Sunday, May 29, 2011

သူတို့တွေနဲ့မတူချင် ....

ပင်လယ်ရေပြင်အကျယ်ကြီးနားရောက်တော့လေပြင်းမုန်တိုင်းတွေ
သင်္ဘောပျက်တာတွေလည်းမြင်ယောင်ကြည့်ဖြစ်နေတယ်။သင်္ဘော
ပျက်လို့ဖောင်တစ်ခုပေါ်ရောက်နေတဲ့လူတစ်စုအကြောင်းကိုလည်း
အမှတ်ရနေရဲ့ မသေမပျောက်ပဲဖောင်ပေါ်ရောက်တဲ့အတွက်
ကံကောင်းတယ်လို့ယူဆရမလား.............။

ဖောင်ပေါ်မှာကလူခုနှစ်ဦး...။

အဲ့ဒီခုနှစ်ဦးထဲကတစ်ဦးကတော့ ကံကောင်းလို့ဖောင်ပေါ်ရောက်လာ
တာလို့မမြင်ဘူး....။သူကတစ်လောကလုံးကိုအမြဲပဲအဆိုးမြင်ဝါဒီ
Pessimist ဖြစ်တယ်တဲ့။လောကမှာကောင်းမြတ်ပါပေတယ်ဆိုတဲ့အရာ တွေဟာတကယ်တော့လူတွေကိုဒုက္ခတွေပိုရောက်အောင်ဆွဲဆောင်လှည့်စား
နေတာတွေဖြစ်တယ်။ဒီတော့....ကောင်းမြတ်ပါပေတယ်ဆိုတာတွေဟာတကယ်
တော့ကောင်းမြတ်တာတွေမဟုတ်ဘူးလို့သူကမြင်နေတယ်...။
အခုလည်းသင်္ဘောပျက်ပြီးဖောင်ပေါ်ရောက်နေတာဟာကံကောင်းလို့ရောက်
နေတာမဟုတ်ဖူး၊ဒုက္ခများများလူမှာရောက်ဖို့ အတွက်အချိန်ဆွဲထားတဲ့သဘောပဲ
လို့သူကမြင်တယ် ။

ဖောင်ပေါ်ကနောက်တစ်ဦးကတော့အတ္တဗဟိုပြုသမားEgocentricအတ္တဗဟိုပြုဝါဒီဖြစ်တယ်။သူ့ရဲ့လက်သုံးစကားကတော့
ဒီကနေ့မှာရနိုင်သမျှကာမဂုဏ်အာရုံတွေကိုခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။အခုလိုဖောင်ပေါ်ရောက်နေတုန်းမှာလည်း
သက်သက်သာသာလေးနေလို့ရရင်သက်သက်သာသာပဲနေလိုက်မယ်လို့သူကသဘောထားတယ် ။အတ္တသမားပီပီဖောင်ပေါ်
မှာသူအတွက်သက်သက်သာသာနေလို့ရအောင်၊သူများတွေထက်နေရာကျယ်ကျယ်ရအောင်၊ထိုင်နိုင်အိပ်နိုင်အောင်နေရာယူ
ထားပါတယ် ။

ဖောင်ပေါ်ကနောက်တစ်ဦးကတော့အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူကအ ကောင်းမြင်သမားပီပီ မိုးကုတ်စက်ဝိုင်းဆီ
လှမ်းမျှော်ပြီးကမ်းကိုမြင်ရတော့မှာပါလို့ပြော တယ် ။

ဖောင်ပေါ်ကနောက်တစ်ဦးကတော့စူးစစ်းလေ့လာရေးသမားObserver ဖြစ်တယ် ။စူးစစ်းလေ့လာရေးသမားပီပီသူကတော့
ပင်လယ်အနေအထား ၊ လှိုင်းလေတွေရဲ့အတိုး အဆုတ် ၊ ဖောင်ပေါ်ကလူတွေရဲ့အပြုအမူ ၊ အစာငတ်ရေငတ်ဖြစ်နေကြပုံ ၊
ဖောင်ရဲ့ပျက်စီးလုနီးနီးအခြေအနေ ..... ဒါတွေဒါတွေကိုမှတ်တမ်းတင်ဖို့ကြိုးစားနေတယ် ။
ဖောင်ပေါ်ကနောက်တစ်ဦးကတော့အများအကျိုးဆောင်ရွက်တာကောင်းတယ်လို့ယူဆ တဲ့ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ ။
ငါဟာသူတစ်ပါးကိုအကူအညီမပေးပဲ မနေသင့်ဘူး ၊ သူတစ်ပါးအကျိုးကိုရွက်ဆောင်သင့်တယ်လို့ဆိုတဲ့အယူအဆခိုင်လုံဖို့
အတွက်ဆင်ခြေဆင်လက်တွေကိုသူကရှာနေတယ်တဲ့ ။

ဖောင်ပေါ်ကနောက်တစ်ဦးကတော့အဆိုးအကောင်းဟူသမျှကိုကြိတ်မှိတ်ပြီးခံတတ်သူStoic ဖြစ်တယ်။သူကဘာကိုမှမယုံကြည်
ဘူး ။ သူယုံကြည်တာကပင်ယ်ထဲခုန်ချပြီးဘ၀ကိုမြန်မြန်အဆုံးစီရင်ပစ်လိုက်တော့မယ်......ဆိုတဲ့စိတ်ဖြစ်လာတိုင်းခုန်မချမိအောင်
အဆုံးမစီ၇င်ဖြစ်အောင်ငြင်းဆန်နေတဲ့သူရဲ့ငြင်းဆန်ချက်ကိုတော့မှန်တယ်လို့ယုံကြည် နေတာ.......တဲ့ ။

