သူငယ်ချင်းဟာ သူ့မိန်းမရဲ့ဗီရိုကိုဖွင့်လိုက်ပြီး ဗီရိုထဲက တစ်ထောင့်တစ်နေရာမှာ ကျကျနနသိမ်းထားတဲ့အထုပ်ကလေးတစ်ထုပ်ကို ဆွဲယူလိုက်ပါတယ်။ အထုပ်ကလေးက စက်ကူအိတ်ကောင်းကောင်းလေးနဲ့ ကျကျနန ထုပ်ထားတဲ့ အထုပ်ကလေးပါ။
“တခြားမဟုတ်ပါဘူး၊ ဒါ ပိုးချိတ်ထဘီလေးပါ…”
သူငယ်ချင်းက ပြောရင်းနဲ့အထဲက ချိတ်ထဘီလှလှလေးကို ဆွဲထုတ်လိုက်ပြီး ထုပ်ထားတဲ့စက်ကူအိတ်ကိုတော့ လုံးချေလွှင့်ပစ်လိုက်ပါတယ်။ ပြီးတော့ ပိုးသားထဘီလေးကို ဖြန့်တဲ့ပြီး လှပတဲ့ အဆင်အသွေးကို သေချာကြည့်နေလေရဲ့။
“သည်ထဘီလေးကို ကျွန်တော်တို့တွေ မန်းတလေးကို ပထမဆုံးအကြိမ် သွားကြတုန်းက၀ယ်ခဲ့တာလေ၊ ၉နှစ်၊ ၁၀နှစ်လောက်တောင်ရှိပြီပေါ့ ၊ တစ်ခါမှကို မ၀တ်ရသေးဘူး၊ ကျွန်တော့်အမျိုးသမီးက တကယ့်ပွဲနေပွဲထိုင်ကျမှ ၀တ်မယ်ဆိုပြီး သိမ်းထားတာ၊ အခုတော့ တကယ့်ပွဲနေပွဲထိုင် ဖြစ်သွားပြီပေါ့လေ…”
ပြောပြောဆိုဆိုနဲ့သူငယ်ချင်းဟာ သူ့တို့အိပ်ရာခုတင်ဆီကို သွားလိုက်ပြီး ထဘီလေးကိုသင်္ချိုင်းကိုယူသွားမယ့် တခြားပစ်စည်းတွေနဲ့အတူ ထားလိုက်ပါတယ်။
ဟုတ်ပါတယ်… သူ့ဇနီးက မနေ့ကပဲ ဆုံးသွားခဲ့ပါပြီ။
သူက ကျွန်တော့်ဘက်ကို လှည့်ပြီး ပြောလိုက်ပါသေးတယ်။
“ဘာကိုပဲဖြစ်ဖြစ် ပွဲနေပွဲထိုင်ကျမှသုံးမယ်၊ မင်္ဂလာယူတဲ့အခါမှ သုံးမယ်ဆိုပြီး သိမ်းသိမ်းမထားနဲ့ဗျာ၊ နေ့တိုင်းဟာ ကိုယ့်အတွက် ပွဲနေပွဲထိုင်ပဲ၊ မင်္ဂလာရှိနေတာပဲလို့သာ အောက်မေ့တာ အကောင်းဆုံးပါပဲ…” တဲ့။
ကျွန်တော် သူ့စကားကို စဉ်းစားနေမိတာ သူ့အိမ်ကပြန်လာပြီးတဲ့နောက် အတော်ကြာတဲ့အထိပါပဲ။
သူ့စကားက ကျွန်တော့်ဘ၀ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ အခုဆို ဗီဒီယိုကြည့်ဖို့ထက် စာဖတ်ဖို့၊ တရားရှုမှတ်ဖို့ ပိုအချိန်ပေးနေမိပြီ။ ဒါမှမဟုတ်လည်း သြကာသလောကရဲ့သာယာတင့်မောပုံတွေကို ရုပ်မြင်သံကြားက ဇာတ်လမ်းတွဲတွေထက် ပိုခံစားမိနေခဲ့ပြီ။
အလုပ်တွေနင်းခွလုပ်ဖို့ထက် မိသားစုနဲ့၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့နေတဲ့အချိန်ကို ပိုပေးနေမိပြီ။ ဘ၀ဆိုတာဟာ အသက်ရှင်နေတာ တစ်ခုတည်းအတွက်မဟုတ်ဘူး၊ ဆက်တိုက်ရင်ဆိုင်ရတဲ့ဘ၀အတွေ့အကြုံအထွေထွေကို ခံစားဖို့ပဲဆိုတာကိုလည်း သဘောပေါက်လာခဲ့ပြီ။ ပြီးတော့ ဘာကိုမှလည်း ဘယ်တော့ကျမှထုတ်သုံးလိုက်မယ်၊ ထုတ်ဝတ်လိုက်မယ်၊ ထုတ်စားလိုက်မယ်ဆိုပြီး တကူးတကန့် သိမ်းမနေတော့ဘူး။
