Monday, April 25, 2011

*နှလုံးသားချင်း ထပ်ကြည့်လိုက်သောအခါ*


 ဒီကနေ့ သူငယ်ချင်း တစ်ယောက် မြန်မာပြည် ပြန်မည်ဖြစ်၍ ဘူတာကို လိုက်ပို့ဖြစ်တယ်။ နေ့လို့သာ ပြောတာပါ။ တကယ့် တကယ် ရထားထွက်မှာက ည ၁၁- နာရီမှပါ။ လိုက်ပို့ပေးကြတဲ့ တခြား သူငယ်ချင်းတွေကလည်း အများကြီး။ ရထားဆိုက်တော့ သူငယ်ချင်း ပစ္စည်းတွေ ကျွန်တော်တို့ သူငယ်ချင်း တစ်စု ၀ိုင်းပြီး တင်ပေးကြတယ်။ ဒီနိုင်ငံမှာက ကျွန်တော်တို့ မြန်မာမှာလို အထမ်းသမားတွေ မရှိတော့ ခရီးသွားတာ ပစ္စည်းပစ္စယ အထုပ်အပိုး များရင် အတော် ဒုက္ခရောက်ရတာပါ။

အဲသလို ပစ္စည်းတွေ ၀ိုင်းတင်နေတုန်း ဘုတ် ဘုတ် ဆိုပြီး အသံကြားတာနဲ့ ကျွန်တော် နောက်လှည့်ကြည့်မိတော့ အထုပ်နှစ်ထုပ်။ လက်ဆွဲအိတ် တစ်ထုပ်၊ ကြွတ်ကြွတ်အိတ် တစ်ထုပ်။ ဘယ်သူပစ်ချ သွားမှန်း ကျွန်တော် မသိလိုက်ဘူး။ ဘေးက သူငယ်ချင်းကို မေးတော့လည်း မသိလိုက်ဘူးတဲ့။ “ဘယ်သူ့ အထုပ်တွေပါလိမ့်၊ တခြား တစ်ယောက်ယောက်များ ခုနေ ဆွဲသွားလို့ကတော့ ဒုက္ခပဲ” ဆိုပြီး ကျွန်တော် တွေးနေခိုက် လက်ထဲမှာ အထုပ်နှစ်ထုပ်နဲ့ အူယား ဖားယား ပြေးသွားတဲ့ လူတစ်ယောက်ကို ကျွန်တော် တွေ့လိုက်တယ်။ သေချာ ကြည့်မိတော့ အသက် ၆၀- ၀န်းကျင် ပိန်ပိန်ပါးပါး အဖိုးအို တစ်ဦးပဲ။ “ဒီ အဖိုးကြီးတော့ အထုပ် လေးထုပ်နဲ့ ပျာယာ ခတ်နေပြီဟေ့” လို့ ဘေးနားက လူတစ်ယောက် ပြောလိုက်သံ ကြားတော့မှ “အော် ခုန ပစ်ချသွားတဲ့ အထုပ်နှစ်ထုပ်က ဒီအဖိုးရဲ့ အထုပ်နှစ်ထုပ်ပဲ၊ အထုပ် လေးထုပ်ဆိုတော့ မနိုင်တာနဲ့ နှစ်ထုပ် သယ်လိုက်၊ ပစ်ချခဲ့လိုက်.. နောက် နှစ်ထုပ် ပြန်သည်လိုက် လုပ်နေရတာပဲ” ဆိုပြီး ကျွန်တော် သဘော ပေါက်တော့တယ်။ ကျွန်တော့် စိတ်ထဲ တစ်မျိုးဖြစ် သွားတယ်။ သနားတာလား၊ ကိုယ်ချင်း စာတာလား၊ ကရုဏာလား တစ်ခုခုတော့ တစ်ခုခုပဲ။ ဒါနဲ့ ကျွန်တော်လည်း ဘာမှ သိပ်မစဉ်းစား တော့ဘူး..။ အဲဒီ အဖိုး ကျွန်တော့နားက အထုပ် နှစ်ထုပ်ကို လာယူတဲ့ အချိန် “ကျွန်တော် ဘာကူညီ ပေးရမလဲ အဖိုး” လို့ ရုရှားလို မေးလိုက်မိတယ်။ အဲဒီ အဖိုးလည်း ကျွန်တော့်ကို ကြည့်ပြီး တစ်ခုခုတော့ ပြောလိုက်တယ်။ သေသေချာချာ ကျွန်တော် နားမလည်လိုက် ပေမယ့် အကူအညီ လိုတဲ့ စကားတွေ ဖြစ်တယ်လို့ သဘောပေါက်တာနဲ့ ကျွန်တော် အထုပ်နှစ်ထုပ်ကို ဆွဲလိုက်တယ်။ တဆက်တည်း အဲဒီ အဖိုး သွားတဲ့ နောက် အပြေး လိုက်သွားလိုက်တယ်။ “ပထမတွဲ” လို့ အဖိုးရဲ့ ပြောလိုက်သံတော့ ကျွန်တော် ကြားလိုက်တယ်။ ရထားကလည်း ထွက်ခါနီးနေပြီ။ အဖိုးကလည်း အထုပ်နှစ်ထုပ် ဆွဲလို့ ရှေ့က သုတ်သုတ် သုတ်သုတ်နဲ့ အပြေးတစ်ပိုင်း၊ ကျွန်တော်ကလည်း နောက်က အူယား ဖားယား။ ရထား မှီမှ မှီပါဦးမလား။ ဘုရား ဘုရား မှီပါစေ။

