Tuesday, April 19, 2011

ဘဝရှင်သန်နည်းများ

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။

(၁) ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။ စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။

လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။ တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။

"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား? သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။ လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။ အခက်အခဲက အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးဦးတည်ရာကို ဆက်လျှောက်ကြတယ်။

ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။

လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။

(၂) ရှင်သန်ရပ်တည်နေတယ်ဆိုတာ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ပါ။ ဒါမှလည်း ဘဝက အဓိပ္ပာယ်ပြည့်စုံသလို ဘဝကို ကျေနပ်အားရမှုဖြစ်စေပါတယ်။ အခက်အခဲကို ရှောင်လွဲတာ ရှောင်ပုန်းတာဟာ နည်းတစ်ခုမဟုတ်ပါဘူး။ တည့်တည့်ရင်ဆိုင်တာဟာ အခက်အခဲကို ဖြေရှင်းတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

လူ့ဘဝလမ်းက အမြဲတစေ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ဘူး။ ချောမွေ့တဲ့လမ်းရှိသလို ကြမ်းတမ်းတဲ့ ခရောင်းတောလမ်းလည်းရှိတယ်။ အောင်မြင်ခြင်းဆီသွားတဲ့ လမ်းပေါ်က သင်တွေ့ကြုံရတဲ့ အခက်အခဲတွေက သင့်ကို ပိုရှေ့ဆက်တိုးဖို့ စေ့ဆော်ပေးတယ်၊ လှုံ့ဆော်ပေးတယ်။ တနည်းပြောရရင် အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုတွေက သင့်ကိုပိုသန်မာစေတယ်၊ ကြီးပြင်းစေတယ်။ အခက်အခဲကြုံချိန်မှာ သင့်ရဲ့သန်မာကြံ့ခိုင်မှုနဲ့ ပျော့ညံ့မှုက အနိုင်အရှုံးကို ခွဲခြမ်းပေးပါတယ်။ ကံကြမ္မာဆိုးကို တွန်းလှန်ပြီး ထူးခြားတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ဖို့ သင့်ယုံကြည်မှုကလည်း အရေးပါတယ်။ သင့်ယုံကြည်မှုက သင့်ဘဝကို ထူးခြားနိုင်စွမ်းရှိပါတယ်။

အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများလက်လွတ်ချိန် နောက်ဆုံးစက္ကန့်ထိ သင်တောင့်ခံနိုင်ရင် သင်ဟာ အောင်နိုင်သူဖြစ်တယ်။ အောင်မြင်ခြင်းဟာ များသောအားဖြင့် နောက်ဆုံးမှရောက်လာတတ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် တစ်ဝက်တစ်ပျက်ကနေ ကျွန်တော်တို့ ရပ်မသွားသင့်ဘူး။ ရှောင်လွဲမသွားသင့်ဘူး။ ရှေ့ဆက်လမ်းတွေ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ကြံ့ကြံ့ခံပြီး ဆက်လျှောက်သွားသင့်တယ်။ ဒါမှ နောင်တစ်ချိန်မှာ ငါမလုပ်လိုက်ရပါလားဆိုတဲ့ နောင်တတွေ မကျန်မှာဖြစ်တယ်။

နှစ်သက်ပျော်ဘွယ်တဲ့ဘဝဆိုတာ အခက်အခဲကြားက တည်ဆောက်ထားတာဖြစ်တယ်။ အခက်အခဲဆိုတာ လူတစ်ယောက်အတွက် ဓားသွေးကျောက်ဖြစ်တယ်။ အခက်အခဲတွေကို သင့်ရဲ့သန်မာမှု၊ သင့်ရဲ့ယုံကြည်မှုနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရင် ရောင်ခြည်ဖြာတဲ့ဘဝကို သင်တွေ့ရပါလိမ့်မယ်။

(၃) နိုင်ချင်ရင် ရှုံးမှာကို မကြောက်နဲ့။ ရှုံးတာကိုမကြောက်မှ နောက်ဆုံးမှာ အောင်နိုင်တာကိုရမယ်။ ရှုံးတာကိုကြောက်နေရင် နောက်ဆုံးမှာ ရှုံးတာပဲရမယ်။

