Wednesday, May 4, 2011

လူတစ်ယောက်ကို "စိတ်"နဲ့ ခံစားခြင်း

ကိုယ်နဲ့သင့်တော်တဲ့ အပေါင်းအဖော်ကိုရှာဖို့ ကိုယ့်လူမှုရေးစက်ဝိုင်းကို ချဲ့ထွင်သင့်ပါတယ်။ ဒါမှ ပိုကောင်းတဲ့ရွေးချယ်မှုအတွက် အခွင့်အရေးရှိမှာဖြစ်တယ်။ ထို့အတူ ကိုယ်ရဲ့ရွေးချယ်မှုအချက်တွေကိုလည်း ကျယ်ပြန့်စေပြီး တစ်ခြားလူအပေါ် "အမြင်ကပ်"ဆိုတဲ့တံဆိပ်မျိုး အလွယ်တကူ မကပ်မိဖို့ ကျွန်တော်တို့ သတိထားရပါတယ်။ ဒီလိုမှမဟုတ်ရင် မိတ်ဆွေကောင်းတွေကို ပွတ်ကာသီကာ လက်လွတ်သွားတတ်ပါတယ်။

လောကမှာ လူမျိုးပေါင်း ထောင်ကျော်ရှိပေမယ့် လူမျိုးတိုင်းက လူတွေကို "နှစ်သက်သူ" နဲ့ "မနှစ်သက်သူ"ဆိုပြီး နှစ်မျိုးပဲခွဲခြားထားပါတယ်။ လူလူချင်းဆက်ဆံရေးက မတူတဲ့ သံလိုက်စက်ကွင်းကြီးတစ်ခုလိုပါပဲ။ တချို့က တစ်ဘက်သားကို အကြည့်တစ်ချက်နဲ့ဆုံးဖြတ်သလို တချို့က အတွေ့အကြုံ၊ စိတ်နဲ့ဆုံးဖြတ်ကြတယ်။

ငယ်ရွယ်စဉ်က တစ်ဘက်သားကို ထွင်းဖောက်မြင်နိုင်တဲ့ မျက်လုံးတစ်စုံရှိခဲ့လို့ ကျွန်တော့်ကိုယ်ကျွန်တော် အားရခဲ့ဖူးတယ်။အသက်ကြီးလာတာနဲ့အမျှ "မျက်လုံးရဲ့ထွင်းဖောက်မှု" နဲ့ "အပြုအမှုရဲ့ထိရောက်မှု" က အခြားနားကြီး ခြားနားကြောင်း ကျွန်တော်သိခဲ့ရတယ်။ ဒီအတွက် တစ်ခြားသူကို ထိခိုက်နာကျင်စေခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း မိတ်ဆွေကောင်းတွေ အများကြီးဆုံးရှုံးခဲ့ရတယ်။

တစ်ဘက်လူရဲ့ အခြေအနေအမှန်ကို နားမလည်သေးခင်မှာ "ဒီလူကို ငါကြည့်မရဘူး"ဆိုတဲ့ တံဆိပ်ကို ကျွန်တော်တို့ အရင်မကပ်သင့်ပါဘူး။ဒီလိုတံဆိပ်က ခိုင်ခန့်တဲ့တံတိုင်းတစ်ခုလို တစ်ဘက်လူနဲ့ပိုရင်းနှီးဖို့ ရှေ့တိုးမယ့်ကိုယ့်ခြေလှမ်းကို ကာဆီးထားတတ်သလို တစ်ဘက်လူဆီက ကိုယ်သင်ယူနိုင်မယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးစေတတ်ပါတယ်။

"လှပတဲ့လူ့ဘဝအတွက် လိုက်နာရမယ့် အချက်(၁ဝ)ချက်" စာအုပ်ထဲမှာ စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။ "တစ်ဘက်သားအပေါ်ထားတဲ့ ကိုယ့်အသိအမြင်က ကိုယ့်ကိုယ်ပြန်ဆန်းစစ်စေတဲ့ တိုင်းထွာစက်ဖြစ်တယ်။ တစ်ဘက်သားအပေါ်ထားတဲ့ ကိုယ့်ခံစားချက်က ကိုယ့်ကိုယ်ပြန်ခံစားတဲ့ ခံစားချက်ဖြစ်တယ်"

