* လူ သုံးမျိုးတွေ့ရပါတယ်။
၁) ဒေါသမဖြစ်အောင် နေတဲ့သူရယ်၊
၂) ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊
၃) ဒေါသဖြစ်ပေမယ့် ကိုယ်ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။
တစ်ချို့က ဒေါသမဖြစ်အောင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်နှာမှာကလည်း ကြည်လင်နေတာပါ။
ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ်ကပါ လိုက် ကြည်လင်နေတာပါ။
တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်း သိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရတဲ့ နည်းတစ်ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ ဒေါသက အကြာကြီး တည်မနေတော့ပါဘူး။
တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက်သွားရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။
ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင် ကြိုးစားရမှာပါ။
ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက်ကလေးကို ထိုင်ကြည့်နေသလို.. ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ မိအောင် ကြည့်နေလိုက်ဖို့ပါ။
ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေး ဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘောလေးကို သိနေလိုက်ဖို့ပါပဲ။
ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်ကလည်း ပြောလိုက်ပါဦး။
"ကိုင်း…ဒေါသရေ ကြိုက်သလောက်ဖြစ်စမ်း၊ငါကတော့ မင်းကို စိုက်ကြည့်နေမှာပဲ" လို့ ပြောပြီး ဒေါသကို သေချာသာ စိုက်ကြည့်နေလိုက်ပါ။
မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြည့်နေရမှာပါ။ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာ စိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို.. ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘောလေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။
သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို ပြန်ကြည့်နေလိုက်ဖို့ပါ။
အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက်တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက်တာပါပဲ။
မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ၊ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။
ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့်မယ်။ မခက်လှတဲ့ ကျင့်စဉ်လေးကို လက်တွေ့ ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း
"ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်" လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။
"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်"၊ "ဒေါသဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်"နဲ့ ကြာလာတော့ ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ် ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။
အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်" လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။
တကယ်လို့ ဒေါသက အင်အား သိပ်ကောင်းနေရင်လည်း" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်" လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ ဒေါသက လျော့သွားတာ များပါတယ်။
အဓိကကတော့ ဒေါသကို ပယ်ချင်တဲ့စိတ် ရှိဖို့ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကို မပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်က ဒေါသကို ပယ်ချင်စိတ် ရှိဖို့ပါပဲ။ ပယ်ချင်စိတ်ကို အခြေခံပြီး ရွတ်နေရင် လျော့လျော့သွားတာ များပါတယ်။
နောက်တစ်ခု သတိထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရသူနဲ့ ဘာစကားမှ မပြောမိအောင်ရယ် ဘာမှ မလုပ်မိအောင်ရယ် အထူး သတိထားရပါမယ်။ ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက်ရင် မှားသွားတာ များလို့ပါ။
စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလို့ ဆိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့် ပါ တဲ့။
အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ၊ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။
ကိုယ်မနှစ်သက်တဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစာ၊ ကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက်တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။

နောက်တစ်ခုက အယောနိသောမနသိကာရ နှလုံးသွင်း မှားမှုကြောင့်လည်း ဖြစ်ရပါတယ်။
ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာ ဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။
စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိကာရ ကြောင့်လို့ ဆိုပေမယ့် အယောနိသောမနသိကာရ က အဓိက ကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံနဲ့ တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်းလိုက်ရင် ဒေါသ မဖြစ်တော့ပါဘူးတဲ့။
ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာ အာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်ရင် ဒေါသဖြစ်နိုင်စရာ မရှိတော့ပါဘူး။
စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့ မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။
ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ်မှာပါ။
ဒီတော့ ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေးကို ထပ်ကာထပ်ကာ လေ့ကျင့် ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ ရင့်ကျက် သွားတော့မှာပါ။
ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံ တွေ့လိုက်တာနဲ့
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်"
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါ၊ ခြောက်ခါလောက် ဆင်ခြင်ပစ်လိုက်ပါ။
ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။
ဇာတ်ဝတ္ထုတွေထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ တရားထူး တရားမြတ် ရဖို့ အထိတောင် အထောက်အပံ့ ဖြစ်တာပါ။
ဒီတော့ ရတာ မရတာ ထား၊ ဆင်ခြင်စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ ခံစားရပါလိမ့်မယ်။
ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။
ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။
ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ
"ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာ ထိုင်စောင့်ကြည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။
ရဝေနွယ်(အင်းမ)
ကူးယူဒါနပြုပါသည်
သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကို ဖြူဖြူစင်စင် ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်အောင် ထားတဲ့သူတွေဖြစ်ပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ............။
ရင်းနှီးလေးစားစွာနှင့်
ရောင်နီဝရ
[www.forverfriends.ning.com]
No comments:
Post a Comment