Saturday, April 23, 2011

*** မြတ်သောအမြင်...

...ကျွန်မတို့၏ လူနေမှုဘ၀များစွာတွင် မှန်ကန်သောအတွေး၊ မှန်ကန်သောအမြင်၊
မှန်ကန်သောအသိဥာဏ်ပညာများနှင့်
ဆင်ခြင်စွာ ဆုံးဖြတ်လုပ်ကိုင်တတ်ရန် လိုအပ်လှပါသည်။ မှန်ကန်သော
အတွေးအမြင်များရရှိရန်မှာလည်း မိကောင်း.ဖကောင်း၊ ဆရာကောင်း.သမားကောင်း၊
မိတ်ဆွေကောင်းများ၏ သွန်သင်ဆုံးမ လမ်းညွှန်မှုများ လိုအပ်သကဲ့သို့
စာကောင်းပေကောင်းများ ဖတ်ရှုနှလုံးသွင်းတတ်ရန်လည်း လိုအပ်ပါသည်။
ယခုတင်ပြပေးမည့် ဆရာကြီး ပါမောက္ခဒေါက်တာသိန်းလွင်၏ “မှန်ကန်သော
ဆင်ခြင်ဆုံးဖြတ်မှု” ဆောင်းပါးသည် အချိန်မရွေးရောက်လာတတ်သော
သေခြင်းတရားဆိုသည်ကို
သတိသံဝေဂ ရရှိစေသကဲ့သို့ မသေခင်အချိန်အတွင်း ဘုရားတရားနှလုံးသွင်း၍
မြတ်သောနေခြင်းဖြင့် ရှင်သန်နေထိုင်သွားရမည်
ဆိုသည်ကိုလည်း
သိမြင်စေပါသည်။ လောကဓံတရား(၈)ပါးနှင့် ရင်ဆိုင်ကြုံတွေ့လာသည့်အခါများ

တွင်လည်း စိတ်နှလုံးအေးဆေးတည်ငြိမ်စွာဖြင့် ခံနိုင်ရည်ရှိစွာ
ဖြေရှင်းတတ်စေရန်နှင့် မှန်ကန်စွာ ရှုမြင်သုံးသပ်တတ်စေရန် မြတ်သောအမြင်အား
လမ်းညွှန်မှုပြုထားသည်မှာ မှတ်သားဖွယ်ရာဖြစ်ပါသောကြောင့်
ကမ္ဘာသစ်သူငယ်ချင်းများ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်...


...စာရေးသူ၏မိတ်ဆွေရင်း ဦးဘထွန်းမှာ ဘုရား၊ တရား ကြည်ညိုလေးစားသည်။ ဘုရား.တရားကိစ္စများတွင် စိတ်စေတနာကောင်းကောင်းဖြင့်
လုပ်ကိုင်ဆောင်ရွက်တတ်သူ ဖြစ်သည်။ ဦးဘထွန်း၏ ဖခင်မှာလည်း တရားဓမ္မနှင့်အညီ
နေထိုင်သူတစ်ဦးဖြစ်သည်။ အနေရိုးသားသည်။ ဘုရား၊ တရားကိစ္စ
အများအကျိုးဆောင်ကိစ္စများတွင် ကြိုးကြိုးစားစား လုပ်ကိုင်လေ့ရှိသည်။
အနေရိုး၍ အများအကျိုးဆောင်ရွက်ပြီး ဘုရား တရားနှင့်နေသဖြင့် အများ၏
ကြည်ညိုလေးစားမှုခံ ရပါသည်။ အသက်အရွယ်ရလာသော်လည်း ကျန်းမာရေးကောင်းသည်။
ဥယျာဉ်လုပ်ငန်းလုပ်ကိုင်သည်။


 


