Sunday, May 29, 2011

သူတော်ကောင်းဆိုတာ

သူတော်ကောင်းဆိုတဲ့ စကားလုံးနဲ့ရင်းနှီးခဲ့တာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘယ်လိုပုဂ္ဂိုလ်မျိုးကို သူတော်ကောင်းလို့ သတ်မှတ်ရသလဲဆိုတဲ့ အချက်တွေကိုတော့ သေချာမသိခဲ့မိပါဘူး။ သူတော်ကောင်းဆိုတဲ့ စံထားသတ်မှတ်ချက်တွေကို သိဖို့အတွက် သူတော်ကောင်းဆိုတဲ့အဓိပ္ပါယ်ကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။ သူတော်ကောင်းဆိုတာ သပူရိသ ဆိုတဲ့ ပါဠိစကားလုံးကဆင်းသက်လာပါတယ်။ သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ်ကတော့ တော်လည်းတော်တယ်.. ကောင်းလည်းကောင်းတယ်ဆိုတဲ့ သဘောတရားကို ဆောင်ပါတယ်။ တော်တယ်ဆိုတာကတော့ အရည်ချင်းရှိတာ ကောင်းတယ်ဆိုတာကတော့ ကိုယ်ကျင့်တရားနဲ့ ပြည့်ဝတဲ့သဘောပါ။ အရည်အချင်းဆိုတဲ့ ပညာပြည့်ဝခြင်းနဲ့ ကိုယ့်ကျင့်တရားကောင်းမွန်ခြင်းဆိုတဲ့ သီလနဲ့ပြည့်စုံခြင်းဟာ လူတော်လူကောင်းလို့သတ်မှတ်ထားတဲ့ သူတော်ကောင်းတွေရဲ့စံထားအပ်တဲ့ အရာတွေပါပဲ။ ပညာဆိုတာကတော့ အမှားအမှန်အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်ခြားစီစစ်နိုင်တဲ့စွမ်းရည်ကို ခေါ်ပါတယ်။ သီလဆိုတာကတော့ သုစရိုက်တရား(၁၀)ပါးကို လိုက်နာကျင့်သုံးပြီး ကိုယ့်ရဲ့သူတော်ကောင်းတန်ဖိုးတွေကို မြင့်သည်ထက်မြင့်အောင် မြတ်သည်ထက်မြတ်အောင် ပြုစုပျိုးထောင်ပေးတဲ့ အရာပါ။ အဓိကကတော့ ပညာနဲ့သီလနှစ်ခုလုံးကို မြင့်မြတ်သည်ထက် မြင့်မြတ်အောင် ဖြည့်ကျင့်နေတဲ့သူကို သူတော်ကောင်းလို့ သတ်မှတ်နိုင်ပါတယ်။

ဒီသတ်မှတ်ချက်တွေကတော့ တစ်ဦးတစ်ယောက်အနေနဲ့ အနီးစပ်ဆုံးသတ်မှတ်လိုက်တဲ့ စံထားသတ်မှတ်ရမည့် သူတော်ကောင်းစကားလုံးရဲ့ အဓိပ္ပါယ်ပါ။ သူတော်ကောင်းရဲ့အဓိပ္ပါယ်ကို အယူအဆအမျိုးမျိုး အတွေးအခေါ်အမျိုးမျိုးနဲ့ သတ်မှတ်ချက်တွေကတော့ များစွာပါ။ အခြားအဓိပ္ပါယ်နဲ့သူတော်ကောင်းရဲ့တန်ဖိုးတွေကို ကောင်းမွန်တဲ့ဘက်ကနေ တန်ဖိုးအမျိုးမျိုးနဲ့ စံထားသတ်မှတ်မယ်ဆိုရင်လည်း မှားတယ်လို့ မပြောနိုင်ပါဘူး။ သူတော်ကောင်းဆိုတဲ့ စံထားသတ်မှတ်ချက်အနေနဲ့ တာဝတိသာနတ်ပြည်က နတ်သားတွေသတ်မှတ်ထားတဲ့ သူတော်ကောင်းစံအရည်အသွေး (၇)ရပ်ဆိုတာလည်း ရှိပြန်ပါတယ်။ ဒီ(၇)ရပ်ဆိုတာကတော့ သိကြားမင်းကြီး ကိုယ်တော်တိုင်လူ့ဘ၀တုန်းကကျင့်သုံးခဲ့တဲ့ တရားတွေလို့လည်း သိရပါတယ်။ အဲ့ဒီ(၇)ရပ်ဟာလည်း ယခုခေတ်လူအများစုအနေနဲ့ အလေးထားလိုက်နာကျင့်သုံးသင့်တဲ့ တရားတွေပါပဲ။

