အသည်းအသန်ဖြစ်နေတဲ့လူမမာနှစ်ယောက်ဟာ ဆေးရုံတစ်ရုံမှာ တစ်ခန်းတည်း သွားကျနေတယ်။
လူမမာတစ်ယောက်က တစ်နေ့ကိုတစ်နာရီလောက် ခုတင်ပေါ်မှာ ထိုင်ခွင့်ရတယ်။ ဒါမှလည်း သူ့အဆုတ်ထဲက အရည်တွေကို စစ်သလို ဖြစ်မှာကိုး။ အဲလို ထထိုင်ခွင့်ရတဲ့သူရဲ့ခုတင်က အဲသည့်အခန်းလေးရဲ့ တစ်ခုတည်းသော ပြတင်းပေါက်ဘေးမှာ ရှိနေပါတယ်။
နောက်တစ်ယောက်ခမျာမှာတော့ တစ်ချိန်လုံး ကျောခင်းနေရတဲ့ အနေအထားပါ။ ဘယ်လိုဘဲဖြစ်ဖြစ်၊ လူမမာနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်အဖော်လုပ်နေကြရတယ်။ ဇနီးမယားသမီးသားတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ တောအကြောင်း၊ တောင်အကြောင်း ရောက်တက်ရာရာပြောရင်းနဲ့ ညည်းငွေ့ဖွယ်ရာ သူတို့ရဲ့နေ့တာများကို ကျော်လွန်ဖြတ်သန်းနေကြပါတယ်။
အဲလိုနဲ့ နေ့ခင်းချိန်ခါကိုရောက်လို့ ပြတင်းပေါက်ဘေးခုတင်ပေါ်ကလူမမာ ထထိုင်ပြီဆိုတာနဲ့ သူဟာ ပက်လက်လဲနေတဲ့ လူမမာကို ပြတင်းကတစ်ဆင့် သူမြင်ရသမျှကို ပြောပြလေ့ရှိတယ်။
ခုတင်ပေါ်မှာ ပက်လက်လဲနေရှာတဲ့ လူမမာခမျာမှာလည်း အဲတော့မှပဲအပြင်လောကကြီး၇ဲ့အရောင်တွေ၊ အရိပ်တွေကို နားနဲ့ခံစားရင်း အသက်ဆက်နေနိုင်တော့တယ်။
ပြတင်းပေါက်က လှမ်းမြင်နေရတာကတော့ သာယာတဲ့ရေကန်လေးနဲ့ ပန်းခြံလေးတစ်ခုပါပဲ။ ဘဲတွေ၊ ငန်းတွေဟာ ရေကူးမြူးတူးနေကြသလို ကလေးငယ်တွေကလည်း သူတို့ရဲ့ စက်ကူလှေလေးတွေကို ကန်ထဲမှာ လွှတ်နေကြတယ်။
ငယ်ရွယ်တဲ့ ချစ်သူစုံတွဲတွေကတော့ လက်ချင်းချိတ်လို့၊ ရောင်စုံပန်းခြံကြီးထဲမှာ လမ်းလျှောက်နေတာကိုလည်းတွေ့နိုင်တယ်။ ဟိုးအဝေးဆီမှာတော့ မိုးကုတ်စက်ဝိုင်းပါ။
ပြတင်းဘေးက လူမမာဟာ သူမြင်ရသမျှကို အဲလို အသေးစိတ် ပြောပြတတ်သလို ပက်လက်လဲနေတဲ့ လူမမာကလည်း ပြောသမျှကို မျက်စိစုံမှိတ်နားထောင်ရင်းစိတ်ကူးထဲမှာ အပြင်ဘက်က ကမ်ဘာလေးကို ပုံဖော်ကြည့်နေတတ်တယ်။
