Sunday, April 3, 2011

ပန်းသီးလေးတွေပါ

တစ်ညနေခင်းမှာ သားတော်မောင် ကျောင်းကပြန်လာတော့ သူ့မျက်နှာက မရှင်းဘူး။ စိတ်ရှုပ်နေသလိုလို၊ တစ်ခုခုကို ဝေခွဲမရဖြစ်နေသလိုလို မျက်နှာပေးနဲ့မို့ ဘာဖြစ်လာသလဲလို့ မေးတော့ သားကပြောတယ်။

          “အသားအရောင်တွေ၊ လူမျိုးတွေ၊ ဘာသာတွေမတူကြပေမယ့်လူဟာ လူပဲဆိုတာ ဟုတ်သလားဖေဖေ” တဲ့။
          ကျွန်တော် ခဏတော့ တွေသွားပါတယ်။ သားနားလည်အောင် ဘယ်လိုရှင်းပြရမလဲဆိုတာ စဉ်းစားလိုက်တာပါ။
          “ဖေဖေ ရှင်းပြမယ် သား။ ဒါပေမယ့် မရှင်းပြခင် ဖေဖေနဲ့သား လမ်းထိပ်က သစ်သီးဆိုင်သွားကြရအောင်ကွာ။ ဖေဖေ သားကို ပြစရာရှိတယ်”
          သည်လိုနဲ့ သစ်သီးဆိုင်ရောက်တော့ ပန်းသီးဝယ်ရအောင်လို့ သားကို ပြောလိုက်ပါတယ်။ အဆင်သင့်ပါပဲ။ ဆိုင်မှာ ပန်းသီးက သုံးမျိုးတောင်ရှိနေတယ်။ အနီရောင်၊ အစိမ်းရောင်၊ အ၀ါရောင် ပန်းသီးသုံးမျိုးပေါ့။ ဒါနဲ့ ကျွန်တော်လည်း သုံးမျိုးစလုံး ၀ယ်လိုက်တယ်။
          အိမ်ရောက်တော့ အဲသည့် ပန်းသီးတွေထဲက အရောင်မတူတဲ့ ပန်းသီးတစ်လုံးစီကို စားပွဲပေါ်တင်လိုက်တယ်။ အနီ၊ အစိမ်း၊ အ၀ါ တန်းစီပြီး တင်လိုက်တာပါ။
          “ကဲ… သားမေးတဲ့ မေးခွန်းကို ဖေဖေဖြေမယ်နော်…”
          စားပွဲတစ်ဖက်ခြမ်းမှာထိုင်နေတဲ့သားက မျက်လုံးလေးပြူးပြီး ကြည့်နေတယ်။
          “လူတွေဟာ ပန်းသီးတွေလိုပါပဲသားရယ်…။ အရွယ်အစားတွေ၊ ပုံသဏ္ဍာန်တွေ၊ အရောင်တွေ မတူကြဘူးသားရဲ့… “
          အ၀ါရောင်ပန်းသီးလေးမှာ အနာလေးတွေပါတာကိုမှ တမင်ရွေးပြီး ကျွန်တော်က ၀ယ်ခဲ့တာမို့ အဲသည့်အ၀ါရောင်ပန်းသီးပေါ်က အနာလေးတွေကို သားမြင်သာအောင် ပြလိုက်ရင်း ကျွန်တော် ဆက်ပြောလိုက်ပါတယ်။
          “အဲ… ပြီးတော့လည်း တချို့မှာကျတော့ ဟောသလို အနာအဆာလေးတွေလည်း ပါတယ်။ ထည့်လာတဲ့ပုံးနဲ့၊ ခြင်းနဲ့ ဖိမိတိုက်မိလို့ပဲဖြစ်ဖြစ်၊ အချင်းချင်း တိုးမိ ထိမိလို့ပဲဖြစ်ဖြစ်၊ နေဒဏ် မိုးဒဏ်ကြောင့်ပဲဖြစ်ဖြစ်၊ ရော်တာတွေ၊ ရိတာတွေ၊ နာတာ ပဲ့တာလေးတွေလည်း ပါချင်ပါနေတတ်တာပဲ။ အပြင်ပန်းကြည့်ရင်တော့ စားချင်စရာတောင် မကောင်းတဲ့ ပုံပေါက်နေတာကို သားမြင်နေရမှာပဲ… “
