစ်တတ်သောကြောင့် သူတစ်ပါးတို့၏ အပြစ်ကို မရှု မိမိ၏ အပြစ်ကိုသာ ကောင်းစွာရှု၍ နေကြရမည်” ဟောတော်မူသည် များကိုလည်းကောင်း၊


(၂)
“သူတစ်ပါးတို့ကို ပြစ်တင်ကဲ့ရဲ့၊ အရွဲ့တစောင်း၊ မကောင်းကြံစည် ဆိုမြည်မိခြင်းကြောင့် သူတစ်ပါးတို့မှာ မထောင်းသာ၊ မိမိတို့သာလျှင် နိဗ္ဗုတာ အောင်ရပ်နှင့် ဝေး၍ သံသရာဘေး တွေ့ရတတ်ကြသည်” ဟူ၍ ဟောတော်မူသည်များကို လည်းကောင်း၊

မိမိအပြစ်ကိုသာရှု


(၃)
“သူတစ်ပါးတို့အား မျက်ကွယ်တစောင်း ချောင်းမြောင်းကဲ့ရဲ့၊ သူ့ရှေ့တည့်တည့်တွင်လည်း သူမခံချင်အောင် ရှုတ်ချ၊ ကျိုးကြောင်း ကာရဏကို မဆင်ခြင် အပြစ်တင်စော၊ အလျင်အမြန် ကဲ့ရဲ့ ပြောဆိုခြင်းကို မပြုကြဘဲ မိမိ၏အပြစ်ကိုသာ အမြဲရှု၍နေကြမှ ပစ္စုပ္ပန် သံသရာ ချမ်းသာစွာနေရသည်” ဟု အသျှင်သုဘူတိမထေရ် မိန့်အပ်သော စိုးရိမ်ကြောင့်ကြကင်း၍ ရှင်းရှင်းလွတ် ချမ်းသာစွာနေရသော အရဏဝိဟာရပဋိပဒါ အကျင့်များကို လည်းကောင်း၊


(၄)
“ကဲ့ရဲ့ ရွံရှာဖွယ်သော ပုဂ္ဂိုလ်များကိုပင် ထင်ရှားမြင်သော်လည်း မှော်အတိ ဖုံးအုပ်သော ရေကန်၌ မှော်ကိုဖယ်၍ ရေကိုသောက်သော သူ၏ပမာ မတော်သောအပြစ်ကို လျစ်လျူရှု၍ ထိုပုဂ္ဂိုလ်၌ ကြည်ညိုစရာ တစ်စုံတစ်ခုကိုရှာ၍ ကြည်ညိုရမည်” ဟု အသျှင်သာရိပုတ္တရာ မထေရ်ဆုံးမအပ်သော အာဃာတဝိနယ သြဝါဒများကို လည်းကောင်း၊


(၅)
ကိလေသာမာရ် ညှဉ်းဆဲတိုက်တွန်း၍ မမှားတန်မှားသဖြင့် အပါယ်လားရရှာလတ္တံ့ ဖြစ်သော ကောဓနပုဂ္ဂိုလ်တို့ကို မျက်မှောက် မြင်ရသည့်အခါ ဂဠုန်နားဝယ် နဂါး, ခြင်္သေ့လက်ဝယ် သား, ကျားခံတွင်းဝယ် ချေ, သမင်, ယုန်သူငယ်တို့ကို မြင်ရသည့် အခါများ၌ ထို ဘေးကြီးရောက်သော သတ္တဝါတို့အား သနားကယ်ဆယ်နိုင်လျှင် သနားသဖြင့် ကယ်ဆယ်ရသည်၊ မကယ်ဆယ်နိုင် လျှင်လည်း ထိုကျား၊ ခြင်္သေ့ဘေးများမှ ဝေးဝေးကြီး လွတ်အောင် ကိုယ်လွတ်ရှောင်ပြေး သွားရသည်။ ယင်းနည်းအတူ ထိုမသူတော် ပုဂ္ဂိုလ်တို့အား တရားအမြိုက်ဆေး တိုက်ကျွေး ကယ်ဆယ်နိုင်လျှင် သနားသဖြင့် ကယ်ဆယ်ရသည်၊ မကယ်ဆယ်နိုင်လျှင်လည်း ထိုပုဂ္ဂိုလ်တို့အား သနားခြင်း ကရုဏာ မေတ္တာစိတ်ကို နှံ့စေလျက် မိမိကိုယ်ကိုသာ ယင်းသို့သော မသူတော် အလဇ္ဇီ အကျင့်တည်းဟူသော မာရ်မင်း၏ လက်သို့ မရောက်ရအောင် အထူး သတိ ဆောင်အပ်သည့် သဘောများကိုလည်းကောင်း၊


