Tuesday, April 19, 2011

ညောင်စေ့အလှူ


ဤအချိန်ရောက်လျှင် ဤနေရာ၌ မုန့်ဟင်းခါးနံ့ မွှေးမွှေးလေးကနေရာယူထားတတ်သလို မုန့်ဟင်းခါးရောင်းသူ ဒေါ်တင်တင်၏စကားသံများဖြင့်လည်းစည်ကားနေမြဲ ၊၊ဒေါ်တင်တင်သည် သူမ ပြုခဲ့ဖူးသော အလှူများအကြောင်းကို အာပေါင် အာရင်းသန်သန်ဖြင့် ပြောပြနေတတ်သည်၊၊

သူမအလှူအတန်းပြုရတာမည်မျှဝါသနာပါကြောင်း သူမလှူလျှင်ကိန်းဂဏန်းအကြီးစားများဖြင့် ရက်ရက်ရောရောမကြာခဏလှူတတ်ကြောင်းများကို ထပ်တလဲလဲပြောတတ်သည် ။ သူမကကြွားနေခြင်းမဟုတ်ပဲ လူအများသာဓုခေါ်စေနိုင်ဖို့ ပြောပြနေရခြင်းဖြစ်သည် ဟုလည်းပြောပြတတ်သေးသည်။
ယခုလည်းနိုင်ငံကျော်ဆရာတော်ကြီးတစ်ပါးအား ကံထပ်မင်္ဂလာ အလှူပြုလုပ်ပေးလိုသော သဒ္ဓါတရား ပြင်းပြလွန်းသဖြင့် သူမကြိုးစား ပမ်းစား တန်းစီနေရာယူခဲ့ရပုံ ၊ စာရင်းပေးခဲ့ ပုံတို့ကို အသေးစိတ်ရှင်းပြနေသဖြင့် မုန့်ဟင်းခါးစားရင်း စားသုံးသူ ဖောက်သည်များမှာ တအင်းအင်းနှင့် အင်းလိုက်နေကြရသည်။ လက်ကောက်များခါရမ်းသံ တချွင်ချွင်နှင့်အပြိုင် ဒေါ်တင်တင်၏ ရေပက်မ၀င် စကားသံများက တရစပ်။၎င်းကံထပ်မင်္ဂလာအလှူပြုလျှင် အနည်းဆုံးတော့ငွေကျပ် သိန်းဂဏန်းကို ဆယ်နှင့်ချီ၍ အကုန်ကျခံလှူနိုင်မှ လှပ ခမ်းနားသော အလှူဖြစ်မှာမို့ သူမမှာငွေစုဆောင်းနေရပါသတဲ့။ ကိုယ့်အလှည့်မကျသေးပေမဲ့ ကိုယ့်ရှေ့ကလူတွေ ပြုသမျှကောင်းမှု ကုသိုလ်တို့ကို သူမ ၀မ်းသာအားရ သာဓုခေါ်လိုက်ရတာ အမောပါ ပဲတဲ့။
ဒါက မုန့်ဟင်းခါးကြိုက်သောအိမ်ရှင်မ များသာမက ဆိုင်နားနီးချင်းများပါ နေ့တဓူဝ မှန်မှန်ကြားနေရသော ဒေါ်တင်တင်၏ ကျယ်လောင် ကျယ်လောင် အသံများပါပဲ။ တစ်ချို့က မုန့်ဟင်းခါးရောင်းနေရ သော်လည်း အလှူဒါနအတွက်ဆို နှစ်ထောင်းအားရ ရှိလှသော ဒေါ်တင်တင်ကိုချီးကျူး အားကျနေကြသည် ။သဒ္ဓါတရားအားကောင်းလှသော ပါရမီရှင်ပေပဲဟု သူမကို ၀ိုင်းကြည့်နေကြသော ၊ ကြည်ညိုလေးစားကသည်ဟု အဓိပ္ပါယ် သက်ရောက်ဟန်ရှိသော မျက်လုံးအစုံများ.....။သူမကလည်းဂုဏ်ယူ ၀င့်ကြွားနေသော မျက်လုံးတစ်စုံနှင့် ရဲရဲရင့်ရင့် ရင်ဆိုင်ပြန်ကြည့်သည်။
ဟော..............ပြောရင်းဆိုရင်း မုန့်ဟင်းခါးစားမည့်သူတစ်ဦးဝင်လာသည်။ခါးကိုင်းကိုင်းနှင့် အဘိုးအို တစ်ဦး၊ ထိုအဘိုးအိုဝတ်ဆင်ထားသော ဂျပ်ခုပ် အင်္ကျီက အရောင်မပီပြင်တော့။ကျောတစ်ပြင်လုံး ဖာထေးရာ ဗရပွနှင့်။အ၀တ်အစားနွမ်းပါးရသည့်အထဲ အပိန်ပိန် အလိမ်လိမ် ဒန်ချိုင့်အဟောင်းလေး တစ်ခု ကိုင်ထားသည်။
" အဖိုး ဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါးလေးတစ်ရာဖိုးလောက် ရောင်းပေးပါကွယ် ၊ အိမ်ကထမင်းကြမ်းခဲနဲ့ ဟင်းလုပ်စားချင်လို့ပါ ၊အဘမှာ ငွေတစ်ရာပဲ ရှိလို့ပါနော် "
"ဟာ...........ဒီလောက်ကုန်ဈေးနှုန်းကြီးနေရတဲ့ ခေတ်ကြီးမှာ မုန့်ဟင်းခါးတစ်ပွဲ နှစ်ရာရောင်းတာတောင် သိပ်မမြတ်လို့ ဈေးတင်ရောင်းရမလား စဉ်းစားနေတာ ၊ဆီဈေးကကြီး မုန့်ဖတ်ဈေးကကြီး ငါးဈေးကကြီးသနဲ့ နားမလည်ဘူးလား ဒီအဘိုးကြီး ၊ သွား..........သွား ...........မရောင်းနိုင်ဘူး "

