Sunday, April 3, 2011

လူတွေရဲ့ ဘက်လိုက်တတ်တဲ့သဘာဝ

         လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။

          အယူအစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စသဖြင့်။
          အဲသည်အထဲမှာ အားအကြီးဆုံးက ငါစွဲ။
          ကိုယ့်ဘာသာကိုယ်တော့ “မျှမျှတတ မှန်မှန်ကန်ကန် မြင်သည်” ဟု ထင်တတ်ကြသည်။ သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက်က လိုက်နေမိတာတွေ၊ အစွဲကလေးနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။
          လူတွေမှာ ရှိတတ်ကြသည့် အဲသည့်သဘောကို Tom Knight ဆိုသောသူက အခုလိုရေးသည်။
          စဉ်းစားကြည့်ရင် ရယ်စရာဗျ။
          ဟိုလူ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီး လုပ်နေရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတယ်။ ကိုယ်ကြာနေရင်တော့ အဲဒါ စေ့စပ်သေချာတာ၊ တဲ့။
          ကိတ်စတစ်ခုကို ဟိုလူမလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့။ ကိတ်စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့ ဟိုလူထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာ။ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လပ်မြင်တာ၊ လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာ။
          ဟိုလူက သူ့အယူအဆကို အကြောက်အကန်ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။ ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာ။
          အစဉ်အလာကျင့်ဝတ်စည်းကမ်း တစ်ခုတလေ ဟိုလူချိုးဖောက်ရင် အဲဒီလူယဉ်ကျေးမှု မရှိတာ။ ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ… မရဘူး၊ ကျွန်တော်က ကိုယ့်ပုံစံနဲ့ ကိုယ်ပဲ၊… တဲ့။
                        *       *       *       *       *
လူအတော်များများပင် အဲသည်အတိုင်းပဲဟု သင်မြင်မိလိမ့်မည်။ သင်ကိုယ်တိုင်ကော ဘယ်လိုရှိပါသလဲ။ …….

No comments:

Post a Comment