တော်သေးတာပေါ့။ ပထမတွဲ ရောက်တော့ ရထားပေါ် တက်နေတဲ့ ခရီးသည်က အဖိုး ရှေ့မှာ တစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီ တစ်ယောက်ပြီးရင် ဒီအဖိုးက နောက်ဆုံး။ အဲဒီ အဖိုးလည်း အထုပ်တွေ ပစ်ချရင်း ကျွန်တော့်ကို ကျေးဇူး တင်ကြောင်း၊ ရထား လက်မှတ်ဖိုးက ရူဘယ်လ် ၆၀၀ ပေးရကြောင်း.. စသဖြင့် ဝေေ၀ဆာဆာ မမောမပန်း ပြောနေလေရဲ့။ (အခု လက်ရှိ ရူဘယ်လ် ၆၀၀-က မြန်မာငွေ နှစ်သောင်းနီးပါးနဲ့ ညီမျှပါတယ်) ကျွန်တော်ကလည်း ရပါတယ်၊ ကျေးဇူး တင်ဖို့ မလိုကြောင်း တတ်သလောက် မှတ်သလောက် ပြန်ပြောမိပါရဲ့။ ဒါပေမယ့်လည်း ကျွန်တော်ပြောတဲ့ ပါးစပ်က စကားလုံးတွေက ကျွန်တော့် ရင်ထဲက ခံစားနေရတဲ့ ပီတိကိုတော့ မှီနိုင်စွမ်း မရှိပါဘူး။ ကျွန်တော် တော်တော့်ကို ပျော်ရွှင် ၀မ်းသာမိတာပါ။ ကျွန်တော့်ကြောင့် လူတစ်ယောက်ကို ကူညီ လိုက်နိုင်တယ်၊ ရထားမှီအောင် လုပ်ပေးလိုက် နိုင်တယ်။ ရထားပေါ်ကို အထုပ်တွေ ၀ိုင်းတင်ပေးပြီတာနဲ့ အဖိုးကို နှုတ်ဆက်လို့ ကျွန်တော် ပြန်လာခဲ့လိုက်တယ်။ ကျွန်တော့် ရင်ထဲမှာတော့ အတွေးလှိုင်းတွေ ပလုံစီလို့၊ ပီတီလှိုင်းတွေ ရိုက်ခတ်လို့…။

——————————

(သီဟိုဠ်ခေတ် ဖြစ်မည်ထင်သည်) ရဟန်းတစ်ပါး အကြောင်း ကျွန်တော် ကြားနာဖူးသည်။ ထိုရဟန်းတော် ဆွမ်းဘုဉ်းပေးနေစဉ် ဆွမ်း သုံးလေးလုတ်သာ အကျန်တွင် သားသည် ခွေးမလေး တစ်ကောင် အစာ လာတောင်း၍ ထို သုံးလေးလုတ်စာ ဆွမ်းကို ချကျွေးလိုက်၏။ သို့သော် သားသည် မိခင် ခွေးမလေးသည် ထို သုံးလေးလုတ်စာဖြင့် မ၀။ အရှင်မြတ်ထံ အသနားခံသော မျက်ဝန်းတို့ဖြင့် အမြီးလေးနှံ့ကာ တောင်းနေပြန်၏။ အရှင်မြတ်လည်း ခွေးမလေး အပေါ် စာနာစိတ်ဝင်ကာ မိမိလက်ဖြင့် အာခေါင်ကို နှိုက်၍ အန်ကျွေးရှာလေ၏။ တစ်ခါ အန်ကျွေး၍ မ၀တော့ နောက်တစ်ခါ ထပ်အန်ကျွေး၊ ဒီလိုနဲ့ အန်ကျွေးလိုက်တာ.. သုံးကြိမ်တိုင်တိုင်။ ဒီတရား နာကြားမိတော့ အရသာ ရှိလိုက်တာ.. ကြည်ညိုလိုက်တာ..။

