Sunday, May 29, 2011

နတ်မိမယ်

" ဘ၀မှာ တစ်ခါတစ်လေ အထီးကျန်ဆန်လွန်းတယ်၊ တစ်ခါတစ်လေတော့လည်း အားကိုးရာမဲ့နေသလိုပဲ "

သူငယ်ချင်းတွေကို လန်ဘားကပြောတယ်။ သူ့မျက်နှာကလည်း ခပ်ညှိုးညှိုး၊ သူငယ်ချင်းတွေကလည်း သူ့ကို ဘယ်လိုအားပေးရမှန်းမသိတော့ စဉ်းစားရင်း အသံတိတ် နေကြတယ်။

" ကိုယ်ဖြစ်ချင်ရာဖြစ်ခွင့်သာရရင် အမေ့ရင်ခွင်မှာပဲပျော်တဲ့ ကလေးဘ၀မှာ တစ်သက်လုံး နေလိုက်ချင်တော့တယ် "
လန်ဘားက သူ့ဆန္ဒကို ဆက်ပြောတယ်။

" မဖြစ်နိုင်တာ မပြောနဲ့ကွာ၊ မင်းလဲ အမေ့ရင်ခွင်မှာ တစ်သက်လုံးမနေနိုင်ဘူး၊

သူများအတွဲတွေမြင်ရင်ကွယ် သားသားစိတ်မှာမနေနိုင်တယ်၊ မာမီရယ်ရှာပေးကွယ် ၊ ရီးစားလိုချင်တယ်လို့ သီချင်းအော်ဆိုမဲ့ကောင် "လို့ မဲတူကပြောတော့ သူငယ်ချင်းတွေ ၀ိုင်းရယ်ကြတာနဲ့ ၀ိုင်းကစိုစိုပြေပြေဖြစ်သွားတယ်

ပဲထမင်းကိုအချဉ်သုပ်နဲ့ အားရပါးရလွေး၊ ရေနွေကြမ်းတစ်ပန်းကန်သောက်ပြီးသွားတဲ့ ရွှီး ကပါးစပ်ကို တစ်ရှုးပေပါနဲ့သုတ်လိုက်တယ်။ ခါးကို မတ်မတ်ထိုင်တယ်။

သူ့ပုံကိုကြည့်ပြီး ဘဲဥမ က " အားလုံးငြိမ်...အန်ကယ်ရွှီး ပုံပြောတော့မယ် " လို့ ပြောလိုက်တယ်။

" ဟုတ်တယ်၊ မင်းတို့ကို ပြောဖို့ ပုံပြင်တစ်ပုဒ် အဆင်သင့်ရှိတယ် " ဆိုပြီး ရွှီးကပြောတော့..

ဝတုတ်က " မင်းမှာ ပုံပြင်တွေ တစ်သီကြီး အဆင်သင့်ရှိတာ သိပါတယ်ကွာ " လို့ ပြန်ပြောတယ်။

" တစ်ခါတုံးကပေါ့ကွာ၊ နတ်ပြည်မှာ နတ်သားတစ်ယောက် စုတေပြီး လူ့ပြည်မှာ လူကလေးအဖြစ် မွေးဖွားရတော့မဲ့အချိန်ရောက်လာသတဲ့ "

" သူဇနီး နတ်သမီးတွေက ငိုသလား၊ပျော်သလား "

" ပုံပြင်ကို အေးအေးဆေးဆေး နားထောင်စမ်းပါ "

" နတ်သက်ကြွေတော့မယ့်နတ်သားက နတ်မင်းကြီးကို မေးမြန်းတယ် တဲ့ "

" ဘာတွေမေးတာတုန်း "

" အကူအညီမဲ့တဲ့ကလေးပေါက်စလေးဘ၀နဲ့ လူ့ပြည်မှာ ဘယ်လိုနေရမှာလဲ မေးတာ "

" အဖြေက "

" အဖြေကတော့ နတ်မိမယ်တွေအများကြီးရှိတဲ့အနက် မင်းအတွက် နတ်မိမယ်တစ်ပါး ငါ ရွေးချယ်ပေးပါ့မယ်၊ သူက မင်းကို စောင့်ရှောက်ပေးလိမ့်မယ်တဲ့၊ နတ်သားက ဒါပေမဲ့ နတ်ပြည်မှာ ကျွန်တော်က ပျော်ရွှင်ရယ်မောတာနဲ့ တေးသီချင်းဆိုတာလောက်ပဲလုပ်ပြီး ကျေနပ်ပျော်ရွှင်နေခဲ့တယ်၊ လူ့ပြည်ရောက်ရင်ကော လို့မေးတယ် "

" အဲဒီတော့ "

" လူ့ပြည်ရောက်ရင် နတ်မိမယ်က မင်းကို တေးသီချင်းတွေဆိုပြလိမ့်မယ်၊ ချိုမြတဲ့အပြုံးတွေ နေ့စဉ်ပြုံးပြလိမ့်မယ်၊ နတ်မိမယ်ရဲ့ချစ်မေတ္တာကို မင်းခံယူပြီး အရမ်းပျော်ရွှင်ပါလိမ့်မယ် တဲ့"

" နိပ်သကွာ "

" ဟိုရောက်တော့ လူတွေက ကွိကွိကွကွ အမျိုးမျိုး လာပြောကြတဲ့အခါ ကျွန်တော်က သူတို့ပြောတဲ့ဘာသာစကားကို မပြောတတ်ရင် ဘယ့်နှယ်လုပ်ရမှာလဲ၊ လူ့လောကမှာ ဘာသာစကားတွေ အများကြီးရှိတယ်လို့ နတ်သားကမေးသတဲ့ "

" ဒါလဲဟုတ်တာပဲ "

" မင်းဘ၀မှာ တစ်ခါမျှ မကြားဘူးခဲ့တဲ့ အင်မတန်ချိုသာအေးမြတဲ့လေသံနဲ့ ချစ်စဖွယ်စကားလုံးလေးကို နတ်မိမယ်ကပြောလိမ့်မယ်၊ သူက မင်းကို ဘယ်လို စကားပြောဆိုရမယ်ဆိုတာလဲ သင်ပြပေးမယ်၊ မင်းအပေါ်မှာ အင်မတန် သည်းခံစိတ်ရှည်ပြီး ဂရုတစိုက်ရှိလိမ့်မယ် တဲ့ "

" သိပ်တော်တဲ့ နတ်မိမယ် ပါလား "

" လူ့လောကမှာ လူဆိုး လူမိုက်တွေ အများကြီးရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်၊ ကျွန်တော့ကို ဘယ်သူက အကာအကွယ်ပေးမှာလဲ လို့ မေးမြန်းတယ် "

" တော်တော်အစိုးရိမ်ကြီးတဲ့သူပဲနော် "

" နတ်မိမယ်ကပဲ မင်းကိုကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်၊ သူ အသက်စွန့်ရင်တောင်မှ အသက်နဲ့ရင်းပြီး မင်းကို ကာကွယ်ပေးပါလိမ့်မယ်တဲ့ "

" ငါ့မှာလဲ အဲဒီလို နတ်မိမယ်တစ်ယောက်ရှိချင်လိုက်တာ "

" နတ်မင်းကြီးကို တွေ့ရတော့မှာ မဟုတ်လို့ ကျွန်တော် ၀မ်းနည်းတာအမှန်ပါလို့ သူကပြောတော့၊ နတ်မင်းကြီးက ၀မ်းမနည်းနေပါနဲ့ကွာ၊ နတ်မိမယ်က မင်းကို ကောင်းမှုကုသိုလ်တွေ ဘယ်ပုံဘယ်နည်း လုပ်ရမယ်ဆိုတာ သင်ပြပေးပါလိမ့်မယ်၊ ကောင်းတဲ့အမှုပြုရင် တို့ မဝေးဘူး "

" နတ်မင်းကြီးကလဲ တို့မဝေးဘူးတွေ ဘာတွေနဲ့ နတ်ကန္နားပေးတာ သွားနားထောင် ထားတယ်ထင်ပါရဲ့ "

" အဲဒီလိုပြောနေဆဲမှာပဲ နတ်သားစုတေလို့ နတ်သက်ကြွေရမယ့်အချိန်ကို ကျရောက်လာတယ်၊ နတ်သားက ခပ်မြန်မြန်ပဲ.. အို နတ်မင်းကြီး၊ ကျွန်တော် အခုပဲ သွားရတော့မယ်၊ ကျွန်တော်မသွားသေးခင်မှာ နတ်မိမယ်ရဲ့အမည်ကို ခပ်မြန်မြန် ပြောပြပါတဲ့ "

" နတ်မိမယ် အမည်က ဘယ်သူလဲ "

" နတ်မင်းကြီးက နတ်မိမယ်ရဲ့နာမည် က အရေးမကြီးပါဘူး၊ မင်း...သူ့ကိုခေါ်ရမှာက "

ရွှီးက ပြောလက်စပုံပြင်ကို ရပ်ပြီး သူ့ရှေ့စားပွဲပေါ်က ရေနွေးကြမ်းကို စိမ်ပြေနပြေ ယူသောက်နေတယ်၊ ကိုကောက်က စိတ်မရှည်တော့ဘူး။

" သူ့ကို ဘယ်လိုခေါ်မှာတဲ့လဲ "

" အမေ " 

[Reference: Myanmar Friends Group Website]

No comments:

Post a Comment