တစ်နေ့ခင်းမှာတော့ ပြတင်းနားကလူက သူမြင်ရတဲ့ ရှင်းလောင်းပွဲတစ်ပွဲကို ပြောပြပြန်ပါတယ်။ ရှင်လောင်းလှည့်တဲ့အခါ ကြားရမြဲဖြစ်တဲ့ ဆိုင်းသံတွေကို မကြားရပေမယ့် ပြတင်းနားက လူရဲ့ပြောင်မြောက်တဲ့ အပြောအဆိုကြောင့် ပက်လက်လဲနေသူရဲ့ စိတ်အာရုံမှာ ရှင်လောင်းလှည့်နေတာကို ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရသလိုပါပဲ။
အဲသည့်အချိန်မှာပဲ စိတ်ရိုင်းက ပက်လက်လဲနေသူရဲ့ ရင်ထဲကိုဖျက်ခနဲဝင်လာတယ်။ လူမမာချင်းအတူတူ၊ သူကျတော့ အပြင်ကို မြင်ခွင့်ရနေပြီး ကိုယ့်ကျမှ အကန်းတစ်ယောက်လို ဖြစ်နေပါလားလို့ တွေးမိလာတာပါ။ ပထမတော့ ကိုယ့်အတွေးနဲ့ကိုယ် တော်တော်ရှက်သွားတယ်။ သည်လို တွေးမိစရာလား၊ မနာလိုစိတ် ပေါ်စရာလားပေါ့။
ဒါပေမယ့် ရက်တွေကြာလာပြီး မမြင်လိုက်ရတာတွေက များလာတဲ့အခါမှာတော့ သူ့ရဲ့မနာလိုစိတ်ဟာ မစ်စရိယစိတ်အဖြစ်ကို အလိုလို ပြောင်းလဲသွားပြီး ခါးသီးလာတော့တယ်။ အဲသည့်ခံစားချက်က ဘယ်လောက်တောင် ပြင်းသလဲဆိုရင် သူကတော့ မြင်ခွင့်ရနေပြီး၊ ကိုယ့်ကျမှအခြေအနေ မပေးလေခြင်းဆိုတဲ့ အတွေးက သူ့ကို တစ်ချိန်လုံး နှိပ်စက်နေတော့တယ်။ ညဆို အိပ်လို့တောင် မပျော်တော့ဘူး။
ပက်လက်လဲနေသူဟာ ပြတင်းဘေးက ခုတင်ကို လိုချင်တဲ့စိတ်တွေနဲ့ လုံးချာလိုက်လာပြီ။ သူ့ဘ၀မှာ ပြတင်းဘေးက ခုတင်လောက် မက်မောစရာ ကောင်းတာ မရှိတော့သလိုကြီးကို ဖြစ်လာတယ်။
တစ်ညမှာတော့ ပက်လက်လဲနေတဲ့သူဟာ မျက်နှာကြက်ကို မမှိတ်မသုံကြည့်ရင်းနဲ့ အိပ်မပျော်တဲ့ညကို ဖြတ်သန်းနေချိန်မှာပဲ တစ်ဖက်ခုတင်က လူဟာ ချောင်းတွေ တအားဆိုးလာတော့တယ်။ သူ့အဆုတ်က အတော်ဒုတ်ခပေးနေတာမို့ ချောင်းအဆိုးလိုက်မှာ အဆုတ်ထဲက အရည်တွေက အတက်ရှုလမ်းကြောင်းကို ပိတ်ဆို့နေတယ်။
တစ်ဖက်ခုတင်က ပက်လက်လဲနေသူဟာ သူ့အခန်းဖော်ကို အသာလေးကြည့်နေလိုက်တယ်။ ချောင်းဆိုးရင်း အသက်ရှုတွေ တအားကြပ်နေတဲ့ ပြတင်းဘေးက လူမမာဟာ အရေးပေါ်လူခေါ်ခေါင်းလောင်းဆီကို လက်လှမ်းနေတာလည်း တွေ့နေရတယ်။ ပက်လက်လဲနေတဲ့ လူမမာဟာ တစ်ဖက်ခုတင်က လူရဲ့ချောင်းသံ၊ မောဟိုက်သံတွေကို နာခံရင်းနဲ့ပဲ မလှုပ်မယှက်ငြိမ်ငြိမ်လေးနေလိုက်တယ်။ အမှန်ဆို သူ့ခုတင်ဘေးက အရေးပေါ် လျှပ်စစ်ခေါင်းလောင်းခလုတ်ကလေးကို လှမ်းနှိပ်ပေးလိုက်မယ်ဆိုရင် သူနာပြုတစ်ယောက်ဖြစ်ဖြစ်၊ ဆရာဝန်တစ်ယောက်ယောက်ဖြစ်ဖြစ် အချိန်မီရောက်လာနိုင်ပါတယ်။ ဒါပေမယ့် သူမလုပ်မိဘူး။
