…ခန္ဓာကိုယ်ကောင် မီးစွဲလောင်…
…လောက၌ နေအိမ်ဟူသည် သစ်ဝါးစသော လောင်စာများဖြင့် ပေါင်းစုတည်ဆောက်ထားခြင်းဖြစ်၍ အချိန်မရွေး မီးလောင်တတ်သကဲ့သို့ မိမိခန္ဓာသည်လည်း ရုပ်နာမ်ခန္ဓာ သေစရာများဖြင့် ပေါင်းစု တည်ဆောက်ထားသဖြင့် အချိန်မရွေး သေနိုင်သည်။ အို နာ သေမီး လောင်တတ်သည်။ လောင်နိုင်သည်။ လောင်နေသည်။ အိမ်မီးလောင်လျှင် လက်လှမ်းမီ သလောက် အိမ်ထဲမှာရှိသော ပစ္စည်းဥစ္စာကို ဆွဲထုတ်ယူရမြဲဖြစ်သည်။ ဆွဲထုတ်ယူနိုင်သလောက် အိမ်ရှင်ရ၍ သုံးစွဲရသည်။ အဖိုးမတန်သည်ကို ဆွဲမိလျှင် အဖိုးမတန်သည်ကိုသာ ရမည်။ အဖိုးတန်ဆွဲမိမှ အဖိုးတန်သုံးရမည်။ မဆွဲယူနိုင်သော ဥစ္စာနှင့်တစ်ကွ အိမ်ကြီးကား မီးဝါးခံ၍ ရှုံးရမြဲတည်း။
…မိမိတို့ရထားသော ခန္ဓာသည်လည်း အိုမီး အဆက်မပြတ်လောင်နေသည်။ အကြောင်းဖောက်ပြန်တိုင်း နာမီးနှိပ်စက်နေဆဲ၊ အိုမီးနှင့် နာမီးသည် တငွေ့ငွေ့လောင်ရင်း သေမီးတောက်ကြီး ဟုန်းကနဲ ထလာအောင်ရှို့မြိုက်ဆဲ၊ ထိုမီးလောင်နေသော ခန္ဓာအိမ်ကြီးထဲမှ ကောင်းမှုတရားကို အချိန်မီလက်ဦးအောင် ဆွဲထုတ်ယူနိုင်မှ ကိုယ်ပိုင်ရမည်။ မယူနိုင်လျှင် အမှိုက်ထဲ အကုန်ပါပြီး မီးစာဖြစ်သွားလိမ့်မည်။ သေသူမှာ လက်ခါထားခဲ့၍ ကျန်ရစ်သူသာ ဝေယူသွားကြလိမ့်မည်။ ဘ၀ခရီးကား ခက်ခဲ ကြမ်းတမ်းလှသည်။ နောက်ဆုံးတွင် ကိုယ့်အခက်အခဲကို ကိုယ်သာဖြေရှင်း ရမည် ဖြစ်၍ ဘ၀တစ်ကွေ့ ခဏတွေ့ခိုက် ခန္ဓာအိမ်ကြီး မလောင်ကျွမ်းမီ ပြာမကျမီ အချိန်မီ အားကိုးစရာ ကောင်းမှု အနှစ်ကို လျင်မြန်ဖျတ်လတ် ပါးနပ်စွာ ဆွဲထုတ်ယူထားမှ စိတ်အေးရမည်ဖြစ်ပေသည်။
…ဘုရားလက်ထက်က သာဝတ္ထိမြို့၌ သူဌေးမိသားစု သုံးယောက်ရှိ၏။ ဦးရွှေတွန့်၊ ဒေါ်ရွှေညွှန့်၊ သားမောင်ရွှေချော တို့တည်း။ ရွှေနှင့် ပစ္စည်းပေါသော်လည်း မလှူရက်၊ မပေးရက် နှမြောတွန့်တိုလွန်းလှသဖြင့် ဦးရွှေတွန့်၊ ရွှေနှင့် ပစ္စည်းပေါ၍ သဒ္ဓါတရား အညွှန့်မဆိုးလှသဖြင့် ဒေါ်ရွှေညွှန့်ဟုဆိုနိုင်သည်။ ရွှေပေါသည့်အိမ်၌ လူချောလေးဖြစ်ရသဖြင့် မောင်ရွှေချော၊ ရွှေပန်းထိမ်သည်ထံ နားတန်ဆာ အလုပ်ခိုင်းလျှင် လက်ခပေးရမည်စိုး၍ ဖခင်ဥင်္ီးရွှေတွန့်ကိုယ်တိုင် ပုံမကျ ပန်းမကျ ထွင်းထုအပ်သော ရွှေနားတန်ဆာ ပြောင်ချောကြီးကို ၀တ်ဆင်ရသဖြင့်လည်း မောင်ရွှေချောဟု ဆိုထိုက်သည်။ တစ်ဦးတည်းသော သားကလေးသည် စိတ်ကောင်းရှိ၍ မိဘထံ ဘာမျှ မပူဆာတတ်၊ နူးညံ့သိမ်မွေ့သည်။