လူ့ဘဝလမ်းမှာ အန္တရာယ်အမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးကို ကျွန်တော်တို့လူတိုင်း ရင်ဆိုင်ရတတ်တယ်။ အောင်နိုင်တာရှိသလို ရှုံးနိမ့်တာလည်းရှိတယ်။ ဒါပေမဲ့ လူ့ဘဝရဲ့အောင်နိုင်မှုဆိုတာ တခဏတွင်းမှာရတဲ့ အောင်နိုင်မှုကိုခေါ်တာ မဟုတ်ဘူး။ နောက်ဆုံးအထိ ကြံ့ကြံ့ခံနိုင်သူမှ တကယ့်အောင်နိုင်သူဖြစ်တယ်။ လူ့ဘဝရဲ့နောက်ဆုံးအချိန်မရောက်မချင်း ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာ ကျွန်တော်တို့သတ်မှတ်လို့ မရဘူး။ ဒါကြောင့် ဘဝရဲ့ဘယ်အချိုးအဆစ်မှာဖြစ်ဖြစ် ကျွန်တော်တို့ အားမလျော့သင့်ဘူး။ မျှော်လင့်ချက်တွေနဲ့ အမြဲပြည့်နေသင့်တယ်။

နာကျင်မှုကြောင့် သင့်ရဲ့ရွေးချယ်မှုကို လက်မလွတ်ပါနဲ့။ တကယ့်အောင်နိုင်သူဆိုတာ တခြားလူထက် ပေးဆပ်မှုများပြီး တခြားလူထက် ဆင်းရဲဒုက္ခ ပိုတွေ့ကြုံရတာလေးပါပဲ။ နာကျင်ပေမယ့် ရွေးချယ်မှုကို လက်မလွတ်တဲ့လူသာ အောင်မြင်မှုကို ရမှာဖြစ်တယ်။

ဇာမဏီငှက်တွေဟာ ပြင်းထန်တဲ့နာကျင်ခက်ခဲမှုတွေကို တွေ့ကြုံခံစားရပြီးမှ လှပတဲ့ ခန္ဓာနဲ့အမွှေးအတောင်ကို ရခဲ့တာဖြစ်တယ်။ လူတစ်ယောက်ရဲ့အောင်မြင်မှုက မတော်တဆရတာမျိုး မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ ရလာတာဖြစ်တယ်။ လူတွေက သူ့ရဲ့အောင်မြင်မှုကိုသာ တွေ့တယ်။ အဲဒီအောင်မြင်မှုဆီရောက်ဖို့ သူရင်းခဲ့တဲ့ သွေးနဲ့ချွေးတွေကိုတော့ သူကိုယ်တိုင်ပဲသိပါတယ်။

(၄) လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်တယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။

မိုင်ထောင်ပေါင်းခရီးက စလှမ်းတဲ့ခြေလှမ်းတစ်လှမ်းရဲ့အောက်မှာ ရှိတယ်။ ခြေတစ်လှမ်းစ,မလှမ်းရင် မိုင်ထောင်ပေါင်းခရီးကလည်း ရှိမှာမဟုတ်ဘူး။ ချောင်းမြောင်းတွေ မပေါင်းစီးရင် ပင်လယ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ကြီးတာရချင်ရင် သေးတာကနေ စလုပ်ရတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ရင်ထဲမှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး တစ်လှမ်းချင်း စ,မကြိုးစားခဲ့ရင် အကောင်အထည်ပေါ်ဖို့ဆိုတာလည်း လုံးဝရှိမှာ မဟုတ်ဘူး။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုတယ်။ ဘုန်းကြီးနှစ်ပါးဟာ တောနက်တစ်နေရာမှာ သီတင်းသုံးနေကြတယ်။ တစ်နေ့မှာ ဘုန်းကြီးတစ်ပါးက တောင်ပင်လယ်ဘက်ဆီ သွားမယ်လို့ဆိုတယ်။ ဒုတိယဘုန်းကြီးက ဘာနဲ့သွားမလဲလို့မေးတော့ ရေတစ်ပုလင်း၊ ထမင်းတစ်ထုပ်နဲ့သွားမယ်လို့ ပထမဘုန်းကြီးက ဖြေတယ်။ တောင်ပင်လယ်ဆီ လှေနဲ့သွားဖို့ စဉ်းစားခဲ့တာတောင် အခုထိ အကောင်အထည် မပေါ်သေးဘူး။ ရေတစ်ဗူး၊ ထမင်းတစ်ထုပ်နဲ့ဆို ပိုဆိုးတယ်လို့ ဒုတိယဘုန်းကြီးက ဆိုပါတယ်။