...တစ်နေ့တွင် ဦးဘထွန်း၏ဖခင်ကြီး ရုတ်တရက်ကွယ်လွန်ကြောင်း သတင်းကြားရ၍
စာရေးသူအနေဖြင့် စိတ်မကောင်းဖြစ်ရသည်။ ကြည်ညိုလေးစားသူ၊
အများအကျိုးသယ်ပိုးဆောင်ရွက်သူများ စောစောသေသည့်အခါတိုင်း နှမြောမိပါသည်။
လောကကြီးအတွက်များစွာသော ဆုံးရှုံးမှုပင်ဖြစ်ပါသည်။
အသုဘအခမ်းအနားသို့ သွားကြည့်ခဲ့ပါသည်။ အသုဘ အခမ်းအနားသို့သွားသည့်အခါမှ
ပို၍စိတ်မကောင်းဖြစ်ရပါသည်။ ဥယျာဉ်အလုပ်သွားလုပ်ပြီး ထင်းကားတစ်စီးပေါ် တက်၍
ပြန်လာရာ
လမ်းတွင် ကားမှောက်၍ သေဆုံးသွားခြင်းဖြစ်ပါသည်။ ထင်းကားမှောက်ရာတွင်
ထိုဆရာကြီး၏ဦးခေါင်းမှာ
ထင်းကားပိသွားသဖြင့် ရှုမြင်မကောင်းအောင် ပြားသွားသည်။ လမ်းဖြတ်ပြေးလာသော
နွားတစ်ကောင်ကို ရှောင်လိုက်ရာမှ ချောက်ထဲထိုးကျသွားပြီး
ကားမှောက်သေဆုံးရခြင်းဖြစ်ပါသည်။


...အသုဘအခမ်းအနားသို့ လာကြသူများက အမျိုးမျိုးပြောကြပါသည်။ “ ဒီဆရာကြီးသေပုံက အသေဆိုးလိုက်တာ” ဟု တိုးတိုးပြောသူက ပြောကြပါသည်။
“ ဒီလောက် ဘုရား တရားနဲ့နေတာတောင် ဒီလိုရုပ်ပျက်ဆင်းပျက်သေရသေးတယ်နော်၊ ကံတရားဆိုတာ ဆန်းလိုက်တာ” ဟု သံဝေဂယူပြီး
အချင်းချင်းတိုးတိုးပြောသူများလည်း ရှိကြသည်။ 

“ ကားဆရာက မူးနေတယ်ဆိုလားဘဲ၊ မူးပြီးကားမောင်းတော့ မသေသင့်တဲ့လူတွေပါ

သေကုန်တာပေါ့” “ ကားသမားကတော့ ခုန်ဆင်းလိုက်လို့ မသေဘူးတဲ့၊

အဲဒီကားသမားကို တရားစွဲဖို့ကောင်းတယ်” ဟု ထင်မြင်ချက်ပေးသူများလည်း

ရှိကြပါသည်။

... သေဆုံးသွားသူမှာ လူအများကြည်ညိုလေးစားသော ပုဂ္ဂိုလ်ကြီးဖြစ်၍ အသုဘအခမ်းအနားသို့ လာရောက်သော အသိမိတ်ဆွေများ
များပြားလှသည်။ ကျန်ရစ်သော သားဖြစ်သူကို လာရောက်အားပေးစကားပြောကြသည်။
ကျန်ရစ်သော သားးဖြစ်သူ ဦးဘထွန်း၏မျက်နှာမှာ တည်ငြိမ်အေးငြိမ်းလှသည်။
ရင်ဆိုင်ကြုံတွေ့နေရသော လောကဓံတရားကို ကောင်းစွာနားလည် လက်ခံထားသည့်သဘောမှာ
သူ၏မျက်နှာပေါ်တွင် ပေါ်လွင်နေပါသည်။ သူ့အနားတွင် ရင်းနှီးသော မိတ်ဆွေတစ်စု
ဝိုင်းပြီး အခြေအနေမေးသူကမေး၊ နှစ်သိမ့်စကား ဖြေသိမ့်စကား ပြောသူက
ပြောနေကြပါသည်။