…မောင်ရွှေချော (၁၆) နှစ်အရွယ်တွင် အသားဝါရောဂါ စွဲကပ်လာ၏။ ဒေါ်ရွှေညွှန့်က ဆရာကောင်း ဆေးကောင်းဖြင့် ရောဂါပျောက်အောင် ကုရန် ဦးရွှေတွန့်ကို ပြောသောအခါ “ငွေကုန်မခံနိုင်” ဟုဆိုကာ ငြင်းပယ်သည်။ ကြားဖူးနားဝ ဆေးမီးတိုများဖြင့် ကုစမ်းကြည့်၏။ မပျောက်ပဲ ရောဂါကျွမ်းမှ ဆေးဆရာပင့်ရာ ဆေးဆရာများက နာမည်ပျက်မခံတော့ဘဲ လက်လွှတ်လိုက်ကြ၏။ ရောဂါမှာ ကြာလေဆိုးလေဖြစ်ကာ သေဘေးမှ လွတ်လမ်းမမြင်တော့၊ ရွှေချောကလေး ဧကန်သေရတော့မည်ကို ဦးရွှေတွန့်သိလာ၍ “သားလူမမာကို လာရောက် ကြည့်ရှုမေးမြန်းသူများ အိမ်ထဲ၌ ထားသော ပစ္စည်းများကို မြင်သွားကြလိမ့်မည်၊ သားကို အပြင်ဖက် ထုတ်ထားမှ ဖြစ်မည်” ဟုတွေးကာ လူမမာသားကလေး မောင်ရွှေချောကို အိမ်ဦးကြမ်းပြင်ဖက် ထုတ်ထားလိုက်သည်။ အနား၌ ပြုစုယုယ စောင့်ရှောက်နေသည်လည်း မဟုတ်ပါ။ ပစ္စည်းပြည့်စုံပါလျက် တစ်ဦးတည်းသော သားလိမ္မာကလေးကို တူတူတန်တန် သားလို မချစ်တတ်သော ထိုမိဘမျိုးနှင့် ဘ၀တစ်ကွေ့ကလေး၌ ခဏလေးတွေ့ရမှာတောင် ကြောက်စရာ ကောင်းလိုက်ပါဘိ။
…ဦးရွှေတွန့်သည် သားသေအလောင်းကောင်ကို သုဿန်သို့ပို့၍ မီးရှို့မြေမြုပ်လိုက်သည်။ သားမရှိခါမှ မိဘနှစ်ဦးလုံး သားတန်ဖိုးကို ပိုသိရသည်။ အမွေခံသားသမီးမရှိတော့သော မိမိ၏ပစ္စည်းဥစ္စာများကိုလည်း တန်ဖိုးရှိသည်ဟု မထင်တော့။ အဖိုးအဖွားနှစ်ဦးတည်း အိမ်ထဲ၌ ခြောက်ကပ်ကပ်ဖြစ်လာသည်။
…သားသေဆုံးသည့်နေ့မှစ၍ ဒေါ်ရွှေညွှန့်မှာ နေစရာမရှိအောင် ပူလောင်စွာဖြင့် ငိုရသည်။ ဦးရွှေတွန့်ကြီးမှာ အိမ်မှာငို၍ အားမရနိုင်သဖြင့် နေ့စဉ် သုဿန်သို့လိုက်၍ ငိုနေသည်။ ထိုအကြောင်းကို နတ်ပြည်သို့ ရောက်သွားသော ရွှေချော နတ်သားက သိရ၍ “ ငါ့အဖေသည် လူ့ပြည်သူ့အိမ်မှာ ငါနေမကောင်း မကျန်းမာတုန်းက ဆေးကုပေးရမှန်း မသိဘဲ သားသေလို့ မရှိတော့လည်း ငိုလိုက်ရတာအမောလို့၊ သွားပြီး အသိပေးဦးမှဖြစ်မယ် ” ဟု ကြံကာ (၁၆)နှစ်သား ရွှေချော ကလေး အယောင်ဆောင်ပြီး ဦးရွှေတွန့် ငိုကြွေးရာ သုဿန်သို့ရောက်လာ၍ ငိုနေလေသည်။
