Saturday, April 23, 2011

မှော်ဆန်သော ကမ္ဘာတစ်ခု

ကျွန်တော်ရည်ရွယ်မှုမရှိပါပဲ မှော်ဆန်သောကမ္ဘာတစ်ခုထဲကိုခြေချမိရင်း ရည်ရွယ်ချက်တစ်ခု ဖြစ်ပေါ်ခဲ့ ပါတယ် အဲ့ဒီ့ကမ္ဘာမှာအလွန်ဆန်းကြယ်လွန်းလှတဲ့ အတက်ပညာစမ်းတွေနဲ့ပြည့်နှက်နေပါတယ် မည်သည့် အရာဝတ္ထု မဆို တည်မြဲမှုမရှိပါဘူး အချိန်နဲ့အမျှပြောင်းလဲနေတဲ့ မှော်ဆန်တဲ့ကမ္ဘာတစ်ခုပါပဲ………

ရှိုင်း အဲ့ဒီ့ကမ္ဘာကို ခြေချမိစဉ်ရောက်လာစက ရှိုင်းအတွက် အရာအားလုံးထူးဆန်းနေခဲ့ရပါတယ်။ အဲ့ဒီ့ကမ္ဘာမှာ အရမ်းလက်တွေ့ဆန်တဲ့ ကမ္ဘာသားတွေနေထိုင်ကြပါတယ် သူတို့ရဲ့ထူးခြားချက်လေးက မျက်ကွင်းညိုပြီး ညမအိပ်ဘဲ အလုပ်လုပ်နိုင်သူကို တခြားသူတွေက လေးစားမှုရှိကြပါတယ် ကမ္ဘာသားတစ်ဦးက မျက်ကွင်းညိုပြီး ညမအိပ်နိုင် လာလေလေ မှော်ဆန်တဲ့ ပညာရပ်တွေကို ပိုပြီးသိလာလေလေ ခံစားမှုတွေ လျော့နည်းလာလေလေပါ အဲ့လို အခြေအနေရောက်ခဲ့ရင်တော့သူဟာဆရာကြီးအဆင့်ကို ရောက်ပြီလို့ဆိုနိုင်ပါတယ် သူတို့ဟာသူတို့အချိန် တော်တော်များများကို ခံစားမှုတွေလျှော့ပြီး မှော်ဆန်တဲ့ပညာရပ်ထဲမှာနှစ်မြုတ်ထားခဲ့ကြပါတယ်။

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ သူတို့ရဲ့ကမ္ဘာမှာ အတက်ပညာတွေကလည်း အမြဲမရိုးပဲ ဆန်းကြယ်လွန်းလှပါတယ် သူတို့ဟာထူးဆန်းတဲ့မှော်ကြေးမုံလေးကို ကိုယ်စီကိုင်ဆောင်တက်ကြပါတယ် အလင်းရောင်ပေါင်းများစွာ ဖျာထွက်နိုင်သော မှော်ကြေးမုံလေးက သူတို့ကိုယ်ပိုင်နေရာမှာထားနိုင်တဲ့ ကြေးမုံတွေရှိသလို နေရာတစ်ကာယူဆောင်သွားနိုင်တဲ့ ကြေးမုံလေးတွေ လဲရှိပါတယ် အရောင်စုံ ပုံစံစုံပါပဲ အဲ့ဒီ့ကြေးမုံလေးတွေဟာ သူတို့ကမ္ဘာသားတွေအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ ရှိုင်းသိလာခဲ့ပါတယ် အဲ့ဒီ့မှော်ကြေးမုံလေးထဲကနေပဲ သူတို့ခိုင်းစေကြတယ် အလုပ်လုပ်ကြပါတယ် ဒီလိုနဲ့ရှိုင်းတစ်ယောက် အဲ့ဒီ့ကမ္ဘာသားအဖြစ်ခံယူရင်း ရှိုင်းဆီမှာပါ မှော်ကြေးမုံလေးတစ်ခုရှိလာခဲ့ပါတယ်။

သူတို့နဲ့နေတာကြာလာတော့သူတို့စရိုက်အချို့ကို သိလာခဲ့ပါတယ် ထူးဆန်းပါတယ် မျက်ကွင်းညိုသူတွေဟာ အရမ်းခံစားချက်ကင်းမဲ့သွားကြပါတယ် သူတို့ရဲ့မှော်ဆန်တဲ့ အလုပ်အပေါ်ပိုပီးစူးဆိုက်ထားကြတက်ပါတယ် ခင်မင်မှု၊ ချစ်ခြင်းမေတ္တာ စတာတွေကိုအပိုတစ်ခုလိုမြင်လာကြပါတယ် အချိန်သက်သက်မပေးကြတော့ပါဘူး