———————————

ဘ၀တစ်ခုတွင်လည်း ဘုရားအလောင်းတော်သည် တွင်းထဲတွင်ကျကာ တွင်းပေါ် ပြန်မတက်နိုင်ဘဲ အားအင် ပြတ်လတ်နေသော ကျားမတစ်ကောင်အား မိမိကိုယ်တိုင် တွင်းထဲသို့ ဆင်းကာ ကျားစာ အဖြစ်ခံသည် အထိ အသက်ကို ပေးကာ ဘ၀ကို စတေးဖူးသတဲ့။

——————————–

လောကတွင် လူတစ်ဦးက တစ်ဦးကို၊ လူတစ်ဦးက တိရစ္ဆာန် တစ်ကောင်ကို.. စသဖြင့် ကူညီ ပေးဖူးကြပေမည်။ ကူညီ ပေးဖူးကြသည်။ သို့သော်.. ထိုသို့ ကူညီနိုင်အောင်၊ ကူညီ ဖြစ်သွားအောင် ထို ကူညီမည့် သူသည် မည်ကဲ့သို့ နှလုံးသွင်း ဆင်ခြင်သွားသနည်း။ မည်ကဲ့သို့ နှလုံးသွင်း ဆင်ခြင်သင့်သနည်း။

ဤနေရာတွင် ကျွန်တော် နာကြား မှတ်သားဖူးသော ပိုင်းလော့ ဆရာတော် ဘုရားကြီး၏ အဆုံးအမအား အခြေခံ၍ ပြောကြားလိုပါသည်။

လောကတွင် အကူအညီ လိုအပ်နေသူ တစ်ဦးအား၊ ဒုက္ခရောက်နေသူ တစ်ဦးအား၊ ဆာလောင် မွတ်သိပ်နေသော တိရစ္ဆာန် တစ်ကောင်အား စသဖြင့် ကူညီ ဖြစ်သွားခြင်း၊ ကျွေးမွေး ထောက်ပံ့ဖြစ်ခြင်း၊ လှူဒါန်း ပေးကမ်းခြင်း တို့သည် အဓိက အားဖြင့် မေတ္တာစိတ်ကို အခြေခံသော ကြောင့်တည်း။ ထို မေတ္တာစိတ် ပေါ်လာရခြင်းမှာလည်း ထို ဒုက္ခရောက်နေသောသူ၊ ထို ဆာလောင်နေသော တိရစ္တာန်နေရာတွင် မိမိကိုယ်တိုင် ၀င်ခံစားကြည့်မိ သောကြောင့်တည်း။ တစ်နည်း အားဖြင့် မိမိ နှလုံးသားနှင့် ထို ဒုက္ခရောက်နေသော သူ၏ နှလုံးသား၊ ထို ဆာလောင်နေသော တိရစ္ဆာန်၏ နှလုံးသားအား ထပ်တူပြု လိုက်ခြင်းကြောင့်တည်း။ ထိုသို့သာ ထပ်တူပြု၍ ခံစားတတ်သွားပြီ ဆိုပါက ကျွန်ုပ်တို့သည် လောကတွင် မစွန့်လွှတ်ရဲသော အရာ မရှိလောက်အောင် ရှားသွားပေမည်။

ခွေးကို အန်ကျွေးသော ရဟန်းတော်အား ကြည့်ပါ။ ထိုနေရာတွင် မိမိကိုယ်တိုင် ဆိုလျှင် မည်သို့ ပြုမူမည်နည်း။ ထို ရဟန်းတော်လို အန်ကျွေးရဲပါ့မလား၊ အန်ကျွေးနိုင်ပါ့ မလား၊ အန်ကျွေးဖို့ကော စိတ်ကူးမိကြမှာလား..။