(၂)နှစ်အကြာမှာ နေရပ်ကို ပထမဘုန်းကြီးပြန်ရောက်လာပြီး ဒုတိယဘုန်းကြီးကို တောင်ပင်လယ်ဘက်က အကြောင်းတွေ ပြောပြခဲ့တယ်။ လူ့ဘဝရည်မှန်းချက်က သတ်မှတ်ရ လွယ်ကူပေမယ့် အကောင်အထည်ဖော်ဖို့ရာ ခက်ပါတယ်။ တကယ်လို့ မလှုပ်ရှား၊ မဆောင်ရွက်ရင် အကောင်အထည်ပေါ်ဖို့ ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ပထမခြေလှမ်းကို စလှမ်းရဲတာနဲ့ အောင်မြင်ဖို့အခွင့်အရေးက ပိုနီးစပ်သွားခဲ့ပါတယ်။

(၅) လူ့ဘဝမှာ ဒီလို ထူးဆန်းမှုတွေ အများကြီးရှိတယ်။ တိမ်ပေါ်တက်ဖို့ထက် ခက်တယ်လို့ ထင်မြင်ရတဲ့ အခက်အခဲတွေက တစ်ခါတလေမှာ လွယ်လွယ်ကူကူနဲ့ ပြီးမြောက်အောင်မြင်သွားနိုင်တယ်။ ဒါဟာ လွန်ကဲတဲ့ ယုံကြည်မှုကြောင့်ဖြစ်တယ်။

ဟိုးရှေးရှေးတုန်းက ဆင်းရဲသား ဆိတ်ကျောင်းသားတစ်ဦးဟာ လူမမယ်ကလေးငယ်နှစ်ယောက်နဲ့အတူ ဆိတ်ကျောင်းရင်း အသက်မွေးဝမ်းပြုတယ်။ တစ်နေ့မှာ ဆိတ်ကျောင်းရင်း တောင်ကုန်းတစ်ကုန်းပေါ် သူတို့ရောက်လာခဲ့ကြတယ်။ အဲဒီမှာ ဘဲတစ်အုပ်က အသံတစာစာနဲ့ သူတို့အပေါ်ကနေ ဖြတ်ပျံသွားတယ်။ သားငယ်က ဆိတ်ကျောင်းသားဖခင်ကို "ဖေဖေ.. ဖေဖေ.. ဒီဘဲအုပ်တွေ ဘယ်ကိုပျံသန်းကြသလဲ"လို့ မေးတယ်။ "ဆောင်းခိုဖို့ နွေးတဲ့အရပ်ဆီ ပျံသန်းသွားကြတာပါ" လို့ ဖခင်က ဖြေပါတယ်။ အဲဒီမှာ သားကြီးက အားကျတဲ့မျက်လုံးနဲ့ "ကျွန်တော်တို့လည်း ဘဲတွေလို ပျံသန်းနိုင်ရင် အရမ်းကောင်းမှာပဲ။ တကယ်လို့ ပျံသန်းနိုင်ရင် ဘဲတွေထက် ပိုမြင့်အောင် ကျွန်တော်ပျံသန်းပြီး ကောင်းကင်ထက်မှာ မေမေရှိတဲ့နေရာကို အရောက်သွားမယ်" လို့ ဆိုတယ်။ သားငယ်ကလည်း "ပျံသန်းတတ်တဲ့ ဘဲတစ်ကောင်ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ဒီလိုဆိုရင် ဆိတ်ကျောင်းစရာမလိုတော့ဘူး။ ကိုယ်သွားချင်တဲ့နေရကို ပျံသန်းသွားလို့ရတယ်" လို့ဆိုတယ်။

ဆိတ်ကျောင်းသားဖခင်က ခဏလောက် တိတ်ဆိတ်သွားပြီး သားနှစ်ယောက်ကို "သားတို့တကယ်ဖြစ်ချင်ရင် တကယ်ပျံနိုင်လိမ့်မယ်" လို့ဆိုတယ်။

ဖခင်စကားအတိုင်း သားနှစ်ယောက်လုံး စမ်းပျံကြည့်ကြတယ်။ ဒါပေမဲ့ ထပျံလို့မရနိုင်ခဲ့ဘူး။ ညီအစ်ကိုနှစ်ယောက်စလုံး ဖခင်ကို သံသယမျက်လုံးနဲ့ ကြည့်ခဲ့ကြတယ်။ ဖခင်က သူပျံပြမယ်ဆိုပြီး ထပျံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ "ဖေဖေက အသက်ကြီးလို့ မပျံနိုင်တော့တာပါ။ သားတို့က ငယ်သေးတယ်။ မပြတ်ကြိုးစားပြီး ပျံကြည့်ပါ။ တစ်နေ့မှာ ပျံသန်းနိုင်ပြီး သွားချင်တဲ့နေရာကို သွားနိုင်လိမ့်မယ်" လို့ ပြောခဲ့တယ်။ ဖခင်ရဲ့စကားကို သူတို့စွဲစွဲမြဲမြဲမှတ်သားပြီး မပြတ်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ အောင်မြင်ပြီး သွားလိုရာကို သူတို့ရောက်ခဲ့ကြတယ်။