ဖောင်ပေါ်ကနောက်ဆုံးတစ်ဦးကတော့လောကကြီးအကြောင်းကိုဘာဆိုဘာမှမသိတဲ့ကလေးငယ်ကလေးဖြစ်တယ် ။ ဖောင်ရဲ့
မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထုဖုံးလွှမ်းလာတော့မယ့်အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ ။ မုန်တိုင်းလာတော့မယ့်
အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်းမသိဘူး ။ကလေးငယ်အတွက် တော့ဖောင်ပျက်ရင်လည်း
ပျက်တဲ့အထဲပါမယ်၊ ပင်လယ်ရေထဲကျမယ်၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး၊ ဒီတော့ကြောက်ရကောင်း
မှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှူလည်းမရှိဘူး ။ အခြေအနေပေးရင်လည်းမိုးလင်း တဲ့ အခါကမ်းခြေကိုဖောင်ဆိုက်မယ် ။
ကလေးငယ်ဟာကမ်းပေါ်ရောက်မယ် ။ ကလေးငယ်ရဲ့ဘ၀ဟာအခြေအနေတွေကဖန်တီးတဲ့အတိုင်းဖြစ်မှာပဲ ။

ဖောင်ပေါ်ပါလာတဲ့လူခုနှစ်ဦးဟာလောကမှာရှိတဲ့လူတွေမှာဖြစ်တတ်တဲ့သဘောထားခုနှစ်မျိုးကိုရည်ညွှန်းထားတာ ၊ လောကနဲ့ဘ၀ကိုအကောင်းမြင်တဲ့လူရှိတယ် ။အကောင်းမြင်ပေမယ့်လက်တွေ့မှာကောင်းတာ၊မှန်တာတွေကိုမလုပ်
နိုင်သူမဖြစ်ဖို့လည်းမှာပဲ ။လောကနဲ့ဘ၀ကိုအဆိုးဘက်ကကြည့်မြင်တဲ့လူလည်းရှိတာပဲ ။အဆိုးမြင်ရာကနေပြီး
စိတ်ဓါတ်တွေကျဆင်းပြိုကွဲသူမျိုးမဖြစ်ဖို့လည်းလိုလိမ့်မယ် ။

ပြီးတော့.......လူ့လောကမှာအတ္တဗဟိုပြုသမားတွေလည်းရှိတယ်။ဒီလူတွေကတော့ဘယ်သူသေသေငါတေမာရင်ပြီးရော......
ဆိုတာလိုသူတစ်ပါးတွေဘယ်လိုဒုက္ခတွေရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင်ပြီးရောဆိုပြီးသဘောထားတယ် ၊ ဒီသဘောထားနဲ့ကိုယ့်ကျိုးကိုယ့်စီးပွားကိုပဲ ရှာရင်းလောကကကြီးကို အရုပ်ဆိုးအောင်လုပ်ကြတယ် ။
ပရသမားကတော့အများအကျိုးသယ်ပိုးခြင်းဟာကောင်းတယ်လို့မြင်တယ်။ဒါပေမယ့်ပရသမားအရေအတွက်ကလူ့လောကမှာ
အရေအတွက်အားဖြင့်သိပ်ကိုနည်းတယ်ဆိုတာတွေ့နိုင်တယ် ။ဖောင်ပေါ်ကကလေးငယ်လိုဘာကိုမှအလေးအနက်မသိသူ .... ဘာကိုမှအလေးအနက်မထားသူ.....ဖြစ်သလိုကြုံသလိုနေသူတွေလည်းရှိတယ် ။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊
သူ့သဘောသူဆောင်သွားလိမ့်လို့သဘောထားသူတွေလည်းရှိမယ် ။ အများကြီးရှိတယ်နေကြလိမ့်မယ်......လို့တွေးရင်း......

ဖောင်ပေါ်ကလူအမျိုးအစားခုနှစ်မျိုးထဲမှာငါ......ဘယ်အမျိုးအစားထဲမှာပါသလဲ....လို့တွေးတယ် ၊ဘယ်အမျိုးအစားထဲမှာ
မှမပါချင်ဘူးလို့စိတ်ထဲမှာပြောလည်းပြောလိုက်ရော.......


ကျောက်ဆောင်ကိုရိုက်လိုက်တဲ့လှိုင်းကနေစင်လာတဲ့ရေတွေကတစ်ကိုယ်လုံးတုပ်တုပ်

နစ်အောင်ရွှဲစိုသွားပါတယ် ။ ပြန်လည့်ဆင်းသွားတဲ့ပင်လယ်ရေရဲ့အသံကတဟားဟား

ရယ်မောသွားသလိုပါပဲ...။



စာရေးသူ - နန္ဒာသိန်းဇံ၏သမုဒ်ပင်လယ်ပြာ နှိုင်းပမာစာအုပ်မှထုတ်နုတ်တင်ပြခြင်း

ဖြစ်ပါသည် ။

No comments:

Post a Comment