…ဦးရွှေတွန့်က “ သြ…အမောင်၊ ငါကတော့ သေသွားတဲ့သားကို လွမ်းလို့ငိုတာ၊ အမောင်ကတော့ ဘာဖြစ်လို့ ငိုရတာလဲ ” ဟုမေးရာ “ သြ…အဘ၊ ကျွန်တော် ရွှေရထားတစ်ခု လုပ်ထားတယ်၊ ရထားနဲ့လိုက်ဖက်မယ့် ဘီးနှစ်ခုကို ခုထိမရသေးဘူး၊ ဒါကြောင့် ရထားဘီးနှစ်ခု လိုချင်လို့ ငိုတာပါအဘ ” ဟု ရွှေချောနတ်သားက ပြောသောအခါ သားနှင့်တစ်ပုံစံတည်း တူလွန်းလှသဖြင့် သားချစ်စိတ်လည်း ဖြစ်ပေါ်လာ၍ ဦးရွှေတွန့်က မေးမြန်း၏။
“ ရွှေ၊ ငွေ၊ ပတ္တမြား၊ ကြေးတို့တွင် ဘယ်လို ရထားဘီးကို လိုချင်ပါသလဲ အမောင် ”
“ ဘယ်လောက်ကြီးတဲ့ ရထားဘီး လုပ်ပေးမှာလဲ အဘ ”
“ ကြီးချင်သလောက် ကြီးပါ အမောင် ၊ လုပ်ပေးပါ့မယ် ”
…သားအသက်ထင်ရှားရှိစဉ် မကျန်းမာတုန်းက ဆေးကုပေးဖော်မရသည့် ဦးရွှေတွန့်က “ ကြီးချင်သလောက် ကြီးပါစေ ” ဟု ဆိုလာသောအခါ ရွှေချောနတ်သားက…
“ အဘ…ကျွန်တော်က ရွှေ၊ ငွေ၊ ပတ္တမြား၊ ကြေးဘီးတွေ မလိုချင်ဘူးဗျ၊ ဟိုကောင်းကင်ပေါ်မှာ နေနှင့်လရှိတယ်အဘ၊ နေကို ရထားဘီးတစ်ဖက်လုပ်ချင်တယ်၊ လကို ရထားဘီးတစ်ဖက်လုပ်ချင်တယ်၊ ဒါကြောင့် နေနဲ့လကို လိုချင်လို့ ငိုတာပါ အဘ ”
“ မိုက်လှ ရူးလှချည်လား အမောင်ရယ်၊ ကောင်းကင်က နေနဲ့လကို ဘယ်လိုလုပ်ရနိုင်မလဲကွယ် ” ဟုဆိုလေသည်။
…ရွှေချောနတ်သားက ထိုစကားမျိုးကို ကြားလို၍ ပြောနေခြင်းဖြစ်သည်။ ထိုအခါ “ သြ…အဘ၊ အဘက မမြင်ရတော့တဲ့ သေသွားတဲ့ သားကလေးရွှေချောကို လွမ်းလို့ တမ်းတပြီး ငိုနေတယ်၊ ကျွန်တော်က မြင်ရတဲ့၊ တကယ်ရှိနေတဲ့ နေနဲ့လကို လိုချင်လို့ ငိုနေတယ်၊ မရှိလို့ မမြင်ရတာကို မှန်းပြီးငိုနေသူနဲ့ တကယ်ရှိနေလို့ မြင်ရတာကို တမ်းတပြီး ငိုနေသူ နှစ်ယောက်မှာ ဘယ်သူက ပိုပြီး မိုက်ပါသလဲ၊ ရူးပါသလဲခင်ဗျာ ”
…ဦးရွှေတွန့် ရှင်းကနဲ အမြင်ပေါ်လာ၏။ “ အေး…ဟုတ်လိုက်တာကွယ်၊ သေပြီးလို့ မမြင်ရတော့တဲ့သားကို မှန်းပြီး ငိုနေတဲ့ငါက ပိုပြီးမိုက်တာ၊ ရူးတာပေါ့ကွယ်၊ နေစမ်းပါဦးကွယ့်၊ အမောင်က ဘယ်သူလဲ၊ လူလား နတ်လား ”
“ ရွှေချောလေ၊ အဘရဲ့သားပေါ့၊ အဘရဲ့အိမ်မှာ ရွှေချောဘ၀တုန်းက အသဲအသန် မကျန်းမမာဖြစ်စဉ် အဘက အိမ်ဦး ကြမ်းပြင်မှာ ထုတ်ထားလိုက်တယ် မဟုတ်လား၊ အဲဒီတုန်းက မြတ်စွာဘုရားကြွလာလို့ လက်အုပ်မချီနိုင်လောက်အောင် အားနည်းနေတော့ ကြည်လင်တဲ့စိတ်နဲ့ ဖူးရုံသာဖူးမြင်လိုက်ရတဲ့ ကုသိုလ်ကြောင့် ယခု တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်နေတယ်၊ အဘ…ကုသိုလ်ကို လက်ဦးအောင် အမြန်လုပ်ပါ၊ အဘမှာ ပစ္စည်းတွေ အများကြီးပဲ၊ အမွေခံ သားသမီးလည်း မရှိတော့ဘူး၊ အဘတို့ မရှိတဲ့အခါ ဒီပစ္စည်းတွေ ဘယ်သူ့အတွက် ဖြစ်မယ်ထင်လို့လဲ၊ ဘုရားထံ ချဉ်းကပ် ပြီး အမြန်အလှူလုပ်ပါ၊ တရားနာပါ ” ဟု ပြော၍ နတ်ပြည်သို့ ပြန်သွားသည်။