တစ်ချိန်က မှန်ဘီရိုထဲမှာ အလှပြထားတဲ့ ဖန်ခွက်အကောင်းစားတွေ၊ ပန်းကန်ခွက်ယောက်တွေကိုလည်း အခုတော့ နေ့တိုင်းချသုံးဖြစ်နေခဲ့ပြီ။ ဘာဖြစ်တုန်း၊ ကွဲသွားလည်း၊ ပစ်စည်းသင်္ခါရ၊ လူသင်္ခါရလို့ တွေးရဲလာပြီ။ ဟိုနားသည်နားသွားတဲ့အခါမှာလည်း ၀တ်ချင်စိတ်ပေါက်လာတဲ့ အကောင်းစားတွေ ချဝတ်တယ်။ နွမ်းသွားတော့၊ ရော်သွားတော့ရော ဘာဖြစ်သေးလဲ၊ ပစ်စည်းသင်္ခါရ၊ လူသင်္ခါရ။
“တစ်နေ့ကျရင်” ဆိုတဲ့ဝေါဟာရလည်း ကျွန်တော့်အဘိဓာန်ထဲမှာ မရှိတော့ဘူး။ တကယ်လို့များ ကျွန်တော့်သူငယ်ချင်းရဲ့ဇနီးသည်အနေနဲ့ အများနည်းတူ သူမျှော်လင့်စောင့်စားနေခဲ့တဲ့ နေ့တစ်နေ့မှာ သူအသက်ရှင်လျှက် ရှိမနေနိုင်ဘူးဆိုတာ ကြိုများသိခဲ့မယ်ဆိုရင် ဘယ်လိုတွေများ လုပ်ဖြစ်ခဲ့မလဲဆိုတာ စဉ်းစားကြည့်မိတယ်။ သူ့ဆွေမျိုးတွေ၊ ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပဲ တွေ့ဖြစ်ခဲ့လေမလား။ ဒါမှမဟုတ်လည်း မကျေမလည်ဖြစ်ခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်းတွေကို တွေ့ပြီး တောင်းပန်စကားတွေ၊ ခွင့်လွှတ်စကားတွေပဲ ပြောဖြစ်သွားလေမလား။ ဒါမှမဟုတ်လည်း သူအင်မတန်ကြိုက်တဲ့ အုန်းထမင်းနဲ့ ကြက်သားဟင်းလေးပဲ ချက်စားဖြစ်ခဲ့လေမလား။
ကျွန်တော်သာဆိုရင်လည်း သေခါနီးနောက်ဆုံးအချိန်မှာ အဲသလို ဘာမဟုတ်တာလေးတွေနဲ့ပဲ စိတ်အနှောက်အယှက် ဖြစ်နေမိမှာပေါ့။
တစ်နေ့နေ့ကျရင် အဆက်အသွယ်လုပ်မယ်ဟဲ့လို့ တွေးထားဖြစ်ရက်ကနဲ့ မတွေ့ဖြစ်နိုင်ခဲ့တဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ခွင့်မရလိုက်တာလေးတွေအတွက် စိတ်နှောက်အယှက်ဖြစ်ချင်ဖြစ်နေမယ်။ တစ်နေ့နေ့ကျရင် ရေးလိုက်ဦးမယ်လို့ တေးထားပြီး ကနေ့ထက်တိုင် မရေးဖြစ်နိုင်သေးခဲ့လို့ ဘယ်တော့မှလည်း ရေးဖြစ်တော့မှာ မဟုတ်တဲ့စာတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ချင်ဖြစ်နေမယ်။
အဆိုးဆုံးကတော့ ၀ိပသနာတရားဆိုတာကို ကြားဖူးပင်ကြားဖူးခဲ့လင့်ကစား အာရုံအမျိုးမျိုးနောက်ကောက်ကောက်ပါခဲ့ရင်း တစ်နေ့ကျ အားထုတ်မယ်လို့ တေးထားခဲ့မိရာက အခုကျတော့မှ ဘာမှလုပ်လို့ မရတော့မှာ၊ သံသရာမပြတ်တော့မှာကို တွေးမိပြီး စိတ်အနှောက်အယှက် ဖြစ်နေရတော့မှာပါပဲ။
ဒါတွေကို တွေးမိလာရတဲ့အခါ ရက်ရွှေ့တဲ့အလုပ်၊ ဆိုင်းငံ့တဲ့အလုပ်ကို မလုပ်မိအောင် ကြိုးစားနေမိရတော့တယ်။ နေ့တိုင်းလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိတယ်။ ဒီနေ့ဟာ ကိုယ့်အတွက် မင်္ဂလာရှိတဲ့နေ့ပဲလို့။
နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်းဟာ မင်္ဂလာရှိတာချည်းပါပဲ။
(အတွေးသစ်ဂျာနယ်၊ ၂၉-၀၅-၀၁)
အက်တကျော်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” (မောဟပြေ ပုံတိုပတ်စများ) စာအုပ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment