Sunday, April 24, 2011

*** အသက်တစ်ချောင်း…

…ကျွန်မတို့မြန်မာလူမျိုးတွေဟာ များသောအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ်. စိတ်သဘောထား နူးညံ့သိမ့်မွေ့ကြတယ်.စိတ်ကောင်းနှလုံးကောင်းရှိကြပါတယ်. ကိုယ်ချင်းစာတရားလည်း ထားတတ်ကြပါတယ်.
ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်း ကြတဲ့သူတွေများပါတယ်. သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဆိုတဲ့ ငါးပါးသီလထဲက ပထမဆုံးကျင့်ဝတ်ကိုလည်း အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်အောင် ကြိုးစားကြတာပါ. သက်ရှိသတ္တ၀ါတိုင်းရဲ့ အသက်တစ်ချောင်းကို တန်ဖိုးထား လေးစားကြတာပါ. ဒီလိုဘဲ အမြဲ ယုံကြည်သက်ဝင်မိတဲ့ ကျွန်မမှာ
(၃၀.၃.၂၀၁၀)ရက်နေ့. နံနက် (၉)နာရီအချိန်လောက်မှာ မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် အရမ်းဘဲ အံ့သြတုန်လှုပ်ခဲ့ရပါတယ်...
...နွေဦးရာသီရဲ့ နံနက်ခင်းလေးက စိတ်ကြည်နူးဖို့ကောင်းလောက်အောင်ကို အေးချမ်းလှပါတယ်... အရမ်းခင်တဲ့ ဆရာမတစ်ယောက်က “မနက်ဖြန်အားရင် စောစောလာခဲ့...ငါ့တပည့်...နင့်ကို သင်ပေးစရာတွေ အများကြီး...”
ဆိုတာနဲ့ ဒီနေ့အစောကြီးလမ်းပေါ်ကို ကျွန်မရောက်နေပြီ. ဆရာမအိမ်ကို ရောက်ဖို့
ကား၂ဆင့်စီးရတာနဲ့ အချိန်တော်တော့်ကို ကြာသွားတယ်. ကားဂိတ်ကနေဆို (၁၀)မိနစ်လောက်တော့ အမြန်လျှောက်ရအုံးမယ်ဆိုတဲ့ဇောနဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းနေမိတယ်.ဖြတ်သွားရတာက
မြေလမ်းကြားလေး...ဒီအချိန်က ဈေးသွား.ဈေးပြန်ကြချိန်မို့ မြေလမ်းလေးက စည်ကားနေတယ်.
အဒေါ်ကြီးတစ်ယောက် ဈေးခြင်းတောင်းတွေ မနိုင်မနင်းနဲ့မို့ ကူဆွဲပြီးပို့ပေးခဲ့ရသေးတယ်. အဒေါ်ကြီးက ကျေးဇူးတွေတင်ကြောင်း အထပ်ထပ်ပြောရင်းပေါ့...
...ဒီမြေလမ်းကလေးကို ဖြတ်သွားတဲ့အချိန်တိုင်း ကျေးလက်တောရွာလေး တစ်နေရာရာကို ရောက်သွားသလိုဘဲ
ကြည်ကြည်နူးနူး စိတ်ချမ်းမြေ့မှုကို ခံစားရပါတယ်. ပတ်ဝန်းကျင်တစ်ခွင်လုံး စိမ်းစိုနေပြီး သဘာဝလေအေးလေးတွေ တဖြူးဖြူးနဲ့. သင်းပျံ့တဲ့ ပန်းရနံ့လေးတွေကလည်း တစ်ချက်တစ်ချက် မွှေးပျံ့နေတာ အတော့်ကို နေလို့ကောင်းလှတယ်.
နံနက်ခင်းရဲ့ နေရောင်ခြည်ကလည်း နွေးနွေးထွေးထွေးနဲ့ လမ်းလျှောက်သွားရတာ စိတ်ကိုလန်းဆန်း တက်ကြွစေပါတယ်.. ရန်ကုန်လို မြို့ကြီးပြကြီးမှာ ဒီလိုကျေးလက်ဆန်တဲ့ သဘာဝအလှတွေရှိနေတာ တကယ်အံ့သြစရာပါဘဲ...
သဘာဝအလှ. သဘာဝရှုခင်းတွေဟာ လူ့တွေရဲ့စိတ်ကို ပြုပြင်ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ဒီလိုဘဲထင်ပါရဲ့...
နွေဦးရာသီရဲ့ သင်္ကေတဖြစ်တဲ့ ဟိုအဝေးဆီက ဥသြ.ဥသြ.ဥသြဆိုပြီး အော်နေတဲ့
ဥသြငှက်ကလေးရဲ့ တေးသီသံကို ကြားရတာ မနက်ခင်းစောစောစီးစီးမှာ နားထောင်လို့လည်း...ကောင်း...လွှမ်းဖို့လည်းကောင်းလိုက်တာ... ဒီလို သဘာဝရှုခင်းတွေကို ကြည့်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးနေတဲ့ ကျွန်မ... မြေလမ်းလေးဆုံးလို့...ကတ္တရာလမ်းမပေါ်ကိုလည်းခြေချလိုက်ရော...
တွေ့လိုက်ရတာက မကြည့်ရက်စရာမြင်ကွင်း.... ခဏတာမျှ မှင်တက်ပြီး ကြက်သေသေသွားမိပါတယ်...

...အိန်း.အိန်း.အိန်း...ဆိုတဲ့ နာကျင်မှုကြောင့် ကျယ်လောင်စွာ ပေါက်ကွဲထွက်လာတဲ့ ခွေးလေးတစ်ကောင်ရဲ့ 
အော်သံ...နဲ့အတူ ဂျစ်ကားအဖြူရောင်တစ်စီးက ခွေးကလေး လည်ပင်းကို တက်ကြိတ်သွားတဲ့မြင်ကွင်း.
ခွေးကလေးရဲ့လည်ပင်းလေးကို ပြားချပ်လို့... ဂျစ်ကားက မှန်တွေအပြည့်နဲ့ လူရည်သန့်တွေရဲ့ကားတစ်စီးပါဘဲ. ကားတွေကလည်း အရှိန်နဲ့သွားနေကြတာပါ. ဂျစ်ကားတက်ကြိတ်ပြီး စက္ကန့်ပိုင်းဘဲရှိသေးတယ်. နောက်က Hiace ကားတစ်စီးကလည်း အရှိန်နဲ့ ခွေးကလေးရဲ့လည်ပင်းကို ဆက်တိုက်တက်ကြိတ်လိုက်ပါရော...
ခွေးလေးရဲ့လည်ပင်းကခပ်စောင်းစောင်းလေး... ဂျစ်ကားစတိုက်တုန်းကတော့ ခွေးလေးကမသေသေးဘဲ
လှုပ်ရှားနေပါသေးတယ်. နောက် Hiace ကားတက်ကြိတ်ပြီးတဲ့အချိန်မှာတော့ လုံးဝမလှုပ်ရှားတော့ပါဘူး. ခွေးလေးသေဆုံးသွားပါပြီ. ဖြစ်ပျက်သွားတာဟာ (၃)မိနစ်ခန့် အချိန်အတွင်းမှာ...
မျက်စိတစ်မှိတ်.လျှပ်တစ်ပြက်ပါ. ကိုယ်ကဘဲ စိတ်ခံစားလွယ်တတ်.သနားလွယ်တတ်လို့များလား မသိပါဘူးရှင်.
စောစောက စိတ်ကြည်နူးချမ်းမြေ့မှုတွေလည်း ကြက်ပျောက်ငှက်ပျောက် ဘယ်ကိုပျောက်ကုန်မှန်းတောင်
မသိတော့ပါဘူး. ခွေးသေကောင်လေးကိုဘဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ရပ်ပြီးကြည့်နေမိပါတယ်.
လည်ပင်းကို တက်ကြိတ်သွားတာမို့ ဘာသွေးစသွေးနကိုမှ မတွေ့ရပါဘူး.
ခွေးလေးက မီးခိုးရောင်ရင့်ရင့်နဲ့ ၀၀ဖြိုးဖြိုးလေးပါ. ခွေးလေ.ခွေးလွင့်တော့ ဟုတ်ပုံမရပါဘူးရှင်.
…ကားနဲ့တိုက်သွားတဲ့သူတွေကို တော်တော်အံသြမိပါတယ်.ခွေးလေးကဘဲ လမ်းကိုအတင်း ဖြတ်ကူးလို့
အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာလား.မတော်တဆနဲ့ ကြိတ်မိသွားတာလား...ထားပါတော့.
မတော်တဆဆိုရင်လည်း တိုက်မိမှန်း. ကြိတ်မိမှန်းသိပြီဆိုတာနဲ့ ကားကိုအရှိန်လျှော့...ကားရပ်ပြီး
ဆင်းကြည့်သင့်တာပေါ့. ကားတွေ အရမ်းရှုပ်ထွေးနေတဲ့လမ်းလည်းမဟုတ်ပါဘူး.
မြို့ပြင်က လမ်းကျယ်ကြီးမှာပါ. အခုတော့ ဂျစ်ကား/Hiace ကားမောင်းသူတွေ ဘာမှမဖြစ်သလို ဆက်ပြီး
မောင်းသွားတာက အသက်တစ်ချောင်းကို တန်ဖိုးမထားတာလား...မထားတတ်တာလား...
သက်ရှိသတ္တ၀ါလေး တစ်ကောင်ကို ကိုယ်ချင်းမစာနာ...မသနားတတ်ကြလိုက်တာ...ဆိုပြီး
စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်.
...လမ်းပေါ်မှာကျနေတဲ့ ကျောက်ခဲလေးတစ်လုံးလောက်တောင် တန်ဖိုးထားခြင်း မခံရတဲ့ခွေးကလေးရဲ့အဖြစ်... ကျောက်တုံးကျောက်ခဲဆိုရင်တောင် သူတို့ကားပျက်မှာစိုးလို့ ရှောင်ပြီးမောင်းသွားကြအုံးမှာ...
အခုတော့ အလကားခွေးတွေပါ.သေချင်လည်းသေပစေ... ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့သဘောလား...
ဒီလိုအယူအဆတွေနဲ့ ထင်ပါရဲ့...အဲလိုခွေးသေလေးကို ရပ်ကြည့်နေတုန်း…
မြင်လိုက်ရတာက ဆန့်ကျင်ဖက်လုပ်ရပ်တစ်ခု...
ဆိုက်ကားသမားအစ်ကိုကြီးတစ်ယောက်က အဲဒီခွေးသေလေးကို နောက်ထပ်ကားတွေ
တက်ကြိတ်သွားမှာစိုးလို့ ခွေးလေးဘေးမှာရပ်ပြီး ကာကွယ်ပေးထားတယ်.
ကားအသွားအလာရှင်းသွားပြီဆိုမှခွေးလေးရဲ့ ခြေနှစ်ဖက်. လက်နှစ်ဖက်ကိုကိုင်ပြီး
အဲဒီနားက အမှိုက်ပုံဆီကိုသယ်ပြီး စွန့်ပစ်ပေးခဲ့ပါတယ်. လူသားဆန်တဲ့ လုပ်ရပ်တစ်ခု...အပြုအမူကောင်းတစ်ခု...
စိတ်ထဲက ကြိတ်ပြီးချီးမွမ်းမိတယ်...
...အော် ...ဒီလိုစိတ်သဘောထားပြည့်ဝတဲ့သူတွေ.လူမှုဝန်ထမ်းစိတ်ဓါတ်ရှိတဲ့သူတွေလည်း
လောကကြီးမှာ ရှိနေကြသေးတာဘဲလို့တွေးမိပါတယ်...
...ပိုက်ဆံရှိတယ်လို့ ထင်ရတဲ့ ဂျစ်ကား/Hiace မောင်းသူတွေရဲ့ ခွေးကလေးရဲ့အသက်တစ်ချောင်းအပေါ်ထားတဲ့ စိတ်သဘောထားနဲ့ ဆိုက်ကားသမားအစ်ကိုကြီးရဲ့စိတ်နေစိတ်ထား.လုပ်ဆောင်ချက်တွေကို နှိုင်းယှဉ်ကြည့်မိပါတယ်. အဆင့်အတန်းမြင့်တယ်. အထက်တန်းကျတယ်ဆိုတာ ဘယ်လိုစိတ်ထားရှိတဲ့သူကို ပြောတာလဲ.
အဆင့်အတန်းမြင့်တယ်ဆိုတာ ငွေကြေးချမ်းသာ ကြွယ်ဝမှုကိုကြည့်ပြီး...ဆုံးဖြတ်တာလား.
လူတစ်ဦးတစ်ယောက်ရဲ့ စိတ်နေသဘောထား ကောင်းမွန်မြင့်မြတ်တာကိုကြည့်ပြီး
ဆုံးဖြတ်တာလားဆိုတာကိုလည်း တွေးနေမိပါတယ်. ကျွန်မကတော့ ရုပ်ဝတ္ထုပစ္စည်းချမ်းသာ ကြွယ်ဝမှုထက် စိတ်ပိုင်းဆိုင်ရာချမ်းသာကြွယ်ဝမှု. လေးနက်မှုကို ပိုပြီးတန်ဖိုးထားမြတ်နိုးပါတယ်. အဲဒီလိုလူမျိုးကိုလည်း
အဆင့်အတန်း မြင့်တယ်. စိတ်ဓါတ်အထက်တန်းကျတယ်လို့ ယုံကြည်ပါတယ်.
အသေးမွှားဆုံး သတ္တ၀ါလေးတွေဖြစ်တဲ့ သန်း.ကြမ်းပိုး.ပိုးကောင်မွှားကောင်လေးတွေရဲ့ အသက်မှသည် လူ့အသက်တစ်ချောင်းအထိ သက်ရှိသတ္တ၀ါလေးအဖြစ် တန်ဖိုးထားတာ.
မိမိနှင့်ထပ်တူ ကိုယ်ချင်းစာနာစိတ်ထားတာ. မေတ္တာထားနိုင်တာတွေဟာ လူတိုင်းမှာ
ထားရှိသင့်တဲ့. ထားရှိရမဲ့စိတ်ထားလေးတွေပဲလို့ ထင်မြင်နေမိပါတယ်.
ဒီလိုစိတ်ဓါတ် အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့သူကိုမှလည်း လူသားဆန်တယ်.
လူပီသတယ်.လူ့တာဝန် လူ့ဝတ္တရားကို နားလည်သိတတ်တဲ့သူတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်.
…ဒီခွေးကလေး မျက်စိရှေ့မှာ ချက်ချင်းကြီး သေဆုံးသွားတာကိုကြည့်ပြီး
သတိသံဝေဂလည်း များစွာရမိပါတယ်. ကိုယ်သာ အဲလိုဖြစ်ခဲ့ရင်ကောဆိုတဲ့ အတွေးက
ခြောက်လှန့်နေသလိုပါဘဲ...ကိုယ့်ရဲ့စိတ်ကို လှုပ်နှိုး ပေးလိုက်သလိုပါဘဲ.
သေဖို့အတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲဆိုတာကိုလည်း သတိရသွားမိပါတယ်.
နေဖို့.စားဖို့ဘဲ တစ်နေ့တစ်နေ့ရုန်းကန်လှုပ်ရှားနေတာ. မင်းသေဖို့ကော...အဆင်သင့် ပြင်ထားပြီးပြီလား... အဆင်သင့်ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေကို ကိုယ်ဘာသာကိုယ် ပြန်မေးနေမိပါတယ်. အားပါးပါး...အဲဒီတော့မှ သတိပြုမိတယ်... ဖြည့်ကျင့်စရာတွေ အများကြီး ရှိနေပါသေးလား... သေခြင်းတရားက ဒီနေ့ရောက်လာမလား...မနက်ဖြန်မှဘဲ
အလည်လာမှာလား...ဒါမှမဟုတ် နောင်ဘယ်နှစ်နှစ်ကြာရင်လာမှာလဲ... သေခြင်းတရားဆိုတာကလည်း
အသက်အရွယ်မရွေး. အချိန်အခါမရွေး.နေရာဒေသမရွေး. သက်ရှိသတ္တ၀ါတိုင်း
ကြုံတွေ့ရမဲ့ လောကဓမ္မ...စဉ်းစားစရာတွေပါ...

…ခွေးလေးကိုတိုက်သွားတဲ့ ယာဉ်မောင်းသူတွေအနေနဲ့ ပါဏာတိပါတ ကံထိုက်-မထိုက်ဆိုတာတော့ သူတို့ရဲ့စိတ်ထားနဲ့ သက်ဆိုင်ပါလိမ့်မယ်.ဖတ်ခဲ့ဖူးတဲ့ အခြေခံလူ့ကျင့်ဝတ်ဆိုတဲ့ စာအုပ်လေးမှာ ညွှန်ပြထားတာက 
(၁) သက်ရှိသတ္တ၀ါလည်း မှန်မယ်. (၂) အသက်ရှိသတ္တ၀ါလို့လည်းသိမယ်.