(၆)
“အသူတစ်ရာ နက်လှစွာသော ချောက်ကမ်းပါး၌ ခင်း၍ထားအပ်သော တစ်ဖဝါးမျှ နင်းလောက်သော သစ်ပျဉ် သစ်တုံးကို လျှောက်၍ သွားရသောသူသည် အရပ်တစ်ပါးကို မျှော်၍ မကြည့်ဘဲ မိမိလျှောက်အပ်သော သစ်ပျဉ်ချပ်ကိုသာ ကြပ်ကြပ်စေ့စေ့ ကြည့်၍ သွားနိုင်မှ ချောက်ထဲသို့ ချော်၍မကျ အသက်ချမ်းသာ ရသကဲ့သို့ သံသရာချောက်ကမ်း နိဗ္ဗာန်လမ်းသို့ ကူးသန်း သွားကြရသော သူတို့သည်လည်း သူတစ်ပါးတို့၏ အပြစ်ကို မော်၍မကြည့်ဘဲ မိမိ၏သွားလာရာ သမထ ဝိပဿနာ နိဗ္ဗာန်လမ်းကိုသာ ဖြောင့်တန်းစွာ ကြည့်ရှု သွားလာရမည်” ဟု ဧကပဒိကသေတု ပမာဖြင့် ကောင်းစွာ ဟောကြားတော် မူအပ်သော မူလပဏ္ဏာသကျမ်းထွက် ဘုရားရှင်အမိန့်တော် အချက်များကို လည်းကောင်း

များများကြီး နှလုံးထားကြကုန်သည် ဖြစ်၍ သူတစ်ပါးတို့၏ အပြစ်ကို နှလုံးမသာမယာ မကဲ့ရဲ့ဘဲ မိမိတို့၏ အပြစ်ကိုသာ အခါခါရှု၍ မိမိကိုယ်ကိုသာ သူတစ်ပါးတို့ အပြစ်တင်စရာ မပေါ်လာရအောင် သတိအထူးဆောင်၍ ကောင်းမွန်စွာ နေထိုင်ကြရမည့် အကြောင်းများနှင့် ခြောက်ကြိမ်မြောက် သြဝါဒစကား တရားရေအေး တိုက်ကျွေးဆုံးမလိုက်သည် တစ်ရပ်။

သေဝိတဗ္ဗမိတ္တအင်္ဂကထာ – မိတ်ကောင်းအင်္ဂါရပ်များ


(၇)
သေဝိတဗ္ဗမိတ္တအင်္ဂ ကထာ၌လည်း- “မိတ်ဆွေခင်ပွန်းချင်း
၁) တစ်ပါးသည် တစ်ပါးအား ပေးလှူနိုင်ခဲသောဝတ္ထုကို ပေးလှူနိုင်ရခြင်း၊
၂) မရွံမရှာ မမောမပန်း ပြုစွမ်းနိုင်ခဲသော အမှုကိစ္စကို ပြုစွမ်း ရွက်ဆောင်နိုင်ခြင်း၊
၃) သည်းမခံနိုင်သော အရာများကိုသော်လည်း မေတ္တာမပျက် သည်းခံနိုင်ခြင်း၊
၎) တစ်ပါးသည် တစ်ပါး၏ဂုဏ်ကျေးဇူးကို သီတင်းသုံးဖော်အား ထင်ရှားအောင် ပြောကြားလေ့ရှိခြင်း၊
၅) တစ်ပါးသည် တစ်ပါး၏အပြစ်ကို မျက်ကွယ်တစ်စုံတစ်ခုသော အရပ်တို့၌ သူတစ်ပါးတို့အား ပြောကြားလေ့မရှိခြင်း၊
၆) ဘေးရန်ရောက်သည့် အခါ၌ တစ်ယောက်ကို တစ်ယောက် အရပ်တစ်ပါးစွန့်၍ မသွားခြင်း၊
၇) ဥစ္စာကုန်ခန်း ဂုဏ်ညှိုးနွမ်းသော်လည်း တစ်ပါးသည် တစ်ပါးအား မထီလေးစားမပြုခြင်း”

ဟုဆိုအပ်သော သေဝိတဗ္ဗဗန္ဓဝမိတ္တ အင်္ဂါခုနှစ်ပါးတို့နှင့် ပြည့်စုံအောင်ပြု၍ သမဂ္ဂသံဃာချင်း ဒဠှမိတ္တ ဒဠှဗန္ဓဝ ဖြစ်ကြရအောင် ယင်းခုနှစ်ပါးတို့တွင်မှလည်း မိတ်ဆွေခင်ပွန်းချင်း တစ်ပါးသည် တစ်ပါး၏ ဂုဏ်ကျေးဇူးကို ပြောဆိုလေ့ရှိခြင်း၊ တစ်ပါးသည် တစ်ပါး၏အပြစ်ကို မျက်ကွယ်တစောင်း မကောင်းပြောဆိုလေ့ မရှိခြင်းဟု ဆိုအပ်သော မိတ္တအင်္ဂါနှစ်ပါးနှင့်ကား အထူးအားဖြင့် လွန်စွာပြည့်စုံကြအောင် သတိအထူး ဆောင်ကြရမည့် အကြောင်းများနှင့် ခုနှစ်ကြိမ်မြောက် သြဝါဒစကား မှာကြားဆုံးမလိုက်သည် တစ်ရပ်။

အပ္ပမာဒ ဓမ္မမဂ္ဂဇင်း၊ ၂၀၁၀ ခုနှစ်အောက်တိုဘာလ

ကိုနိုင်လင်းဦး စာစီစာရိုက် ပူဇော်ရေးသားသည်။

No comments:

Post a Comment