အဲ့ဒါတွေကတော့ (၁) မိဘနှစ်ပါးကျေးဇူးတရားကို သေချာစွာနားလည်သဘောပေါက်ပြီး လောကီ၊ လောကုတ္တရာနှစ်ခုလုံးနဲ့ ကျေးဇူးဆပ်တတ်ခြင်း၊ (၂) မိမိထက် အသက်ဂုဏ်ဝါကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကို လေးစားတန်ဖိုးထားဆက်ဆံတတ်ခြင်း၊ (၃) စကားပြောသောအခါတွင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ပြောဆိုတတ်ခြင်း၊ (၄) မုသားစကား၊ ကုန်းချောစကား၊ ကြမ်းတမ်းသောစကား၊ အကျိုးမရှိသော စကားများကိုမပြောကြားပဲ ဟုတ်မှန်အကျိုးရှိသော စကားများကိုသာ ပြောဆိုတတ်ခြင်း၊ (၅) သူတစ်ပါး တိုးတက်ကြီးပွားခြင်းအပေါ် မစ္ဆရိယစိတ်မဖြစ်ခြင်း၊ (၆) မှန်ကန်သော သစ္စာစကားကိုသာ အမြတ်တနိုးတန်ဖိုးထား ပြောကြားခြင်း၊ (၇) ဒေါသစိတ်ကို လုံးဝမဖြစ်ပေါ်အောင် ထိန်းချုပ်နိုင်ခြင်း ဆိုတဲ့ (၇)ချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကတော့ တာဝတိသာနတ်ပြည်က နတ်သားတွေ အမြတ်တနိုးတန်ဖိုးထားတဲ့ သူတော်ကောင်းစံ(၇)ချက်ပါပဲ။ ဒီအချက်တွေဟာ သိကြားမင်းကြီး လူ့ဘ၀တုန်းက ပြုမူကျင့်သုံးခဲ့တဲ့အကျင့်မြတ်တရားတွေ ဖြစ်တဲ့အတွက် သိကြားမင်းဖြစ်စေနိုင်တဲ့ လိုက်နာကျင့်ကြံရမယ့် အကျင့်တရားတွေလို့ ပြောမယ်ဆိုရင်လည်းမမှားနိုင်ပါဘူး။

