*** တစ်ခါက ရာဇ၀တ်သားတွေကို သတ်ပေးရတဲ့ လူဆိုးကြီးတစ်ယောက်ရှိတယ်။ သူက သေဒဏ်ကျတဲ့သူတွေရဲ့ ခေါင်းကိုဖြတ်ရတဲ့အလုပ် လုပ်ပေးရတယ်။ ဒီအလုပ်ကို သူလုပ်လာတာ နှစ်ပေါင်းများစွာ ကြာလာခဲ့တယ်။ သူလည်း အိုမင်းလာတဲ့အခါကျတော့ အရင်ကလို အားအင်တွေ မရှိတော့ဘူး။ ထိုအခါ ခေါင်းဖြတ်ခံရတဲ့ ရာဇ၀တ်သားတွေမှာ မချိမဆန့် ခံစားကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရင်ကလို မသန်မာတော့ လူတွေရဲ့ခေါင်းကို ဖြတ်တဲ့အခါ တစ်ချက်တည်းနဲ့ မပြတ်တော့လို့ပါပဲ။ အဲဒီအကြောင်းကြောင့်ပဲ သူ့ကို အလုပ်ကရပ်နားခိုင်းလိုက်ကြတယ်။ သူလည်း နောက်ဆုံးရက် အလုပ်လုပ်ပြီးတော့ ရလာတဲ့သူ့ရဲ့ နောက်ဆုံးလခနဲ့ ဒီည ညစာတော့ ကောင်းကောင်းစားပစ်မယ်ဆိုပြီး ပြန်လာခဲ့တယ်။ အဲဒီအပြန်လမ်းမှာ ရှင်သာရိပုတရာနဲ့တွေ့ပြီး တရားတွေ လေးလေးနက်နက် နာဖြစ်တယ်ဆိုရင်ပဲ ဒီလူသတ်သမားကြီးဟာ ဒိဌိပြုတ်လို့ သောတာပန်တည်သွားခဲ့တယ်။ ဒါကတော့ ဒီဇာတ်လမ်းရဲ့ အတိုချုပ်ပါပဲ။
သိရမဲ့အချက်က လူတစ်ယောက်ကိုသတ်ဖို့အတွက် စိုက်ထုတ်ရတဲ့အားဟာ ငရဲမှာဘ၀ပေါင်းများစွာ ရှည်ကြာစေနိုင်ပါတယ်။ အခု ဒီလူသတ်သမားကြီးကတော့ လူတစ်ယောက်မပြောနဲ့၊ လူပေါင်းမရေမတွက်နိုင်လောက်အောင် သူ့ဘ၀တစ်လျှောက်လုံး လူတွေရဲ့ခေါင်းကို ဖြတ်ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့တာပါ။ ဒါပေမယ့် အခု သူ သောတာပန် ဖြစ်သွားပါပြီ။ အများဆုံးရမယ့်ဘ၀ခန္ဓာက ခုနှစ်ဘ၀ပဲ ကျန်တော့တာပါ။ ဒါဆိုသူ့ကို အကျိုးပေးမယ့် ငရဲခန္ဓာပေါင်းများစွာက ဘယ်တွေရောက်သွားတာလဲ။ ဘယ်လိုကြောင့်များ သံသရာတစ်လျှောက်လုံး လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေဟာ ဘ၀ခန္ဓာတွေရအောင် အကျိုးမပေးနိုင်တော့ပဲ ပျောက်ပျက်သွားရတာလဲ။
အဓိက ကတော့ လူတွေကိုခန္ဓာတွေရအောင် လုပ်နိုင်စွမ်းရှိတာ ဒိဌိပါပဲ။ လူတော်တော်များများထင်ကြတာက လောဘအားကြီးလို့သေရင် ပြိတ္တာဘ၀၊ ဒေါသအားကြီးလို့သေရင် ငရဲ၊ မောဟအားကြီးလို့သေရင် တိရိစ္ဆာန်ဘ၀တွေ ရကြတယ်ဆိုပြီးထင်ကြတာပါ။ သူတို့ဒီလိုထင်နေတာက မှန်တာလည်းမဟုတ်၊ မှားတာလည်းမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒိဌိ သာရှိနေရင် ဒီလောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်တွေက မကောင်းတဲ့ဘ၀တွေရောက်ရင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒိဌိ သာမရှိတော့ရင်တော့ လောဘကလည်း ပြိတ္တာဖြစ်အောင် မလုပ်နိုင်ဘူး။ ဒေါသကလည်း ငရဲကျအောင် မဆွဲချနိုင်ဘူး။ မောဟကလည်း တိရိစ္ဆာန်ဘ၀တွေရောက်အောင် မပို့ဆောင်နိုင်တော့ပါဘူး။ ထပ်ဆင့်ဥပမာပေးရရင်… သောသာပန်တည်ထားပြီးဖြစ်တဲ့ ၀ိသာခါကျောင်းအစ်မကြီးဟာ လောဘရှိသေးလို့သာ သူသွားစရာ၊ လာစရာရှိရင် သူ့ရဲ့နောက်လိုက် အခြွေအရံတွေကိုလည်း သူဝတ်သလို အ၀တ်အစားကို အဆင်တူ၊ အရောင်တူ၊ ဒီဇိုင်းတူ လှလှပပ လိုက်ဝတ်ခိုင်းတတ်တာပေါ့။ ဒေါသရှိနေသေးလို့သာ သူ့မြေးလေးဆုံးတော့ မျက်ရည်ကျရသေးတာပေါ့။ ဒါပေမယ့် သူ့ရဲ့လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်တွေဟာ အပ္ပါယ်ကျရလောက်တဲ့အထိ အကျိုးပေးနိုင်စွမ်းမရှိတော့ပါဘူး။ အဲဒါဘာကြောင့်လဲဆိုတော့ ဒိဌိဆိုတဲ့ ကိလေသာတရားကို အပြီးသတ်ချေမှုန်းထားပြီးဖြစ်နေလို့ပါပဲ။ ဒီနေရာမှာ အရှင်ဇ၀နက ထင်သာမြင်သာရှိစေမယ့် ဥပမာလေးတစ်ခုနဲ့ တရားတစ်ပုဒ်မှာ ခိုင်းနှိုင်းရှင်းပြပေးထားပါတယ်။ ။
လူတွေမှာ ငါ ဆိုတဲ့အစွဲ မပြတ်သေးတဲ့အတွက်ကြောင့် အကုသိုလ်လုပ်လည်း ငါ လုပ်တာ၊ ငါ သတ်တာ၊ ငါ ခိုးတာ၊ ငါ ညာတာ၊ ငါ မကောင်းမှုလုပ်တာ။ ကုသိုလ်လုပ်လည်း ငါ လှူတာ၊ ငါ ပေးတာ၊ ငါ ကူညီတာ၊ ငါ သီလဆောက်တာ၊ ငါ ပေးဆပ်တာ၊ ငါ ကုသိုလ်ကောင်းမှုလုပ်တာ။ … စသဖြင့် “ငါ” ဆိုတဲ့ လက်မှတ်ကြီးကို ကိုယ်ကိုယ်တိုင် စာချုပ်ပေါ်မှာ ဆိုင်းထိုးထားသလိုဖြစ်နေတာပါ။ အဲဒီတော့ အကုသိုလ်စာချုပ်ပေါ်မှာ ငါ့ဆိုင်းကြီးထိုးထားမိတော့ အကျိုးပေးလို့ ပြန်ခံရတော့မယ်ဆိုတော့လည်း ငါ့ လက်မှတ်နဲ့ ငါ ပဲဆိုတော့ ငါပဲ ခန္ဓာအသစ်တွေရ၊ သံသရာတွေလည်ပြီး ငါပဲ ခံစားရတာပါ။ အဲဒီလိုပဲ လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ အကျိုးပေးလို့ ကောင်းကျိုးတွေ ခံစားရတော့မယ်ဆိုတော့လည်း… ကုသိုလ်စာချုပ်ပေါ်မှာ “ငါ” ဆိုတဲ့ဆိုင်းကြီးကို ကုသိုလ်တွေလုပ်တုန်းက ငါ ကိုယ်တိုင်ပဲ ထိုးထားခဲ့တာဆိုတော့ ငါပဲ ခန္ဓာအသစ်တွေရ၊ သံသရာတွေလည်ပြီး ငါပဲ ခံစားရတာပါ။
သောတာပန်ဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်က… ဟိုးရှေးရှေး အစ တောင်မထင်တော့တဲ့ သံသရာကနေ အခုဘ၀အထိ ငါကိုယ်တိုင် “ငါ” လက်မှတ်ရေးထိုးခဲ့တဲ့ ဒိဌိဆိုတဲ့ စာချုပ်ကြီးကို ဖျောက်ဖျက် ဖျက်ဆီးပစ်လိုက်တာနဲ့ အလားသတန်တူပါတယ်။ “ငါ” ဆိုင်းထိုးထားတဲ့ အဲဒီစာချုပ်ကြီးရှိမှသာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေက ဘ၀ခန္ဓာတွေ မြောက်များစွာ ရရှိစေပြီှး ခံစား၊ စံစားရမှာပါ။ အကယ်၍ ကိုယ့်ကို ကုသိုလ်၊ အကုသိုလ် အကျိုးတွေ လိုက်ပေးမယ့် “ငါ” လက်မှတ်ထိုးထားတဲ့ အဲဒီစာချုပ်ကြီးသာ မရှိတော့ရင်… ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတရားတွေအတွက် တာဝန်ယူစရာ၊ ၊ ၊ တနည်းအားဖြင့် ကောင်းကျိုး၊ ဆိုးကျိုးတွေ ခံစား၊ စံစားစရာမလိုတော့တဲ့အတွက်ကြောင့် ခန္ဓာအသစ်တွေ ထပ်ပြီးမဖြစ်တော့ပါဘူး။ ခန္ဓာအသစ်တွေ မရတော့တဲ့အတွက်ကြောင့်လည်း သံသရာဟာပြတ်သွားတာပါ။ ဘ၀ခန္ဓာတွေနဲ့ရင်းပြီး ခံစား၊ စံစားစရာမလိုတော့လို့ သံသရာလည်း လည်စရာအကြောင်း ဘယ်လိုမှကို မရှိတော့ပါဘူး။ ဒါကြောင့် သောတာပန်တွေဟာ ငါစွဲ ဒိဌိတွေ ပယ်သတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် လောဘ၊ ဒေါသ၊ မောဟတွေ ကျန်ရှိနေသေးပေမယ့် အဲဒီအကုသိုလ်တွေက အပ္ပါယ်ကျလောက်တဲ့အထိ အကျိုးပေးနိုင်စွမ်း မရှိတော့ပါဘူး။ ဘ၀ခန္ဓာတွေဟာလည်း အလွန်ဆုံးမှ ခုနှစ်ဘ၀ပဲရပြီး နိဗ္ဗာန်စံဝင်ရတော့မှာပါ။ အလွန်တရာမှကို အကျိုးကျေးဇူးကြီးမားလှပါတယ်။
ဒါကြောင့် အပ္ပါယ်ဆွဲချနိုင်တဲ့ အဓိကတရားခံဟာ ဒိဌိပါပဲ။ အဲဒီအတွက်ကြောင့် ၀ိပဿနာတရားတွေနာကြားပြီး ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ်ကြမှသာလျှင် “ငါ” ဆိုတာ တကယ်မရှိ၊ “ရုပ်” နဲ့ “နာမ်” သာလျှင် တကယ်ရှိတဲ့ အမှန်တရားဆိုတာ ဥာဏ်နဲ့သိမြင်နိုင်ပြီး တရားထူး၊ တရားမြတ်များ ရရှိနိုင်ကြပါလိမ့်မယ်။ ပထမဦးဆုံး ကိုယ်တိုင်ရေးသားခြင်းမို့ အမှားများပါခဲ့လျှင် ခွင့်လွှတ်ကြစေချင်ပါတယ်။ ဤစာကိုဖတ်ရှုကြတဲ့ သူတော်ကောင်းများလည်း တစ်သံသရာလုံး ရေးထိုးခဲ့တဲ့ “ငါ” ဆိုတဲ့ လက်မှတ်ကြီးကို အမြန်ဆုံးဖျောက်ဖျက်၊ ဖျက်ဆီးနိုင်ပြီးတော့ တရားထူး၊ တရားမြတ်များ… ဒီဘ၀မှာတင် ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။ ။
အရှင်ဇ၀န၏ တရားတစ်ပုဒ်မှ မှတ်မိသမျှ ပြန်လည်မျှဝေပါတယ်။ ။
ခိုင်ခိုင်
Dhamma Rakhita: "လူသတ်ဗိုလ် နာမည်က တမ္ဗဒါဌိက ဖြစ်မယ်ထင်ပါသည်...သင်္ခါရုပေက္ခာဥာဏ် အထိသာ ဆိုက်ရောက်သွားပါသည်(မဟာစည်- ၀ိပဿနာရှုနည်းကျမ်း ပတွဲ-၆၁)"
Dhamma Rakhita: "လူသတ်ဗိုလ် နာမည်က တမ္ဗဒါဌိက ဖြစ်မယ်ထင်ပါသည်...သင်္ခါရုပေက္ခာဥာဏ် အထိသာ ဆိုက်ရောက်သွားပါသည်(မဟာစည်- ၀ိပဿနာရှုနည်းကျမ်း ပတွဲ-၆၁)"
No comments:
Post a Comment