...“အေးဗျာ၊ ကျွန်တော်တို့ရင်းနှီးတဲ့ မိတ်ဆွေတွေဆိုတော့ ကျွန်တော့်စိတ်ထဲမှာရှိတာကို ပြောပြချင်ပါတယ်” ဦးဘထွန်းက တည်ငြိမ်စွာ
စကားဆိုပါသည်။ အားလုံးက ငြိမ်သက်စွာ နားစိုက်နေကြပါသည်။ “ ကျွန်တော်တို့မှာ
သေဆုံးတာနဲ့ပတ်သက်ပြီး အယူအမျိုးမျိုးရှိကြပါတယ်၊ ကျွန်တော့်အဖေဆုံးသလို
ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သေရတာမျိုးကို အသေဆိုးနဲ့ သေတယ်လို့ပြောကြတယ်၊
ယူဆကြပါတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သေရတာတော့ မကောင်းဘူးပေါ့ဗျာ၊
အမြင်မကောင်းဘူးပေါ့၊ အမြင်မကောင်းတဲ့အတွက် အသေဆိုးရယ်လို့တော့ ကျွန်တော်က
မယူဆပါဘူး၊ လူသတ္တ၀ါတွေဟာ
တစ်နည်းမဟုတ် တစ်နည်းအားဖြင့် သေရမှာပါဘဲ၊ ကားတိုက်လို့ သေတာ၊
သေနပ်မှန်လို့ သေတာ၊
ဖျားနာလို့ သေတာ စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကျွန်တော့်အယူအဆကတော့ ဘယ်လိုဘဲသေသေ၊
ဘုရား တရားနဲ့အညီ သတိလက်မလွတ်ဘဲနေရင်း သေသွားတယ်ဆိုရင် အနေမြတ်တဲ့အတွက်
အသေမြတ်တယ်လို့ ယူဆပါတယ်။ ဘုရား တရားနဲ့ ကင်းလွတ်ဆန့်ကျင်ပြီး သေခဲ့ရင်တော့
ဘယ်လိုဘဲသေသေ အနေဆိုးနဲ့နေခဲ့တဲ့အတွက် အသေဆိုးနဲ့သေတယ်လို့ ယူဆပါတယ်။
အဖေတစ်ယောက်လုံး ဆုံးရှုံးရတဲ့အတွက် ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့်
ကျွန်တော့်အဖေဟာ
အမြဲဘဲ ဘုရားတရားနဲ့နေတဲ့ အလေ့အကျင့်ကောင်းရှိတဲ့အတွက်
အဖေသေတာ အသေဆိုးမဟုတ်ပါဘူး။ ကောင်းသော မြတ်သောသေခြင်းဖြစ်တယ်လို့
ကျွန်တော့်ကတော့ယုံပါတယ်။ ဒါကြောင့်အဖေ့အတွက်
ကျွန်တော်စိတ်တည်တည်ငြိမ်ငြိမ်
ထားပြီး ဖြေနိုင်ပါတယ်။”


...“ သိပ်မှန်တာပေါ့ဗျာ။ ခင်ဗျားရဲ့အယူအဆက သိပ်မှန်တာပေါ့၊
ကျွန်တော်တို့ကို ဘုရားကလည်း
ဟောထားတာဘဲ၊ အမြဲမပြတ် သတိကပ်ပြီး တရားနဲ့နေဖို့က သိပ်အရေးကြီးတာပေါ့။
တရားဓမ္မနဲ့အမြဲနေရင်
မြတ်တဲ့နေခြင်းပါဘဲ။ မြတ်သောနေခြင်းနဲ့နေရင်း သေခဲ့ရင်
မြတ်သောသေခြင်းဘဲပေါ့။ သိပ်မှန်တယ်ဗျ” ဟု
စာရေးသူက ကိုယ်ပိုင်အမြင်ကို တင်ပြရင်း ဦးဘထွန်း၏ အယူအဆကို
ထောက်ခံလိုက်ပါသည်။
စာရေးသူ၏ ပြောဆိုချက်ကို နားထောင်ပြီး ဦးဘထွန်းက စကားဆက်ပြန်သည်။




...“ကျွန်တော့်အဖေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူတော်တော်များများက မကျေနပ်ကြဘူးဗျ၊ အဖေဟာလူချစ်လူခင်လည်း ပေါတယ်မို့လား၊ ကားမှောက်သွားတာ
ကားသမားမှာ တာဝန်ရှိကြောင်း၊ ကားမောင်းသမားမူးနေတဲ့အတွက်
ကားမှောက်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း ပြောကြပါတယ်။ တစ်ချို့ကလည်း
ကားမောင်းသမားကို တရားစွဲဖို့
ကျွန်တော့်ကို ပြောကြပါတယ်။
ကျွန်တော့်အဖေဆုံးတယ်ဆိုတဲ့သတင်းကြားရတော့
ကျွန်တော်အလွန်ဝမ်းနည်းမိခဲ့ပါတယ်။ ကားမောင်းသမား အသုံးမကျတဲ့အတွက်
ကျွန်တော့်အဖေဆုံးရတယ်ဆိုပြီး ကားမောင်းသမားအပေါ် စိတ်ခုမိတာလည်း အမှန်ပါဘဲ။
ကားချောက်ထဲကျခါနီး ကားမောင်းသမားနဲ့ ရှေ့ခန်းမှာစီးလာတဲ့ ခရီးသည်တစ်ဦး
ကားပေါ်ကခုန်ချပြီး လွတ်မြောက်သွားတယ်ဆိုတာကို ကျွန်တော်ကြားတော့
ကျွန်တော်သေသေချာချာ လိုက်မေးကြည့်ပါတယ်။
မေးကြည့်တော့ အဖြစ်မှန်ကို သိရပါတယ်။ ကားက ထင်းတွေအပြည့်တင်ပြီးမောင်းအလာ
လမ်းကွေ့အရောက်မှာ နွားတစ်ကောင်က အမှတ်မထင် ခြုံကွယ်ကနေပြီး
လမ်းပေါ်ပြေးတက်လာသတဲ့။ အဲဒီတော့ ကားမောင်းသမားက ရုတ်တရက် ၀င်လာတဲ့နွားကို
မတိုက်မိအောင်ဆိုပြီး ကားကို ဆွဲကွေ့လိုက်တာ အရှိန်လွန်ပြီးချောက်ထဲကို
ထိုးကျသွားတယ်ဆိုတာ သိရပါတယ်။ အဲဒါက အဖြစ်မှန်ဖြစ်ကြောင်း ကားဆရာနဲ့
ရှေ့ခန်းမှာစီးလာတဲ့ ခရီးသည်တို့က ပြောပြကြပါတယ်” ။