ဒေါ်တင်တင်၏ စိတ်ဆိုး မာန်ဆိုး ငေါက်ငမ်းမြည်တမ်း လိုက်သံအဆုံးမှာ ခေါင်းငိုက်စိုက် ငိုက်စိုက်နှင့် အဘွားအို ပိန်ပိန်လေးတစ်ဦး ဆိုင်ထဲကိုရောက်လာလေသည်။ ဇရာ၏ အထုအထောင်းကို အတော်ခံနေရသည့် ရုပ်သွင်ကအထင်းသား။ ကြိမ်ခြင်းတောင်း မည်းညစ်ညစ်တစ်လုံးကို လက်မှာချိတ်လျှက်။ အိုဇာတာမကောင်းရှာပဲ ဘဝကို ဆင်းရဲကျပ်တည်းစွာုရုန်းကန်နေရပုံပါ။ အဘွားအို၏ခေါင်းထက်မှ ဆံပင်ဖြူဖြူ လှိုင်းတွန့်လေးများမှာ ဖွာလန်ကြဲ လျှက်။


"အမေ့မှာ ပိုက်ဆံတစ်ရာပဲရှိလို့ မုန့်ဟင်းခါးလေး တစ်ရာဖိုးလောက်ရောင်းပေးပါကွယ် ၊ အမေ နေမကောင်းဖြစ်ပြီး ခံတွင်းပျက်နေလို့ အစားမစားနိုင်တာကြာပါပြီ။ အခု မုန့်ဟင်းခါးအနံ့လေးရလို့ မုန့်ဟင်းခါးစားချင်စိတ် ပေါက်လာလို့ပါ။ပိုက်ဆံကလည်း တစ်ရာပြည့်အောင်တောင် မနည်းရှာပြီးပေးရတာပါကွယ်"
"လာပြန်ပြီတစ်ယောက် ၊ အိုကြီးအိုမတွေများ သိပ်ခက်တာပဲ ၊နားလည်မှုကိုမရှိကြဘူး ။မုန့်ဟင်းခါးက တစ်ပွဲကို အနည်းဆုံးနှစ်ရာ၊ အကြော်နဲ့စား ရင် နှစ်ရာ့ငါးဆယ် ၊ဟိုမှာ ဈေးနှုန်းချိတ်ထားတာ မမြင်ကြဘူးလား ။အစစ အရာရာဈေးကြီးနေတာမုန့်ဟင်းခါး တစ်ရာဖိုးရောင်းလို့ တွက်ခြေမကိုက်ဘူး။ ဘယ်လိုထည့်ပေးရမလဲ၊ ထည့်မပေးတတ်ပါဘူး။နှစ်ရာလေးမှ ပြည့်အောင်မပေးနိုင်ရင် ဘယ်သူ့ကိုမှ ရောင်းမပေးနိုင်ဘူး "
မုန့်ဟင်းခါးစားချင်ရှာသော အဖွားအိုခမျာ မျက်နှာလေးညှိုးငယ်သွားပြီး ကုပ်ချောင်းချောင်းနှင့် တစ်လှမ်းချင်းလှမ်းလျှက် လေးပင်သောခြေလှမ်းများနှင့် ပြန်လည်ထွက်ခွာသွားပါသည်။ ခုနက ချိုင့်စုတ်လေးနှင့် မုန့်ဟင်းခါးလာဝယ်သော အဖာတစ်ရာ ဂျပ်ခုပ်အကီင်္ျနှင့် အဘိုးအိုက အပြေးလိုက်ခေါ်လေသည်။
"ဒီမှာ...ဒီမှာ..ဗျို့ အဘွားကြီး၊ ခင်ဗျားမှာ ရှိတာက တစ်ရာဆိုတော့ မုန့်ဟင်းခါးတစ်ပွဲအတွက် လိုနေတာ တစ်ရာနော်၊ကျုပ်ဆီမှာလည်း ငွေတစ်ရာပဲ ရှိတာဆိုတော့ ... ရော့ဗျာ...........ခင်ဗျားစားချင်တဲ့ မုန့်ဟင်းခါးတစ်ပွဲ ဝယ်စားသွားချေနော် ၊ ကျုပ်ဒါနပြုပါရစေ"
ဆိုင်နားဝန်းကျင်မှ လူများငြိမ်သက်စွာ ကြည့်နေကြဆဲ။အိုဇာတာမကောင်းရှာသော အဘိုးအို အဖွားအို တို့ကို သနားဂရုဏာကြည့်လား.........။ ဒါမှမဟုတ်.....သူတို့မိတ်ဆွေကြီး အလှူအတန်းရက်ရောသူဟု ဆိုသော ဒေါ်တင်တင်ကို ကြည့်တာလား............။အဘိုးအို၏ ရုတ်တရက်ပြုခွင့် ကြုံလိုက်သော အလှူဒါနကိုပဲ အားကျနေကြသလား..........။
မုန့်ဟင်းခါးသည် ဒေါ်တင်တင်မှာတော့ ...........မျက်နှာတစ်ခုလုံး ထူအမ်းလာပြီး ပါးနှစ်ဖက်မှာ နီမြန်းလျှက်။သူမ ခေါင်းငုံ့ထားဆဲ။ကြက်သီး တဖြန်းဖြန်း ထလာသည်။ အဘိုးအို၏ အလှူကို ဘာလို့ သာဓုမခေါ်မိပါလိမ့်....................။

No comments:

Post a Comment