လူတစ်ယောက်ရဲ့ရင်ထဲမှာ ယုံကြည်မှုဆိုတာရှိပြီး ကြံ့ကြံ့ခံ မပြတ်ကြိုးစားခဲ့ရင် အောင်မြင်မှုကို မလွဲမသွေရမှာ အမှန်ဖြစ်တယ်။

(၆) လူ့ဘဝရဲ့ အကြီးဆုံးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရရင် အဲဒီအခက်အခဲကို ဖြေရှင်းနိုင်တဲ့ရှေ့ပြေးက --- အသက်ရှင်နေဖို့ပဲဖြစ်တယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ ဘယ်လောက်ပဲ နာကျင်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ပျက်ဝမ်းနည်းနေပါစေ အသက်ရှင်နေမှ အရာရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်။ အောင်နိုင်မှာဖြစ်တယ်။

ဘဝဆိုတာ ကျွန်တော်တို့ကို ဘုရားသခင်ပေးတဲ့ အထူးလက်ဆောင်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့တဲ့ နွံ့အိုင်ထဲနစ်နေရင်တောင် ဘဝရဲ့အလင်းတန်းကို (အလင်းစက်လေး တစ်စက်ပဲဖြစ်နေရင်တောင်) ဖမ်းဆုပ်ပြီး လဲကျမသွားဖို့ ကိုယ့်ကိုယ်ကို အားပေးတောင့်ခံထားသင့်တယ်။ အသက်ရှင်ဖို့ကြိုးစားရမယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိမယ်။ လောကမှာ မျှော်လင့်ချက်မဲ့တဲ့အရာ ဆိုတာမရှိဘူး။ မျှော်လင့်ချက်မဲ့တဲ့ လူပဲရှိတယ်။ အသက်ရှင်နေမှ မျှော်လင့်ချက်ဆိုတာရှိတယ်။ အသက်ရှင်နေမှ စိတ်ကူးအိပ်မက်ဆိုတာ ရှိတယ်။

(၇) တကယ့်အောင်မြင်တဲ့ဘဝဆိုတာ အောင်မြင်မှုအကြီးအသေးပေါ် မမူတည်ဘူး။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တကယ်ကြိုးပမ်းပြီး အားစိုက်ထုတ်ခဲ့တဲ့အပေါ် မူတည်တယ်။ ကိုယ်ပိုင်လမ်းလေးအဖြစ် လျှောက်လှမ်းနိုင်ဖို့ပဲ လိုပါတယ်။

အောင်မြင်သူတွေရဲ့ အင်အားပါတဲ့တက်ကြွမှုက သာမန်လူတချို့ရဲ့ရင်ကို နေမသိထိုင်မသာတဲ့ ခံစားမှုမျိုးဖြစ်စေတယ်။ အောင်မြင်သူတွေရှုံးနိမ့်ပြီး သူတို့လို သာမန်တဲ့ဘဝကိုရောက်ဖို့ သူတို့မျှော်လင့်ကြတယ်။ ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ ဒီကနေ့မှာ သင်ဟာ လူသားအားလုံးရဲ့ဇာတ်လိုက်ဖြစ်ပေမယ့် မနက်ဖြန်မှာ သင်ဟာ ကာလိုက်ကာဆွဲတဲ့ လူတစ်ယောက်လည်း ဖြစ်သွားနိုင်တယ်။ ဖြောင့်ဖြူးချောမွေ့တဲ့လမ်းဆိုတာ ရှိသလို သတိမမူ ဂူမမြင်တဲ့အခါလည်းရှိတယ်။ ထက်မြက်တဲ့လူက လူ့ဘဝရဲ့ အတက်အကျကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မှတ်ယူထားတယ်။ ဒါဟာ အသိဉာဏ်တစ်မျိုးဖြစ်တယ်။ စင်ပေါ်ရောက်ရောက် စင်အောက်နေနေ ကြံ့ခိုင်သင့်တယ်။ ပေါ့ပါးနေသင့်တယ်။