လူတစ်ယောက်ရဲ့ကိုယ်ပေါ်မှာ ကျွန်တော်တို့မမြင်ချင်တဲ့ အားနည်းချက်ကို မြင်တွေ့ရတဲ့အခါ အဲဒီလူကို ကျွန်တော်တို့ မနှစ်သက်တတ်တော့ပါဘူး။

ရင်းနှီး၊ နားလည်မှုပိုလေ သူစိမ်းဆန်တဲ့အကွာအဝေးကို ချုံ့ပေးလေဖြစ်တယ်။

"ဒီလူကို ငါအမြင်ကပ်တယ်"ဆိုတဲ့တံဆိပ်ကို အပင်ပန်းခံပြီး လိုက်ကပ်ရမယ့်လူဆိုတာ မရှိခဲ့ပါဘူး။ အပြင်ပန်းသဏ္ဍာန်ကြောင့် လူတွေကိုမနှစ်မြို့စေတဲ့ လူတစ်ယောက်မှာ နှစ်သက်စရာဆိုတာ ရှိနိုင်သလို စိတ်သဘောထား မပြည့်ဝသူတစ်ယောက်မှာလည်းလေးစားထိုက်တဲ့နေရာတွေ ရှိပါတယ်။

တစ်ဘက်သားရဲ့ "နှစ်သက်စရာ"နဲ့ "လေးစားထိုက်တဲ့"အရာတွေကို သတိပြုနိုင်သူက ကိုယ့်ကိုယ် ကံကောင်းစေသူဖြစ်တယ်။ ဒီလိုသတိပြုနိုင်သူက တစ်ဘက်သားအပေါ်ထားတဲ့ အလိုမကျမှုတွေကို ဖြိုဖျက်နိုင်သလို ကိုယ့်ရဲ့စိတ်သဘောထားကိုလည်း ပြည့်ဝစေပါတယ်။

နှလုံးသားနဲ့ ရှာဖွေခံစားကြည့်ရင် လူတိုင်းရဲ့ နှစ်သက်စရာတစ်ခုခုကို တွေ့နိုင်ပါတယ်။

ကိုယ်အမြင်ကပ်တဲ့လူတစ်ယောက်ကို နှစ်သက်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါပေမယ့် စမှတ်ဆီအရင်သွားပြီး "အမြင်မကပ်"တဲ့နေရာကနေ ကျွန်တော်တို့စကြည့်နိုင်ပါတယ်။ အဲဒီကတဆင့်"ဒီလူမှာ ဘာအားသာချက်၊ ဘာကောင်းကွက်တွေရှိသလဲ?ငါရအောင်ရှာမယ်"ဆိုပြီး ကိုယ့်ကိုယ်အားပေးကြည့်ပါ။ ဒီလိုတွေးမိချိန်မှာ ကိုယ့်စိတ်ပြတင်းပေါက်တွေ တဖြေးဖြေးဖွင့်လာမယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်။

လူတစ်ယောက်စီတိုင်းက သစ်ရွက်တွေနဲ့တူပါတယ်။ ပုံသဏ္ဍာန်တွေ အမျိုးမျိုးကွဲပြားကြတယ်။ ဒါပေမယ့် သေချာခံစားကြည့်ရင် သူတို့စီကနေ စိတ်ဝင်စားစရာတွေကို ကိုယ်သတိပြုမိပါလိမ့်မယ်။ နှလုံးသားနဲ့ ရှာဖွေခံစားကြည့်ရင် လူတိုင်းရဲ့ ထူးခြားချက်၊ နှစ်သက်စရာအချက်တွေကို တွေ့နိုင်ပါတယ်။ တကယ်လို့ အဲဒီလိုမှမဟုတ်ဘဲ မျက်လုံးစုံမှိတ်ထားမယ်၊ စိတ်ပြတင်းကို တင်းတင်းစေ့ထားမယ်၊ မကြည့်ချင်၊ မခံစားချင်ခဲ့ရင် အဲဒီထူးခြားချက်၊ နှစ်သက်စရာတွေကို ကျွန်တော်တို့တွေ့လိမ့်မယ် မဟုတ်ပါဘူး။ တစ်ဘက်သားကို နားလည်မှုပေးတယ်၊ သူ့နှစ်သက်စရာကိုရှာဖွေတယ်ဆိုတာ ကိုယ့်ဘက်ကကြည့်ရင် အဲဒါတွေဟာ ကိုယ့်ရဲ့ပေးဆပ်မှုတွေပဲဖြစ်တယ်။ တကယ့်စိတ်အစစ်အမှန်နဲ့ ပေးဆပ်မှသာ တစ်ဘက်သားရဲ့ပြန်ပေးဆပ်မှုက ကိုယ့်ပေးဆပ်တာထက် ပိုများတယ်ဆိုတာကို ကျွန်တော်တို့ ခံစားရမှာဖြစ်တယ်။