          ကျွန်တော်ပြောနေခိုက်မှာ သားက ပန်းသီးတစ်လုံးစီကို သေသေချာချာလေးကြည့်နေတယ်။
          ပြီးတာနဲ့ ကျွန်တော်လည်း ပန်းသီး၃လုံးစလုံးကို ယူပြီး ရေဆေး၊ အခွံနွှာ၊ လှလှပပလေး ခွဲစိတ်လိုက်ပြီး ပန်းကန်ပြားသုံးချပ်ထဲမှာ ခွဲထည့်လိုက်ပါတယ်။ ပြီးတော့ ပန်းကန်သုံးချပ်ကို စားပွဲပေါ်မှာ တန်းစီချထားလိုက်တယ်။
          “ကဲ… သား။ သည်ပန်းကန်သုံးချပ်မှာ ဘယ်ပန်းကန်ထဲက ပန်းသီးက အနီရောင်၊ ဘယ်ဟာက အစိမ်းရောင်၊ ဘယ်ဟာက အ၀ါရောင်ဆိုတာ သား ဖေ့ဖေ့ကို ခွဲပြနိုင်မလား… “
          “ဘယ်ခွဲလို့ရတော့မလဲ ဖေဖေရဲ့…“
          “ဒါဆိုရင် တစ်ခုစီ ကိုက်ကြည့်၊ ၀ါးကြည့်ပြီး ဘယ်ဟာက ဘာဆိုတာ ခွဲကြည့်ပါလား”
          သားက တစ်ပန်းကန်စီက တစ်စိတ်စီယူပြီး အားရပါးရ ကိုက်စားနေပါတယ်။ သုံးပန်းကန်စလုံးထဲက စားကြည့်ပြီးသွားတဲ့အခါမှာတော့ သားရဲ့မျက်နှာက ၀င်းပနေပါတယ်။
          “သားနားလည်ပြီဖေဖေ။ လူတွေအားလုံးဟာ ပန်းသီးတွေလိုပဲပေါ့နော်။ အပြင်ပန်းကတော့ မတူဘူးလို့ ထင်ရပေမယ့် အတွင်းမှာတော့ အားလုံးက တူနေတာပဲ…”
          “ဒါပေါ့သားရဲ့၊ နည်းနည်းပါးပါးချဉ်တဲ့ ပန်းသီးရှိနိုင်ပေမယ့် ပန်းသီးချဉ်တာက သံပုရာသီးလိုတော့ ဘယ်ဖြစ်ပါ့မလဲ။ ပန်းသီးအသားကလည်း နာနတ်သီးအသား၊ ဆီးသီးအသားလိုလည်း ဘယ်ဖြစ်နေပါ့မလဲ၊ ပန်းသီးကတော့ ပန်းသီးပဲပေါ့။ လူတွေမှာလည်း အတူတူပဲ သားရဲ့။ တစ်ဦးစီရဲ့ စရိုက်တွေ၊ အကြိုက်တွေ၊ အစွဲတွေ၊ ယုံကြည်မှုတွေ၊ ခံစားချက်တွေ၊ ပုံပန်းသဏ္ဍာန်တွေ၊ အရပ်အမောင်းတွေ၊ ဥပဓိရုပ်တွေ မတူကြပေမယ့်၊ အသက်ရှုချင်းကွဲတယ်လို့ဆိုကြပေမယ့် အခြေခံအားဖြင့်တော့ လူဟာ လူပါပဲ သားရယ်…”
          သား သဘောပေါက်သွားပါပြီ။ ကျွန်တော် သည့်ထက်ပိုပြီး ပြောစရာ ရှင်းစရာ မလိုတော့ပါဘူး။
          အခုဆို ပန်းသီးစားလိုက်တိုင်း ကျွန်တော့စိတ်ထဲမှာ ပိုချိုလာသလို ခံစားရပါတယ်။
          “ခင်မ် အေရန်” ဆိုသူ ရေးထားတဲ့ စာတိုလေးကို ဆီလျော်အောင် ပြန်ဆိုလိုက်တာပါပဲ။
          ကမ်ဘာ့ကျေးရွာဝါဒ ခေတ်စားလာချိန်နဲ့လိုက်ဖက်တဲ့ ဥပမာလေးလည်း ဖြစ်လို့နေပါတယ်။