ထက်မြက်တဲ့လူတွေက ကိုယ့်ဘဝကို အဆင့်အတန်းတစ်ခု သတ်မှတ်ထားတယ်။ လူတကာသတ်မှတ်လို့ လိုက်သတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ထဲ တကယ့်ရှိနေတဲ့ အဆင့်အတန်း၊ စံနှုန်းကို သတ်မှတ်တာဖြစ်တယ်။ ကိုယ့်အတွက် အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အရာကို ဇွဲနဲ့လုပ်ဆောင်တာမျိုးဖြစ်တယ်။ တခြားလူကိုလည်း မထိခိုက်၊ လောကကြီးကိုလည်း မထိခိုက်ဘဲ ကိုယ်လုပ်ချင်တာ၊ ကိုယ်ပြောချင်တာကို ပြောဆိုလုပ်ကိုင်တာမျိုးဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အောင်မြင်တဲ့အနှစ်သာရဖြစ်တယ်။

(၈) ခေါင်းငုံ့တာဟာလည်း အင်အားတစ်မျိုးပါ။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး၊ ပျော့ညံ့တာမဟုတ်ဘူး။ တစ်ခါတလေမှာ ခေါင်းလေးနည်းနည်းငုံ့တာက ကျွန်တော်တို့ရဲ့ လူ့ဘဝကို ပိုမိုတောင်ပြောင်စေနိုင်ပါတယ်။

လူ... စိတ်ကောင်းရှိရတယ်၊ ရိုးသားရတယ်၊ ကြံ့ခိုင်ရတယ်။
လူ... အောင်မြင်ချိန် စိတ်ကြီးမဝင်သင့်ဘူး။ ရှုံးနိမ့်ချိန် ရည်မှန်းချက်ကို လက်မလွတ်သင့်ဘူး။
လူ... ကိုယ့်ကိုယ်ကို လေးစားမှုမရှိရင် အရှက်တရားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အရှက်တရားမရှိရင် ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာလည်း ရှိမှာမဟုတ်ဘူး။
လူ... စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ် ပြောဆိုပြုလုပ်ပြီဆိုရင် သူတစ်ပါးကို အကျိုးသက်ရောက်စေလား၊ မသက်ရောက်စေဘူးလား၊ ထိခိုက်လား၊ မထိခိုက်လားဆိုတာ အရင်စဉ်းစားပါ။ ဒါဟာ လူတစ်ယောက်ရဲ့အခြေခံ ကြန်အင်လက္ခဏာဖြစ်တယ်။

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

"လောကကြီးမှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"

"၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

"၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"

"ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူတို့ပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။ မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာန ဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

(၉) တချို့အချိန်မှာ မပျော်ရွှင်တာဟာ ပျော်ရွှင်ဖို့ အခြေအနေမပေးသေးလို့ မဟုတ်ဘူး။ ဘဝ မရိုးရှင်းလို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?

ပျော်ရွှင်ခြင်းဆိုတာ အိတ်ထဲမှာ ငွေကြေးတွေပြည့်နေတာကို ဆိုလိုတာမဟုတ်ဘူး။ ရာထူးအာဏာ ကြီးမြင့်တာကို မခေါ်ဘူး။ သာမန်လူတွေမှာလည်း သာမန်တဲ့ပျော်ရွှင်ခြင်းတွေရှိတယ်။ ဘဝမှာ ဘယ်လိုရှင်သန်ရမှာဆိုတာကို နားလည်ထားရင် ဘဝရဲ့လှပတဲ့အရာတွေကို လက်မလွတ်ခဲ့ရင် ပျော်ရွှင်ခြင်းက သင့်အနားမှာအမြဲရှိနေပါလိမ့်မယ်။

ပျော်ရွှင်ခြင်းဆိုတာ ရိုးရှင်းတဲ့အရာဖြစ်တယ်။ ပျော်ရွှင်ခြင်းက လူတိုင်းရဲ့အနားမှာရှိတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်းကို လူတိုင်းမမြင်ကြဘူး။ ရိုးရိုးရှင်းရှင်းကြည့်မှ ကိုယ့်အနီးနားက ပျော်ရွှင်ခြင်းကို မြင်ရမှာဖြစ်တယ်။ တိုက်တာကြီးထဲနေရမှ၊ စားကောင်းသောက်ကောင်းတွေ စားရမှ၊ ရာထူးအာဏာကြီးမှ ပျော်ရွှင်တာ မဟုတ်ပါဘူး။ အလုပ်အကိုင်ရှိတဲ့ ပျော်ရွှင်ခြင်း၊ အိမ်သူမိသားစုနဲ့ အတူနေရတဲ့ ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်လွတ်လပ်တဲ့ ပျော်ရွှင်ခြင်း.... ပျော်ရွှင်ဖို့က အဲဒီလောက် ရိုးရှင်းပါတယ်။

ရိုးရှင်းတဲ့ဘဝဆိုတာ အရာရာကို လက်လွတ်ခိုင်းတာ မဟုတ်ဘူး။ ရိုးရှင်းတဲ့ဘဝဆိုတာ သင့်ရင်ထဲက စစ်မှန်တဲ့အရာဖြစ်တယ်။ ရိုးရှင်းတဲ့ဘဝဆိုတာ ဆင်းရဲခြင်းထဲနစ်ဝင်တာကို ပြောတာမဟုတ်ဘူး။ တန်ဖိုးကြီးတဲ့ကားတစ်စင်း မောင်းနေရင်လည်း ရိုးရှင်းတဲ့ဘဝကို ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုရိုးသားဖို့နဲ့ ကိုယ့်ဘဝမှာ ဘယ်အရာက အရေးကြီးဆုံးလည်းဆိုတဲ့ အခြေခံအချက်ကို နားလည်ထားဖို့ပဲ လိုပါတယ်။

(၁ဝ) ကျေးဇူးသိတတ်တာဟာ ပျော်ရွှင်ခြင်းကို ရတာပါပဲ။ ကျေးဇူးသိတတ်တာဟာ ကိုယ့်ပတ်ဝန်းကျင်က အရာတွေအားလုံး လှပနေတာကို တွေ့မြင်တာပဲဖြစ်တယ်။

ရွက်ကြွေလေး လေထဲလွှင့်မြောပြီး ပျော်ရွှင်ခြင်းတေးတစ်ပုဒ်ကို ဆိုညည်းတယ်။ ဒါဟာ ကမ္ဘာမြေကြီးကို သစ်ပင်က ကျေးဇူးတင်တာဖြစ်တယ်။ တိမ်ဖြူလေးတွေ ကောင်းကင်ယံထက်လွှင့်ဝဲပြီး လှပတဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲတယ်။ ဒါဟာ ကောင်းကင်ပြာကို တိမ်ဖြူက ကျေးဇူးတင်တာဖြစ်တယ်။

ဘဝရဲ့ နေရာတိုင်းမှာ ကျေးဇူးတင်သင့်တာတွေရှိတယ်။

လူတစ်ယောက်မှာ ကျေးဇူးသိတတ်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားရင် ဘယ်အရာဟာ ပျော်ရွှင်ခြင်းလည်းဆိုတာကို သူခံစားမိလိမ့်မယ်။ ပျော်ရွှင်ခြင်းရဲ့အရသာကို နေရာတိုင်းမှာ သူခံစားရလိမ့်မယ်။ ဒီလိုဆိုရင် ဘဝရဲ့အရာအားလုံးကို သူတန်ဖိုးထားလိမ့်မယ်။ လူ့ဘဝဟာ လှပတယ်လို့ သူခံစားမိလိမ့်မယ်။

တကယ်လို့ လူလူချင်းကြားမှာ ကျေးဇူးသိတတ်တာတွေရှိခဲ့ရင် ပေါင်းသင်းဆက်ဆံရေးက ပိုသင့်မြတ်ပြီး၊ ပိုချစ်ခင်ရင်းနှီးကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ကျေးဇူးတရားတွေ ကိန်းအောင်းနေရင် ကျွန်တော်တို့ရဲ့ခန္ဓာဟာလည်း ကျန်းမာပျော်ရွှင်လိမ့်မယ်။

လောကမှာ တခြားလူနှိပ်စက်၊ အနိုင်ကျင့်တာထက် ပိုဆိုးတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တစ်ခါမှ အနိုင်ကျင့်၊ အနှိပ်စက် မခံရဖူးတာပဲဖြစ်တယ်။ အကြောင်းက လူတစ်ယောက်ဟာ အနှိပ်စက်၊ အနိုင်ကျင့်ခံရလေ သူ့ရဲ့တိမ်ငုပ်နေတဲ့ အရည်အချင်းတွေက ပိုပေါ်လေ၊ ပိုသတ္တိရှိလေ၊ ပိုရင်ဆိုင်ရဲလေဖြစ်တယ်။ ဒါကြောင့်......


သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။


နိုင်းနိုင်းစနေ (Wednesday, April 20, 2011)

No comments:

Post a Comment