Tuesday, April 19, 2011

ဘယ်သူမပြု မိမိမှု


ဓနပါလသေဠိ ပေတ၀တ္ထု
( ရတနာသုံးပါး၍ မကြည်ညို နှမြောတွန့် တို၍ မိစ္ဆာအယူရှိသော သူဌေး အကြောင်း)
  မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဓနပါလပြိတ္တာကို အကြောင်းပြု၍ ဤ၀တ္ထုတော်ကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည် ။
ဘုရားရှင် ပွင့်တော်မမူမီ ပဏ္ဏတိုင်း ဧရကစ္ဆမြို့ ၌ ရတနာသုံးပါးအား မကြည်ညိုပဲ သဒ္ဓါတရားခေါင်းပါးလျက် နှမြောတွန့် တိုတတ်သည့် မိစ္ဆာအယူရှိသော ဓနပါလအမည်ရှိသည့် သူဌေးတစ်ဦး ရှိလေသည်။ထိုသူဌေးသည် လှည်းအစီး ရှစ်ဆယ်တိုက်မျှ များစွာသော ရွှေငွေဥစ္စာ များပိုင်ဆိုင်ကြွယ်ဝသော်လည်း တစိုးတစိမျှ ပေးကမ်းလှူဒါန်းသည်ဟူ၍ပင် မရှိပေ ။ထိုသူဌေးသည် မိစ္ဆာအယူဖြင့်ပင် သေလွန်သောအခါ သဲကန္တာရတစ်ခု၌ ပြိတ္တာဘုံဘ၀တွင် ဖြစ်ရလေ၏ ။
ထိုပြိတ္တာ၏ ခန္ဓာကိုယ်သည် ထန်းပင်လုံးခန့် ရှိ၍ ကြမ်းတမ်းသော အရေ၊ ကြမ်းတမ်းသော ဆံပင် ၊ကြမ်းတမ်း၍ အလွန်တရာဖောက်ပြန်သော ရုပ်သွင်ရှိလေသည်။ထိုပြိတ္တာသည် ၅၅ နှစ် ကာလကကြာမျှ ထမင်းတစ်လုံး ရေတစ်ပေါက်မျှပင် မစားရမသောက်ရသဖြင့် ဆာလောင်ငတ်မွတ်ခြင်း နှိပ်စက်ခံရကာ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေရလေသည်။
မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူပြီးသောအခါ သာဝတ္တိပြည်သား ကုန်သည်များသည် လှည်းငါးရာတို့ ဖြင့် ကုန်ရောင်းသွား၍ အပြန်လမ်းခရီးတွင် ခြောက်သွေ့ သောမြစ်တစ်ခုအနီး၌ ညအိပ်ရပ်နားကြလေသည်။ ထိုအခါ ပြိတ္တာသည် ရေဆာလွန်းလှသဖြင့် မြစ်၌ သောက်ရေရှာသော်လည်း ရေတစ်ပေါက်မျှ မရရှိသောအခါ မျှော်လင့်ချက်ကင်းမဲ့၍ အမြစ်မှ ပြတ်သောထန်းပင်ကဲ့သို့ ဒုက္ခဆင်းရဲကြီးစွာပင် မြေ၌ လဲလေသည်။
ထိုအခြင်းအရာကို ကုန်သည်များ မြင်ကြသောအခါ ပြိတ္တာအား အကြောင်းစုံမေးမြန်းကြလေသည်။
‘ .. အသင် ယောက်ျား အ၀တ်မပါ ၊အဆင်းမလှ ဖောက်ပြန်သော ရုပ်သွင်ဖြင့် ဆင်းရဲဒုက္ခကြီးလှစွာသော သင်ကား မည်သည့်မျိုးဇာတ် မည်သည့်အရပ်၌ နေထိုင်သူဖြစ်သနည်း .. ‘ ဟုမေးမြန်းကြလေသည် ။
ထိုအခါ ပြိတ္တာက … အို.. ကုန်သည်တို့ ငါသည်ကား ယမမင်း၏ နယ်ပယ်၌ ပါဝင်သော ပြိတ္တာတစ်ဦးဖြစ်ပါသည်။ လူ့ ဘ၀တွင် နေထိုင်စဉ်က မကောင်းမှု ဒုစရိုက်များကို ပြုမိမိုက်မှားခဲ့သောကြောင့် သေလွန်သောအခါ ဆင်းရဲဒုက္ခကြီးလှသော ဤပြိတ္တာဘုံဘ၀၌ ဖြစ်နေရပါသည် .. ဟု ဖြေလေသည်။
ကုန်သည်များက ဆက်၍ ..အသင် ပြိတ္တာ.. သင်သည် လူ့ ပြည်လောက၌ အဘယ်သို့ သော မကောင်းမှု အကုသိုလ်များကို ပြုလုပ်ခဲ့၍ ဤဆင်းရဲ ဒုက္ခကြီးမားလှသော ပြိတ္တာဘုံတွင် ဖြစ်ရသနည်း ..ဟု အကြောင်းစုံကို မေးမြန်းကြသောအခါ ပြိတ္တာသည် မိမိ၏ ဖြစ်ရပ်အစဉ်ကို ပြလို၍လည်းကောင်း ၊ ကုန်သည်တို့ အား ဆုံးမ သတိပေးလိုသည် ဖြစ်၍လည်းကောင်း အောက်ပါအတိုင်း ဖြေကြားလေသည် ။
..ကုန်သည်တို့ ..ရှေးအခါက ကျွနိုပ်သည် မဏ္ဏတိုင်း ဧရကစ္ဆမြို့ ၌ ဓနပါလမည်သော သူဌေးတစ်ဦး ဖြစ်ခဲ့ဖူး၏။ ထိုစဉ်က ကျွန်ုပ်တွင် ရွှေငွေဥစ္စာများ မရေတွက်နိုင်အောင်ပင် ချမ်းသာကြွယ်ဝပါသော်လည်း သဒ္ဓါတရားအလွန်နည်းပါးခဲ့ပြီး အလှူဒါနမပြုခဲ့ပါ။ အလှူခံများ မတွေ့ မြင်ကြစေရန် အစားအစာများကို ပုန်း၍ပင် စားသောက်ခဲ့ပါသည်။ သဒ္ဓါကြည်ဖြူစွာ ပေးလှူ၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများကို တွေ့ မြင်လျှင်လည်း တားမြစ်ပိတ်ပင်ခဲ့ပါသည်။ အလှူပေးခြင်း ၊သီလဆောက်တည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း…. ဟူသော မိစ္ဆာအယဖြင့် ရေတွင်းရေကန်၊ ရေအိုးစင်၊တံတားဥယျာဉ်တို့ ကို ဖျက်ဆီးစေခဲ့ပါသည်။ အကွန်ုပ်သည် ဒါနသီလမပြုပဲ အကုသိုလ်လိုက်စား မိုက်မှားခဲ့ခြင်းကြောင့် လူ့ ပြည်မှ သေလွန်သောအခါ ဆာလောင် ငတ်ပြတ်၍ ဆင်းရဲ ဒုက္ခကြီးမားလွန်းလှသော ပြိတ္တာဘုံဌာနမှာ မကောင်းမှုအကုသိုလ် ကံ၏ အကျိုးကို ခံစားနေရပါသည်။ ကျွန်ုပ်သည် လူ့ ဘုံလောကမှ သေလွန်သည်မှစ၍ ယနေ့ အထိ ၅၅ နှစ်တို့ ကာလပတ်လုံး ထမင်းတစ်လုံး ရေတစ်ပေါက်မျှပင် မစားသောက်ခဲ့ရပါ..။မပေးလှူလို နှမြောတွန့် တိုခြင်းသည် ဆင်းရဲပျက်စီးခြင်း၏ အကြောင်းပင် ဖြစ်ပေသည်။ ဆင်းရဲပျက်စီးခြင်းသည် မပေးမလှူ နှမြောတွန့် တိုခြင်း၏ အကျိုးပင်ဖြစ်ပေသည် ..။
……အို ကုန်သည်တို့  အကျွန်ုပ်သည် ဤနေ့ မှစ၍ လေးလလွန်သောအခါ ပြုလုပ်ခဲ့သောမကောင်းမှု အကုသိုလ်ကံကြောင့် ငရဲသို့ ကျရောက်ပါတော့မည်။ မကောင်းမှု အကုသိုလ်ကံ မကုန်သေးသမျှကာလပတ်လုံး ငရဲ၌ ယခုထက်ပင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရပါတော့မည် ဖြစ်၍ ငါသည် ပြင်းစွာပူပန်နေရပါသည်..
………ကုန်သည်တို့ အကျွန်ုပ်သည် သင်တို့ အား သတိပေးမှာကြားလိုက်ပါသည် ..သင်တို့ သည် မျက်မှောက်မျက်ကွယ်၌ မကောင်းမှု ဒုစရိုက် အကုသိုလ်များကို မပြုမိကြပါစေကုန်လင့် ၊ အကယ်၍ ပြုလုပ်ကြသည် ရှိသော် မိမိပြုထားသည့် မကောင်းမှုကံအကျိုးဖြစ်သော ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ချမ်းသာခွင့် မရှိနိုင်ပါ..အကျိုးပေးခွင့်ကြုံလာပါက ဘယ်နေရာဘယ်ဌာန၌ မဆို မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်ရိုးမရှိပေ ။