မေတ္တာစိတ်သာ မွေးကြည့်ပါ။ မိမိသာ ထိုခွေးမလေး နေရာမှာ ဆိုလျှင် တော်တော် ဆာလောင်ရှာမှာပဲ၊ ဆာလောင်မှု ဒဏ်ကို တော်တော် ခံစားရရှာမှာပဲ ဟူ၍ မိမိ နှလုံးသားနှင့် ထိုခွေးမလေး၏ နှလုံးသားအား ထပ်တူသာ ပြုကြည့်၍ ခံစားကြည့်ပါ။ (ခွေးနှင့် နှိုင်းသည်ဟု မယူဆစေလိုပါ။) ထို ရဟန်းတော်လို အန်ကျွေးရဲပါ လိမ့်မည်။

ဟော.. ဘုရား အလောင်းရဲ့ ပေးဆပ်မှုကကော.. အသက်ကိုတောင် စတေးသွားတာ..။ သက်တောင့်သက်သာ စတေးရတာမဟုတ်၊ ကျားစာအဖြစ်ခံ.. ကျားအကိုက်ခံပြီး စတေးရတာ၊ ပေးဆပ်ရတာ..။ သူကတော့ ဘုရားအလောင်းမို့လို့ဟု ဆင်ခြေ မကန်ပါနှင့်.. ထိုအချိန်က ဘုရားလောင်းသည်လည်း သူလိုကိုယ်လို လူသားတစ်ဦးပဲလေ..။ အော် မေတ္တာတရား ကြီးမားလိုက်တာ.. နှလုံးသားချင်း ထပ်တူပြုလို့ ခံစား ပေးဆပ်မှုက တုနှိုင်းမဲ့လိုက်တာ..။

ကျွန်တော်တို့ တစ်တွေကော.. ရဟန်းတော်လို အန်ကျွေးရဲအောင်၊ အန်ကျွေးနိုင်အောင်.. နောက်ဆုံးအဆင့် ဘုရားအလောင်းလို မိမိအသက်ကိုပါ အသေခံသည်အထိ ပေးဆပ်တတ်အောင် ဘယ်လို နှလုံးသွင်း ဆင်ခြင်ကြမလဲ..။ မေတ္တာပါပဲ။ ဟုတ်သည်။ မေတ္တာကို အခြေခံတာပါပဲ။ မေတ္တာအား ကြီးမားလာသည်နှင့် အမျှ စွန့်လွှတ် ပေးဆပ်မှုတို့ ကြီးထွားသွားတာ ပါပဲ..။

ထို့အတူ ဒါန အမှု၊ သီလ အမှုတို့ ပြုကြသော အခါတွင်လည်း ပကာသနကို အခြေခံသော၊ သို့မဟုတ် ထင်ပေါ်လိုသော၊ သို့မဟုတ် နောင်ရရှိမည့် အကျိုးတရားတို့ကို မစဉ်းစားဘဲ နိဗ္ဗာန်ကို ရည်စူးသော စိတ်ဖြင့် နှလုံးသားချင်း ထပ်တူပြု၍ မေတ္တာရှေ့ထား တတ်သော စိတ်သဘောထား အကျင့်များကို လေ့ကျင့် ပျိုးထောင်ကြည့် စေချင်ပါသည်။

ဥပမာ နေပူကျဲကျဲတွင် ဧည့်သည် တစ်ဦး မိမိအိမ်သို့ ၀င်ရောက်လာသည် ဆိုပါစို့။ မည်ကဲ့သို့သော စိတ်ထား၍ ထိုဧည့်သည်အား ဆက်ဆံမည်လဲ။ ထို ဧည့်သည် နေရာတွင် မိမိကိုယ်တိုင် ၀င်ခံစား ကြည့်လိုက်ပါ။ ငါသာ ဆိုရင် နေပူကျဲကျဲထဲ လာရတာ ရေဆာရှာ မပေါ့။ ဟုတ်ပြီ ရေ အရင်တိုက်မယ်။ ချွေးသံရွှဲရွှဲ ဖြစ်နေတော့ အိုက်ရှာ မပေါ့။ ယပ်တောင်လေး ကမ်းသင့်ရင် ကမ်း။ ဗိုက်လည်း ဆာချင် ဆာမပေါ့။ ငါ့အိမ်မှာ ဘာစားစရာ ရှိပါလိမ့်။ ရှိတာလေး ချကျွေးတန်ကျွေး.. စသဖြင့် မေတ္တာစိတ် အပြည့်ထားကာ ကိုယ်ချင်းစာသော စိတ်ဖြင့် နှလုံးသားချင်း ထပ်တူပြု၍ ရွက်ဆောင် သင့်ပေသည်။