          ပိုဆိုးတာက ကျွန်တော်တို့မှာ အစွဲလေးတွေကပ်နေတယ်။ ဘယ်လူမျိုးဆိုရင် ဘယ်ကဲ့သို့၊ အသားအရောင်ကဘယ်လိုဆိုရင် ဘယ်ချမ်းသာဆိုတာမျိုးလေးတွေက သူသူကိုယ်ကိုယ် လူတိုင်းမှာ ရှိနေတတ်စမြဲပါပဲ။
          ဒါပေမယ့် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ ဘာအသားအရောင်ပဲဖြစ်ဖြစ် ပါးစပ်နဲ့အစာစား၊ နှာခေါင်းနဲ့အသက်ရှု၊ ခြေထောက်နဲ့ လမ်းလျှောက်၊ လက်နဲ့ကိုင်တွယ်ဆောင်ရွက် နေကြရတာချည်းဖြစ်သလို အိုခြင်းနာခြင်း၊ သေခြင်းကိုလည်း ရင်ဆိုင်ကြရမှာပါပဲ။ ထိုနည်းတူ စိတ်လွတ်ကိုယ်လွတ်နေချင်တာ၊ စိတ်ချမ်းသာချင်တာ၊ သည်ကြားထဲကမှ ဒုတ်ခသုတ်ခတွေနဲ့ ရင်ဆိုင်ကြရတာလည်း အသားအရောင်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေးပါဘူး။
          တစ်ခါက ကြားဖူးတဲ့ စကားလေးတစ်ခုကို နိဂုံးချုပ်အနေနဲ့ ပြန်ပြောပြချင်ပါတယ်။
          အာကာသယာဉ်မှူးတစ်ယောက်က ကမ်ဘာပတ်လမ်းကြောင်းထဲကို ရောက်သွားတဲ့အခါမှာ ကမ်ဘာကြီးကို လှမ်းကြည့်လိုက်မိတယ်တဲ့။ ပြီးတော့ မြင်နေရတဲ့ကမ်ဘာကြီးထဲမှာ သူ့မိခင်တိုင်းပြည်ကို ပြန်ရှာကြည့်တော့ မနည်းကြည့်တာတောင် မတွေ့ရဘူး၊ သူ့တိုင်းပြည်ပါဝင်တဲ့တိုက်ကြီးကိုသာ တွေ့ရပြီး သူ့တိုင်းပြည်ဟာ ဘယ်နားလောက်မှာဖြစ်မယ်လို့ဆိုတာလောက်ပဲ မှန်းလို့ရသတဲ့။
          သည်အခါမှာ သူဆက်ပြောလိုက်တဲ့စကားက သိပ်ကောင်းလှပါတယ်။
          မြေပုံပေါ်မှာဆွဲထားတဲ့၊ နယ်မြေမှတ်သားပိုင်းခြားတဲ့ မျဉ်းကောက်မျဉ်းကွေးတွေဟာ လူတွေရဲ့စိတ်ကူးထဲမှာသာရှိပြီး တကယ်တမ်းကမ်ဘာ့မြေမျက်နှာပြင်ပေါ်မှာရှိနေတဲ့ မျဉ်းတွေမဟုတ်ပါဘူးတဲ့။
          တကယ်တော့ အဲသည့်စိတ်ကူးထဲကမျဉ်းတွေကို အဟုတ်မှတ်နေကြလို့သာ လူတွေမတူ၊ တိုင်းပြည်တွေကွဲပြား၊ အယူဝါဒတွေ သီးခြားစီ ဖြစ်နေကြတာပါ။
          ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်အယူနဲ့ပဲဖြစ်ဖြစ် လူတွေဟာ ပန်းသီးလေးတွေလိုပါပဲလေ…
(အတွေးသစ်ဂျာနယ်၊ ၂၅-၀၉-၀၁)

အက်တကျော်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” (မောဟပြေ ပုံတိုပတ်စများ) စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

No comments:

Post a Comment