သူတော်ကောင်းတွေရဲ့အကျင့်တရားကို အမျိုးမျိုးသတ်မှတ်ထားပေမယ့် ဆရာတော်တစ်ပါးဟောပြဆုံးမတဲ့ အဆုံးမလေးကတော့ အတော်လေး မှတ်သားစရာ ကောင်းပါတယ်။ 
“သူတော်ကောင်းဆိုတာ သူကတော်တော် မတော်တော် ကိုယ်ကတော်အောင်နေရမယ် သူကကောင်းကောင်းမကောင်းကောင်း ကိုယ်ကကောင်းအောင် နေရမယ်.. ဒါမှသူတော်ကောင်းအစစ်” ဆိုတဲ့ အဆုံးမစကားလေးပါ။ ကျွန်တော်တို့တွေ အရင်က ဟုတ်လှပြီထင်ခဲ့တဲ့ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါဆိုတဲ့ စကားနဲ့တော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါဆိုတော့ သင်မကောင်းလျှင်တော့ ကျွနုပ်ဆိုးမည်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။ သူဆိုးတိုင်း ကိုယ်လိုက်ဆိုးရရင် ကိုယ်ပါလူဆိုးစာရင်းဝင်သွားမှာ ဖြစ်တဲ့အတွက် ဘယ်မှာသူတော်ကောင်း ဖြစ်နိုင်ပါတော့မလဲ။ တစ်ပါးသူတွေ ကိုယ့်အပေါ်ဘယ်လောက်မကောင်းကောင်း ကိုယ်ကကောင်းအောင် နေနိုင်မှ တကယ့်သူတော်ကောင်းအစစ် ဖြစ်မှာပါ။ သူကကောင်းလို့ ကိုယ်ကောင်းနေရရင် သူတော်ကောင်းမဟုတ်သေးပါဘူး။ သူကောင်းလျှင် ကိုယ်ပိုကောင်းရမယ်.. သူဆိုးလျှင် သူတော်လာအောင် ကိုယ်ကကောင်းသထက် ကောင်းပေးမှသာ တကယ့်သူတော်ကောင်း ဖြစ်လာမှာပါ။

ဒီအကြောင်းရာလေး ပြောမိတော့.. ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ အဆုံးမလေးကို သတိရမိပါတယ်။
“သူဘယ်လောက်ကြီးပဲဆိုးဆိုး သူဆိုးတာကို ဆိုးပါစေဆိုရင်လည်း သူတော်ကောင်းမဟုတ်ပြန်ပါဘူး။ သူတော်လာအောင် ကိုယ်ကကောင်းပေးရမယ်၊ သူဆိုးတာကို ဘယ်လိုတော်အောင် ကောင်းအောင် ပြုပြင်ပေးရမလဲဆိုတဲ့ စိတ်ထားလေး အမြဲမွေးနေမှလည်း သူတော်ကောင်းတန်ဖိုးမြင့်လာမှာပါ” ဆိုတဲ့အဆုံးမလေးပါပဲ။ သူကိုယ့်အပေါ်ဆိုးနေတာကို ကိုယ်ကောင်းပြီးရောဆိုပြီး ပြစ်ထားရင်လည်း သူတော်ကောင်းစိတ်ထား မပြည့်ဝသေးဘူးဆိုတဲ့ သဘောပါပဲ။ သူဆိုးနေတဲ့အပေါ်မှာ ဘယ်လိုကောင်းအောင် ပြုပြင်ပေးရမလဲလို့အမြဲတွေးပြီး သူကိုကောင်းစေချင်တဲ့ စိတ်ထားတွေနဲ့ အမြဲပြုပြင်စေနိုင်အောင် လုပ်ဆောင်ပေးမှလည်း သူတော်ကောင်းစိတ်ဓါတ်အားတွေ ပြည့်ဝလာမှာဖြစ်ပါတယ်။

ဒီအကြောင်းရာလေး ပြောမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အမြဲလုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ရှင်ဒေ၀ဒတ္တကို ဘုရားရှင်ဆုံးမတာ မြင်ယောင်မိပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သူ့အပေါ်မှာ ဒေ၀ဒတ္တအနေနဲ့ ဘယ်လောက်ပဲ ယုတ်မာအကောက်ကြံပါစေ သားတော်ရာဟုလာအလား မေတ္တာတရား တန်းတူထားပေးခဲ့တာပါ။ သူ့အပေါ် ရန်လိုမုန်းထားသူဖြစ်လင့်ကစား သူတော်လာဖို့အတွက်လည်း အမြဲတမ်းကောင်းအောင် လုပ်ဆောင်ပေးခဲ့သူပါ။ ကိုယ့်ကိုမကောင်းကြံတဲ့သူကိုတောင် သာသနာ့ဘောင်ထဲဝင်မှာကို ခွင့်ပြုခဲ့ပြီး သူ့ရဲ့ဒုက္ခတွေကို နည်းနိုင်သမျှ နည်းစေအောင် ရှင်ရဟန်းအဖြစ်ပြုစေပြီး ကယ်တင်ပေးခဲ့တာပဲ မဟုတ်ပါလား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကိုယ်တိုင်တော်အောင်နေခဲ့တာတင်မဟုတ်ပါဘူး.. သူတော်လာဖို့အတွက်ကိုပါ ကိုယ့်ဘက်က ဘယ်လိုကောင်းအောင်လုပ်ဆောင်ပေးရမလဲလို့ မေတ္တာဂရုဏာစိတ်တွေ အမြဲထားပေးခဲ့တာပါ။ ဒီလိုထားခဲ့တဲ့ စိတ်ထားတွေဟာ ဒေ၀ဒတ္တအပေါ်မှာတင် ထားပေးခဲ့တာမဟုတ်ပြန်ပါဘူး.. သတ္တ၀ါအားလုံးအပေါ်မှာပါ မကောင်းတဲ့သူတွေ ကောင်းလာအောင်.. ကောင်းတဲ့သူတွေ ပိုကောင်းလာအောင်ဆိုတဲ့ စိတ်ထားတွေနဲ့ ပြုပြင်ဆုံးမပေးခဲ့တာပါ။

သူတော်ကောင်းရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်နဲ့အတူ သူတော်ကောင်းရဲ့စံတွေကို တန်ဖိုးထားလိုက်နာကျင့်ကြံခဲ့သူတွေရဲ့ စိတ်ထားတွေကတော့ အမြတ်တနိုးတန်ဖိုးထားစရာပါ။ ကိုယ်တိုင်ကျင့်ကြံနေရတာတင် မဟုတ်သေးပဲ သူတော်ကောင်းတွေကျင့်ကြံခဲ့တဲ့စိတ်ထားတွေကို မြင်တွေ့ကြားတွေ့ရတာကိုက ကျေနပ်ပီတိဖြစ်စရာပါ။ သူတော်ကောင်းတွေထားခဲ့တဲ့စိတ်ထားတွေကြည့်ပြီး သူတော်ကောင်းဖြစ်ချင်တဲ့ဓါတ်တွေ ကူးမှလည်း ကိုယ်လည်းသူတော်ကောင်းဖြစ်လာမှာပါ။ သူတော်ကောင်းဖြစ်ချင်တယ်လို့ ထိုင်အော်နေရုံနဲ့မပြီးသေးပါဘူး.. သူတော်ကောင်းဖြစ်စေနိုင်တဲ့ စိတ်ထားတွေနဲ့ သူတော်ကောင်းဖြစ်စေနိုင်တဲ့ အကျင့်တရားတွေ ကျင့်ကြံမှလည်း သူတော်ကောင်းဖြစ်လာမှာပါ။ သူများမထားနိုင်တဲ့ စိတ်ထားကောင်းတွေ သူများမကျင့်နိုင်တဲ့ သူတော်ကောင်းအကျင့်တွေ ကျင့်မယ်ဆိုရင်တော့
“သူကတော်တော်မတော်တော် ကိုယ်ကတော်အောင်နေရမယ် သူကကောင်းကောင်းမကောင်းကောင်း ကိုယ်ကကောင်းအောင် နေရမယ်..” ဆိုတဲ့ အဆုံးမလေးကို အမြဲနှလုံးသွင်းရမှာပါပဲ။ ဓမ္မမိတ်ဆွေအပေါင်း.. သူတော်ကောင်းတရားတွေ ကျင့်ကြံနိုင်ကြပြီး မြင့်သည်ထက်မြင့် မြတ်သည်မြတ်မြတ်တဲ့ဘ၀တွေကို တက်လှမ်းနိုင်ကြပါစေ…။

မှတ်ချက်။ ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ "သူတော်ကောင်းတို့၏စိတ်နေသဘောထား တရားတော်"ကို မှီငြမ်းကိုးကား၍ ရေးသားထားပါသည်။
ဓမ္မမေတ္တာမှ ကုသိုလ်ပွားလိုက်ရပါသည်။

No comments:

Post a Comment