စိတ်ပညာရှင် Dr. Jack Berg က "နေရောင်ခြည်ရဲ့ ပက်ဖြန်းမှုကိုတောင့်တတဲ့ ပန်းတွေလိုပဲ လူသားတွေရဲ့ စိတ်အနက်ရှိုင်းဆုံးတစ်နေရာမှာ တစ်ဘက်သားရဲ့နားလည်မှုကို အမြဲတောင့်တနေတတ်တယ်"လို့ ဆိုတယ်။ တကယ်တော့ ချစ်ခင်ရင်းနှီးမှုဆိုတာ နားလည်မှုနဲ့ အဆင့်ဆင့် တည်ဆောက်ရတဲ့အရာဖြစ်တယ်။

ဒီလိုအသိပညာနဲ့ ပြင်ဆင်မှုတွေရှိခဲ့ပြီးနောက် ကမ္ဘာပေါ်ကလူတွေကို ကျွန်တော်တို့နှစ်မျိုး ထပ်ခွဲနိုင်ပါတယ်။ တစ်မျိုးက "ပထမအကြိမ်ဆုံတာနဲ့ အရမ်းနှစ်သက်တဲ့လူ၊ ကံပါတဲ့လူ"နဲ့ နောက်တစ်မျိုးက "နားလည်မှုရှိပြီးမှ သူ့ကိုယ်ပေါ်က နှစ်သက်စရာကို သတိပြုမိသူ" ဖြစ်ပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အပင်ပန်းခံပြီး သွားမုန်းဖို့၊ သွားအမြင်ကပ်ဖို့ လူဆိုတာမျိုး မရှိခဲ့ပါဘူး။

မကောင်းတဲ့သူတွေ မရှိတာတော့ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့လူတချို့နဲ့ ရင်းနှီးခင်မင်ဖို့ ကျွန်တော်တို့မှာ အချိန်တွေတောင် မလုံလောက်ခဲ့ဘူး။ ဒါနဲ့များ တစ်ဘက်သားကိုမုန်းဖို့ ကိုယ့်အချိန်တွေကို ဘာဖြစ်လို့ အလာဟဿဖြုန်းတီးနေဦးမလဲ?

ကိုယ်မနှစ်သက်တဲ့လူတစ်ယောက်ကို နားလည်ဖို့၊ ခင်မင်ရင်းနှီးဖို့ဆိုတာ အင်မတန်ခက်ပါတယ်။

ဒါပေမယ့် ပထမခြေလှမ်းစလှမ်းပြီး ဖြေးဖြေးချင်း ချဉ်းကပ်ခဲ့ရင် အောင်မြင်နိုင်ပါတယ်။ လူတစ်ယောက်ကို မနှစ်သက်ဘူး၊ မုန်းတယ်ဆိုတာ အင်မတန် စိတ်ပင်ပန်းစေပါတယ်။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ပင်ပန်းအောင် ကျွန်တော်တို့ လုပ်ရက်ကြသလဲ? ရင်ခွင်ကျယ်ကြီးနဲ့ တစ်ဘက်သားကို ဂရုစိုက်ကြည့်၊ ခံစားကြည့်ရင် တစ်ဘက်သားရဲ့နွေးထွေးပျော်ရွှင်မှုတွေ ကိုယ့်ဆီကူးစက်လာနိုင်ပါတယ်။ တစ်ဘက်သားရဲ့ အားနည်းချက်၊ အပြစ်ကိုပဲ မီးထွန်းမရှာဘဲ ကောင်းကွက်လေးတွေကို မြင်တတ်အောင် ဂရုစိုက်ကြည့်တာဟာ ကိုယ့်အားနည်းချက်ကို ကိုယ်ဖြည့်နေတာနဲ့ အတူတူပါပဲ။

မူရင်း--- google search or http://share.youthwant.com.tw/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


No comments:

Post a Comment