...အဖြစ်မှန်ကိုပြောပြနေသော ဦးဘထွန်း၏စကားကို အားလုံးက ငြိမ်သက်စွာ နားထောင်နေကြပါသည်။
အဖြစ်မှန်ကိုပြောပြီး ဦးဘထွန်းက သူ၏ ဆင်ခြင်ပုံကို ဆက်လက်ပြောပြပါသည်။
“ အဲဒီတော့ ကျွန်တော်ပြန်စဉ်းစားပါတယ်၊ နွားလို
သတ္တ၀ါတစ်ကောင်ရဲ့အသက်ကိုတောင်
မသေစေချင်တဲ့စိတ်ထားရှိတဲ့ ကားဆရာဟာ ကျွန်တော့်အဖေလို လူမျိုးကို
သူ့ရဲ့ရမ်းကားမှုကြောင့်
ဘယ်လိုနည်းနဲ့မှ သေစေချင်မှာ မဟုတ်ပါဘူး” ဆိုတာကို
ကျွန်တော်စဉ်းစားမိလိုက်ပါတယ်။
အဲဒီအတွေးဝင်လာတာနဲ့ တစ်ပြိုက်နက် ကျွန်တော့်စိတ်ထဲမှာ ရှင်းသွားပါတယ်။
ကားသမားအပေါ်မှာလည်း
ဒေါသမထွက်တော့ဘူး။ တရားစွဲဖို့လည်း မလိုတော့ပါဘူး။ သက်ဆိုင်ရာက လူသေမှုနဲ့
ကားသမားကို အရေးယူမယ်ဆိုရင်တောင် အရေးမယူဖို့ ကားသမားဖက်က
ဝင်ပြောပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အဲဒါပါဘဲ။


အခုလိုလာရောက်အားပေးကြတဲ့ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ” ...
ဟုပြောပြီး
စကားကို အဆုံးသတ်လိုက်ပါသည်။


...နားထောင်နေကြသူများမှာ ဦးဘထွန်း၏ ဆင်ခြင်ပုံကို သဘောကျပြီး ခေါင်းတစ်ညိတ်ညိတ် ဖြစ်နေကြပါသည်။
စာရေးသူလည်း မိတ်ဆွေရင်းတစ်ဦး၏ အတွေးရင့်ကျက်ပုံ၊ ပုံမှန်အားဖြင့်
ဒေါသစိတ်၊
ဝမ်းနည်းစိတ်များလွှမ်းနေရမည့်အချိန်တွင် စိတ်အေးတည်ငြိမ်စွာဖြင့်
အဖြစ်မှန်ကို လေ့လာပြီး
မှန်ကန်စွာဆင်ခြင်ဆုံးဖြတ်နိုင်သော အရည်အချင်းကို စိတ်ထဲတွင်
လှိုက်လှိုက်လှဲလှဲ ချီးကျူးနေမိပါတော့သည်။



...ဆရာကြီးဒေါက်တာသိန်းလွင်
အားလည်း ရိုသေစွာ ဦးခိုက်ပါသည်။



...သူငယ်ချင်းများအားလုံး မှန်ကန်သောအတွေးအမြင်များကို တွေ့မြင်နိုင်ကြပါစေ...


မေတ္တာဖြင့်...
အေးအေးမိုးမိကူး

No comments:

Post a Comment