ငါးမိနစ်လောက် မကြာလိုက်ပါဘူး။ ပြတင်းနားက လူဆီက ချောင်းဆိုးသံလည်း မကြားရတော့ဘူး။ မောဟိုက်သံလည်း မကြားရတော့ဘူး။ တစ်ခန်းလုံးဟာ ဘာသံမှ မကြားရတော့အောင်ကို တစပြင်လို တိတ်ဆိတ်ငြိမ်ကျသွားတော့တယ်။
နောက်တစ်ရက် မနက်မိုးလင်းတဲ့အခါမှာတော့ တာဝန်ကျ သူနာပြုဟာ အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်တဲ့ ပြတင်းပေါက်နားက လူမမာရဲ့ ရုပ်ကလာပ်ကိုတွေ့လိုက်ရပါတယ်။ သူနာပြုဟာ သက်ဆိုင်ရာကို ခေါ်ယူပြီး အလောင်းကို အခန်းထဲက ထုတ်သွားဖို့ စီစဉ်လိုက်တယ်။
အားလုံး နေသားကျသွားပြီး အခန်းထဲမှာလည်း တစ်ယောက်တည်းကျန်ခဲ့ရော ပက်လက်လဲနေတဲ့ လူမမာဟာ တာဝန်ကျသူနာပြုကို တောင်းပန်ပါတော့တယ်။ ဟိုလူ မရှိတော့တဲ့နောက် ပြတင်းဘေးက ခုတင်ပေါ်ကို သူ့ကို ပြောင်းပေးဖို့ပေါ့။
သူနာပြုဆရာမကလည်း သဘောမနောကောင်းစွပဲ၊ ပက်လက်လဲနေတဲ့ လူမမာကို ပြတင်းနားက ခုတင်ပေါ်ကို သေချာဂရုစိုက်ပြီး ပြောင်းပေးလိုက်ပါတယ်။ လူမမာ နေသားတကျနဲ့ သက်သက်သာသာရှိတဲ့အထိ သူကိုယ်တိုင် ကြီးကြပ်ပြီး ပြောင်းပေးလိုက်တာပါ။
အားလုံးနေရာကျပြီဆိုမှ သူနာပြုဆရာမလည်း ထွက်ခွာသွားပါတော့တယ်။ အခန်းထဲမှာတော့ လူမမာတစ်ယောက်တည်း ကျန်ရစ်တော့တယ်။
သည်အခါမှာတော့ ပက်လက်လဲနေတဲ့ လူမမာဟာ တံတောင်ဆစ်ကို အားပြုလို့ ဖြည်းဖြည်းချင်းအားယူပြီး ကိုယ်တစ်ပိုင်းကြွလိုက်ပါတယ်။ ပက်လက်လဲနေတဲ့ လူမမာတစ်ယောက်အဖို့ အဲလိုကိုယ်တစ်ပိုင်းလေးကြွရတာ သက်တော့မသက်သာလှပါဘူး
ဘယ်လိုပဲဖြစ်ဖြစ်၊ အနာခံပြီး ထနိုင်သလောက် ထလိုက်ပါတယ်၊ ပြတင်းပေါက်ကနေ အပြင်ဘက်လောကကို ကြည့်ချင်လှပြီလေ့ နောက်ဆုံးမှာတော့အပြင် လောကကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်ခွင့်ရတော့မှာ မဟုတ်လား။