Entertainment အတော်များများဟာလည်း သူတို့အတွက် အကျုံးမ၀င်သလို နေထိုင်တက်ကြပါတယ် သူတို့ဟာသဘာဝအလှတရားတွေနဲ့ အင်မတန်ဝေးကွာလွန်းလှပါတယ် သဘာဝတရားကိုသူတို့ရဲ့မှော်ကြေးမုံလေးထဲကနေပဲ ရှာဖွေတက်ကြပါတယ် သူတို့ပတ်ဝန်းကျင်မှာလှပတဲ့ သဘာဝတရားကြီးရှိတယ်ဆိုတာမေ့နေကြပါတယ် သူတို့ရဲ့မှော်ကြေးမုံနဲ့ မှော်ဆန်တဲ့ပညာရပ်တွေကိုပဲ အပြင်းအထန်ကြိုးစားရင်း ပြိုင်ဆိုင်မှုပေါင်းများစွာရှိနေတက်ကြပါတယ် အဆိုးဆုံးကတော့ သူတို့ဟာ ရင်ထဲကအမှန်တကယ်ဖြစ်ပေါ်လာတဲ့ ပျော်ရွင်မှု ချစ်ခင်မှု နှလုံးသားထဲထိရိုက်ခတ်သွားနိုင်လောက်တဲ့ ခံစားချက်တွေကို မေ့လျှော့ပြီး ဟန်ဆောင်ပျော်ရွင်မှုတွေနဲ့သာ အသက်ရှင်နေကြပါတယ်။

ရှိုင်းအတွက်ကံကောင်းစွာနဲ့ အရမ်းချစ်ရတဲ့ ချစ်သူကောင်မလေးတစ်ယောက် နဲ့အခင်တွယ်ရဆုံးသူငယ်ချင်းတွေ ရရှိခဲ့ပါတယ် ကျွန်တော်စတွေ့တော့သူတို့ရဲ့ မျက်နှာတွေဟာ ဒီကမ္ဘာထဲရောက်ခါစမို့ ကြည်လင်ဝင်းပနေပါတယ် မျက်ကွင်းညိုမှုတွေ မရှိသေးပါဘူး နောက်ပိုင်းမှာတော့အိပ်ရေးပျက်မျက်ကွင်းတွေညိုပြီး ရှိုင်းအရမ်းချစ်တဲ့ကောင်မလေးနဲ့ သူငယ်ချင်းတွေ ဒီကမ္ဘာသားစစ်စစ်တွေဖြစ်သွားကြပါပီ အဲ့လိုနဲ့ ရှိုင်းချစ်ရတဲ့ကောင်မလေး ခံစားမှုတွေလျှော့ပြီး အထပ်ထပ်တောင်းပန်နေတဲ့ကြားက ရှိုင်းကိုပစ်ပယ်သွားခဲ့ပါတယ်။

ဒီကမ္ဘာကိုရှိုင်းတစ်ယောက်အစွမ်းကုန်မုန်းတီးသွားမိပါပြီ ဘယ်လောက်ကြောက်စရာကောင်းတဲ့ကမ္ဘာပါလိမ့် ဟင့်အင်းးးးးး ရှိုင်းတစ်ယောက် မသိတော့ပါဘူး ရှိုင်းချစ်တဲ့သူငယ်ချင်းတွေနဲ့ ဒီမှော်ဆန်တဲ့ကမ္ဘာကြီးကို စွန့်ပစ်ခဲ့ပါပြီ တကယ်တော့ဒီကမ္ဘာရဲ့အမည်ကိုပင် ရှိုင်းတစ်ယောက်ရေရေရာရာ မသိခဲ့ပါ ရှိုင်းရှေ့ကဖြတ်သွားတဲ့ ရောက်ကာစမျက်နှာကြည်လင်ဝင်းပနေတဲ့ ကမ္ဘာသားတစ်ဦးကို လှမ်းမေးလိုက်မိပါတယ်…………………
ဒီကမ္ဘာကိုဘယ်လိုခေါ်လဲဟင် ………………………….!


သူကကျွန်တော်မေးတာကိုမသိသလိုမယုံကြည်သလိုကြည့်ရင်း ခဏနေမှာ သေချာပြန်ဖြေပေးပါတယ်။
IT လောကလေ IT သမားတွေစုဝေးတဲ့ IT ကမ္ဘာပေါ့ ဆရာရယ် ……………..


သူ့စကားကိုရိုသေစွာပြောပြီးထွက်ခွါသွားခဲ့ပါတယ်။
အော် IT ……………IT ကမ္ဘာတဲ့လား …………. ဟင်!!! ………ဒါနဲ့သူဘာလို့ငါ့ကို ရိုရိုသေသေနဲ့ ဆရာလို့ခေါ်သွားပါလိမ့် ……


ကြောက်လန့်တကြားနဲ့ ရှိုင်းတစ်ယောက် မှန်ကိုယူပြီး ကြည့်လိုက်မိပါတယ်…….. ဟုတ်ပါတယ် ဆရာလို့ခေါ်သွားတာကို သဘောပေါက်လိုက်ပါပြီ ………………… ဘာလို့လဲဆိုတော့………………………….
ကျွန်တော့်မျက်ကွင်းတွေညို……….စ………..ပြု……….နေ………..ပါ……….ပြီ……………

August 21, 2010 ၊ အချိန် 5:48pm တွင် ရှိုင်း မှ ကဗျာ ၊ ဟာသ ၊ ပုံပြင် များ ခေါင်းစဉ်အောက် ၌ ရေးသားခဲ့သည်

No comments:

Post a Comment