(၃) သေစေလိုတဲ့စိတ်လည်းရှိမယ်. (၄) သေအောင်လည်း လုံ့လပြုပြီးသတ်မယ်.
(၅) သေလဲသေမယ်ဆိုရင် ပါဏာတိပါတကံ အထမြောက်ပါတယ်တဲ့.
ဒီအင်္ဂါငါးပါးမပြည့်စုံရင်တော့ ပါဏာတိပါတကံ အထမြောက်တယ်လို့ မဆိုရဘူးလို့
ဆိုထားပါတယ်. သက်ရှိသတ္တ၀ါမှန်ပေမဲ့ သက်ရှိသတ္တ၀ါဘဲလို့ ကိုယ်က မသိရင်. သိပေမဲ့
သေစေလိုသော စိတ်မရှိဘဲ မတော်တစ်ဆပြုမိလို့ သေရင် ကံအထမမြောက်ဘူး.
သေစေလိုတဲ့ စိတ်ရှိပေမဲ့ ဘယ်နှယ့်မှ မလုပ်ဘဲနေရင် (ကိုယ့်လုံလ ပယောဂမပါရင်) သေသွားပေမဲ့
ကိုယ့်မှာကံအထမမြောက်ဘူး. လုံလပယောဂနဲ့ သတ်ပေမဲ့ မသေရင် ကံအထမမြောက်ဘူး.
ကံအထမမြောက်ဘူးဆိုတာက ပါဏာတိပါတကံ အောင်အောင် မြင်မြင်ကြီး
မဖြစ်ဘူး.အောင်အောင်မြင်မြင်ကြီး မဟုတ်တဲ့အတွက် နောင်ဘ၀မှာဒီကံက အပါယ်ငရဲချလိမ့်မယ်လို့
အသေအချာမပြောနိုင်ဘူး လို့ဆိုလိုတယ်. ဒါပေမဲ့မကောင်းမှု ဒုစရိုက်လို့တော့ ဆိုရတယ်.
ဒီကံက ခေါင်းဆောင်ပြီး အပါယ်မချပေမဲ့ အခြားကံကြောင့် ကျတဲ့အခါ သူကပါ ကူညီပြီး
မကောင်းကျိုးပေးတတ်တယ်လို့ မှတ်သားထားဖူးပါတယ်.
...မည်သူတစ်ဦးတစ်ယောက်မဆို မိမိနေ့စဉ်ပြုနေသော ကာယကံမှု.၀စီကံမှု.မနောကံမှုများအတိုင်း
ကောင်းသောစိတ်ဖြင့် ကောင်းသောအလုပ်ကိုလုပ်ရင် ကောင်းသောကံကိုဖြစ်စေမှာ မလွှဲပါဘဲရှင်.
…ဒီခွေးကလေး သေဆုံးသွားသလို ကျွန်မတို့မသိလိုက်တဲ့အချိန်ပေါင်းများစွာမှာ တိရိစ္ဆာန်လေးတွေရဲ့
အသက်ပေါင်း အမြောက်အများ လူမသိ.သူမသိ...သေကြေပျက်စီးနေကြမဲ့အဖြစ်တွေ
အများကြီးရှိနေကြမှာပါ. ဘာဘဲဖြစ်ဖြစ် ကျွန်မတို့လူသားဆန်သော လူသားများအနေဖြင့်
သတ္တ၀ါတိုင်း၏ အသက်တစ်ချောင်းအား မိမိ၏အသက်ရှင်သန်မှုကဲ့သို့ ကိုယ်ချင်းစာနာစိတ်ထားဖြင့်
ပါဏာတိပါတကံအား လုံခြုံအောင် စောင့်ထိန်းနိုင်ကြမည်ဆိုပါက ဤသို့သော အဖြစ်များလည်း...
လျော့ပါးသွားမယ်လို့ မျှော်လင့်ခြင်းများစွာဖြင့် ကမ္ဘာသစ်သူငယ်ချင်းတို့ကို မျှဝေပေးလိုက်ပါတယ်နော်...

...သူတစ်ပါး၏အသက်တစ်ချောင်းအား မိမိနှင့်ထပ်တူ တန်ဖိုးထားတတ်ကြပါစေ...

မေတ္တာဖြင့်…
အေးအေးမိုးမိကူး 

No comments:

Post a Comment