…ဦးရွှေတွန့်သည် ချက်ချင်း အိမ်ပြန်၍ ဆွမ်းစီမံပြီး ဘုရားနှင့်တကွ သံဃာကို အိမ်ပင့်ကာ ဆွမ်းကပ်လေသည်။ ဆွမ်းဘုဉ်းပေးင်္ပြီးသော် ပရိသတ်များစွာ ရောက်လာကြသည်။ “ ရွှေချောနတ်သား ရောက်လာစေသတည်း ” ဟု ဘုရားက အဓိဋ္ဌာန်လိုက်ရာ ရွှေချောနတ်သားလည်း ဦးရွှေတွန့်အိမ်သို့ ရောက်လာသည်။ ဘုရားက တရားဟောရာ တရားပွဲပြီး သွားသောအခါ ရွှေချောနတ်သားနှင့် ဦးရွှေတွန့် သောတပန်ဖြစ်သွားသည်။ ဦးရွှေတွန့်သည် သောတပန်ဖြစ်ပြီးသောအခါ များပြားလှစွာသော ပစ္စည်းဥစ္စာကို သာသနာ၌ စွန့်ကြဲလှူဒါန်းလိုက်လေတော့သည် ။
…ဤအကြောင်းအရာ၌ ရွှေချော၏ စိတ်ထားဖြူစင်မြင့်မြတ်ပုံ၊ အသိတရားပြည့်ဝပုံကို အတုယူဖွယ်အဖြစ် တွေ့ရမည် ဖြစ်သည်။ ဘ၀တစ်ကွေ့၌ ခဏတွေ့ခိုက် မသိတတ်သူကို သိတတ်သူက မေတ္တာရှေ့ထားကူညီရမည်။ လမ်းညွှန်ရမည်။ တစ်လုတ်ကျွေးဖူးသည့် သူ့ကျေးဇူးကို သိရမည်။ တစ်ယောက်နှင့်တစ်ယောက် မကျေနပ်မှု အလုံးအကြိတ်အခဲများ မဖြစ်စေဘဲ ခန္တီမေတ္တာဖြင့် ချေဖျက်ပစ်ရမည် စသည်ဖြင့် ယူတတ်သလောက် ဘ၀သင်ခန်းစာများ ရရှိနိုင်ပေသည်။ တကယ်ဆိုလျှင် ဦးရွှေတွန့်သည် သားရွှေချောအပေါ် သားလို မချစ်တတ်၊ သေလုမျောပါးရောဂါဖြစ်တာတောင်မှ ပစ္စည်းကုန်မှာကို နှမြော၍ ဆေးကုဖော်မရ။ ဤမျှ အသိတရား ခေါင်းပါးသူကို ရွှေချောမစိမ်းကားပါ။ နတ်စည်းစိမ်ဖြင့်လည်း မေ့လျော့ယစ်မူး မနေပါ။ ဖခင်ကို ဖခင်ဟုပင် အသိအမှတ်ပြု၍ သဘောထားကြီးစွာ သာသနာနှင့် တွေ့ရသည်ထိ ကူညီပေးလိုက်ပုံမှာ လက်ဖျားခါပြီး အံ့ချီးထိုက်လှပေသည်။ ဘ၀တစ်ကွေ့မှာ ခဏတွေ့ရကျိုးနပ်အောင် နေထိုင်ကျင့်သုံးတတ်ပါပေစွတကား… ..။
…တိပိဋက ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၏ ဘ၀တစ်ကွေ့ ခဏတွေ့ခိုက် တွေ့ရကျိုးနပ်စေရန် ကျင့်သုံးနေထိုင်တတ်အောင် ဟောကြားတော်မူသော တရားတော်မြတ်အား သူငယ်ချင်းများအားလုံးအတွက် မျှဝေပေးပါသည်။
…သူငယ်ချင်းများအားလုံး ငြိမ်းအေးမှုတွေရကြပါစေ…
မေတ္တာဖြင့်…
အေးအေးမိုးမိကူး
(၂၇.၁.၂၀၁၁)
[Reference: Kabar Thit Website]
No comments:
Post a Comment