………အို ကုန်သည်တို့  သင်တို့ သည် မိဘကျေးဇူးကို အထူးသိတတ်၍ ရိုသေစွာ လုပ်ကျွေးပြုစုကြပါ..မိမိထက်အသက်သိက္ခာကြီးမြင့်သူုများကို ရိုသေလေးစားကြပါ..၊သီလ သမာဓိ ပညာတို့ နှင့်ပြည့်စုံကုန်ကြသော ရဟန်း ပုဏ္ဏား လူတော်လူမြတ်တို့ ၏ ဂုဏ်ကျေးဇူးကို အထူးသိမြင်၍ ပူဇော်ပသမှုပြုကြပါ..သင်တို့ သည် ဤသို့ ကောင်းမှုကုသိုလ်တို့ ကို ပြုလုပ်ကျင့်သုံးကြပါက သေလွန်သောအခါ နတ်ပြည်လောကသို့ ရောက်နိုင်ကြပါလိမ့်မည် … ဟူ၍ မှာကြားသတိပေးလေသည်။
….ကုန်သည်အပေါင်းတို့ သည်လည်း ပြိတ္တာ၏ စကားစုံကို ကြားကြသောအခါ ထိန့် လန့် ခြင်းများ ပျင်းစွာဖြစ်၍ ထိုပြိတ္တာကြီးအား သနားကြင်နာလှသဖြင့် ပြိတ္တာကို ပက်လက်အိပ်စေပြီးလျှင် ရေအိုးများစွာဖြင့် ပါးစပ်အတွင်းသို့  ရေလောင်းထည့်ကြလေသည် ။သို့ ပါသော်လည်း ရေတို့ သည် ပြိတ္တာ၏ အကုသိုလ်ကံအစွမ်းကြောင့် ပါးစပ်အတွင်းသို့ မ၀င်ပဲ အောက်သို့ သာလွှင့်စင်၍ သွားလေသည်။ ကုန်သည်တို့ က ပြိတ္တာကြီးအား ရေဆာခြင်းကင်း၍ ချမ်းသာပါရဲ့ လားဟုမေးလေလျှင် ပြိတ္တာက သင်တို့ သည် ရေအိုးများစွာဖြင့် လောင်းထည့်ကြသော်လည်း ကျွန်ုပ်၏ ပါးစပ်အတွင်းသို့  ရေတစ်စက်မျှပင် မ၀င်ပါဟုဖြေလေသည်။
……..ကုန်သည်တို့ လည်း ပြိတ္တာ၏ပြောစကားကြောင့် ပြင်းစွာထိန့် လန့် ခြင်းဖြစ်ကာ သင့်မှာ ရေဆာခြင်းကင်း၍ ချမ်းသာရာရကြောင်း တစ်စုံတစ်ရာနည်းလမ်းရှိပါ၏လောဟု မေးမြန်းကြလေသည် ။
…………ထိုအခါ ပြိတ္တာက…မြတ်စွာဘုရားကိုဖြစ်စေ ၊ဘုရားရှင်၏ တပည့်သား သံဃာတော်တို့ ကိုဖြစ်စေ အလှူဒါနပေးလှူပြီး ကုသိုလ်အဖို့ ဘာဂကို အကျွန်ုပ်အား အမျှတန်းပေးဝေပါက ချမ်းသာရာ ရနိုင်ကြောင်း ပြောကြားလေသည်။
……………ကုန်သည်များလည်း ပြိတ္တာ၏ ပြောပြချက်ကို မှတ်သားခဲ့ကြ၍ သာဝတ္တိပြည်သို့ ပြန်ကြပြီးလျှင် မြတ်စွာဘုရားရှင်အား ထိုအခြင်းအရာကို ပြောပြလျှောက်ထားလေ၏ ။ ထို့ နောက် သရဏဂုံ သီလခံယူတော်မူပြီး ဘုရားအမှုးရှိသော သံဃာတော်တို့ အား ခုနစ်ရက်ကြာမျှ အလှူဒါနတို့ ဖြင့် ပြုစုလုပ်ကျွေးပြီးသောအခါ ကုသိုလ်၏အဖို့ ဘာဂတို့ ကို ပြိတ္တာအား အမျှပေးဝေကြလေသည်။
………မြတ်စွာဘုရားရှင်သည် အထက်ပါ ပြိတ္တာ၏ ဖြစ်ရပ်အကြောင်းစုံကို အကြောင်းပြု၍ ပရိသတ်အပေါင်းတို့ အား တရားဓမ္မများ ဟောကြား ဆုံးမတော်မူလေသည်။ ထိုအခါ လူအပေါင်းတို့ လည်း မိမိတို့ ၏ မပေးမကမ်း နှမြောတွန့် တိုသော မိစ္ဆာရလောဘစိတ်တို့ ကင်း၍ ဒါနသီလ စသော ကုသိုလ်ကောင်းမှု တို့ ၌ စောင့်ထိန်းလိုက်နာကျင့်သုံးကြသည်ရှိသော် သေလွန်ကြသောအခါ ကောင်းမြတ်သော ဘုံဌာနတို့ ၌ ရောက်ရှိခံစားကြလေတော့သည် ။

----------
ကံကံ၏ အကျိုးကိုနားလည်ကြပြီး ကုသိုလ်ဒါနကောင်းမှုများ မပြတ်ဆည်းပူးနိုင်ကြပါစေ..
ခင်မင်လျက်
နန္ဒ

No comments:

Post a Comment