သီလ အမှုတွင်ကော.. နှလုံးသားချင်း ထပ်တူပြုသော မေတ္တာစိတ်ပင် အခြေခံပေသည်။ “အော် ငါလည်း သေမှာ ကြောက်သလို သတ္တ၀ါတွေဟာ သေမှာ ကြောက်ကြတာပဲ။ အဲဒါကြောင့် ငါ သူ့အသတ်ကို မသတ်ဘူး”၊ “ငါပိုင်တဲ့ ပစ္စည်း တစ်ခု ပျောက်ပျက်သွားခဲ့ရင် ဆုံးရှုံးသွားခဲ့ရင် ငါ တော်တော် နှမြောတာပဲ၊ ငါ့လိုပဲ သူတစ်ပါးလည်း သူပိုင်တဲ့ ပစ္စည်းဥစ္စာ ပျောက်ပျက်သွားရင် စိတ်ဆင်းရဲ ရှာမှာပဲ၊ နှမြောမှာပဲ၊ အဲဒါကြောင့် ငါ သူများ ပစ္စည်းကို မခိုးဘူး”၊ “ငါ့ သားမယားကို စော်ကားရင် ငါမကြိုက်သလို သူလည်း သူ့သားမယားကို ဖျက်ဆီးတာ ဘယ်ကြိုက်ပါ့မလဲ၊ ငါ့အိမ်ထောင်ကို အပြိုကွဲ မခံနိုင်သလို၊ သူလည်း သူ့အိမ်ထောင်ကို ဘယ် ပြိုကွဲချင်ပါ့မလဲ၊ အဲဒီတော့ ငါ သူများ သားမယားကို မပြစ်မှား မစော်ကားဘူး” စသည် စသည်ဖြင့် ဆင်ခြင် နှလုံးသွင်းကာ သီလ အမှုကိုလည်း စောင့်ထိန်း သင့်ကြပေသည်။

အစပိုင်းတွင်တော့ နှလုံးသားချင်း ထပ်တူပြု၍ မေတ္တာ ထားမှုသည် မလုပ်ဖူးသေး သူများ အဖို့ အနည်းငယ် ခက်တန်ကောင်း ခက်ပေလိမ့်မည်။ သို့သော် ဒီအလုပ်ဟာ ခက်တာပဲ၊ ငါနဲ့ မကိုက်ပါဘူး ဆိုပြီး စမလုပ်ကြည့်ဘဲ ပစ်မထားသင့်ပါ။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် အစပိုင်းတွင်တော့ ခက်ကြသည် ချည်းသာ။ စမိဖို့သာ အရေးကြီးပါသည်။ ထိုသို့သာ စမိပြီး လေ့ကျင့်ယူသွားမည် ဆိုပါက နောင်တစ်ချိန်တွင် မိမိကိုယ်ကိုပင် မိမိ အံ့ဩရအောင် အသားကျသွားပေမည်။ လုပ်ရဲသွား ပေမည်။ နှလုံးသားချင်း ထပ်တူပြု၍ သတ္တ၀ါတွေ အပေါ် မေတ္တာ ထားနိုင်သွားမည် ဖြစ်ပါကြောင်း…။

——–*****——–

ဤကဲ့သို့သော တရား အသိများအား နှလုံးသွင်း ဆင်ခြင် ပွားများ တတ်အောင် သင်ကြားပေးတော် မူခဲ့သော ပိုင်းလော့ ဆရာတော်ဘုရား၊ ဆရာတော် ဦးသုမင်္ဂလနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤ ဆောင်းပါးဖြင့် ရိုသေ ၀ပ်တွား ရှိခိုး ကန်တော့အပ်ပါတယ် ဘုရား..။


လေးစားရိုသေစွာဖြင့်
ဖိုးသား

by Pyae Sone Aung on Monday, April 25, 2011 at 4:16pm

No comments:

Post a Comment