ကိုယ်လည်းသေချာကြွသွားရော ပြတင်းကနေ အပြင်ဘက်ကို အလောသုံးဆယ် လှမ်းကြည့်လိုက်တယ်။
လား လာ့း့
မြင်လိုက်ရတာက ဘာဆိုဘာမှ မရှိတဲ့ ဆေးရုံနံရံကြီးပါ။ ဘယ်လိုဖြစ်တာလဲ။
သွားလေသူကြီးက ပြောတော့ ရေကန်သာယာနဲ့ ပန်းခြံလှပဆို၊ ဒါနဲ့ ပက်လက်လဲနေသူဟာလည်း စိတ်ပျက်ပျက်နဲ့ ခုတင်ပေါ်ပြန်လှဲရင်း ဟိုလူ ဘာကြောင့် သူ့ကိုအဲလိုတွေပြောသွားတာလဲဆိုတာ တနုံ့နုံ့တွေးနေမိတယ်။
မနေနိုင်တော့ပြန်တဲ့အဆုံးမှာတော့ အဲသည့်အချိန်မှာ သူ့ကိုဆေးတိုက်ဖို့ဝင်လာတဲ့ သူနာပြုဆရာမကို မေးမိတယ်။ သေသွားတဲ့ ကိုယ့်အခန်းဖော်က ပြတင်းပေါက်ကကြည့်ပြီး ဘာလို့လုပ်ဇတ်တွေ ခင်းသွားတာလဲဗျာပေါ့။
သူနာပြုဆရာမက ပြန်ဖြေပါတယ်။ သွားလေသူဟာ မျက်မမြင်တစ်ယောက်ဖြစ်တဲ့အတွက် ပြတင်းပေါက်ကကြည့်ရင် ဆေးရုံတံတိုင်းကိုတောင်မှ မမြင်နိုင်ရှာပါဘူးတဲ့။
သူနာပြုဆရာမက ဆက်ပြောပါတယ်။ .. အင်း… သူက ရှင့်ကို အားပေးချင်တဲ့ စိတ်နဲ့ အဲလို ပြောပြသွားတာနေမှာပေါ့ရှင်….. တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။
စာဖတ်သူ လူကြီးမင်းအနေနဲ့ သည်ပုံပြင်ကို နှစ်သက်သလို အနက်ဖွင့်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိပါတယ်။
ကိုယ့်အခြေအနေက ဘယ်လောက် ဆိုးနေနေ တစ်ဖက်သားကို စိတ်ချမ်းသာအောင် လုပ်ပေးရင် ကိုယ်လည်းအများကြီး စိတ်ချမ်းသာနိုင်တယ်ဆိုတာပါ။ ဒါတင် မကသေးပါဘူး။ ကြေကွဲမှု၊ ပူဆွေးမှုကို တစ်ဖက်သားနဲ့ မျှဝေခံစားလိုက်မယ်ဆိုရင် နှစ်ဆတိုးပြီး ပျော်နိုင်ပါတယ်။ လောကမှာ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင်တော့ ငွေနဲ့ ချိန်စက်ပြီး တန်ဖိုးဖြတ်လို့မရတဲ့အရာတွေ ဘယ်လောက်များသလဲဆိုတာကို နေ့စဉ် ပိုင်ခြား ရေတွက်နေသင့်ပါတယ်။
(အလင်းတန်းဂျာနယ်၊ ၀၅-၀၆-၀၀)
အက်တကျော်.. ရဲ့ …နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်… (မောဟပြေ ပုံတိုပတ်စများ) စာအုပ်မှ ကူးယူမျှဝေပါတယ်။
No comments:
Post a Comment