Sunday, April 3, 2011

A Bi` Dhamma Summary (အဘိဓမ္မာ အကျဉ်းချုပ်)


*** သိသင့်သိထိုက်သော တရားအလုံးစုံကို ဆရာမကူ သယမ္ဘူဉာဏ်နှင့် သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တမမြောက်ဝါကို တာဝတိံသာမှာ ကပ်ဆိုတော်မူပြီး မယ်တော်ဖြစ်ခဲ့ဘူးတဲ့ နတ်သားကို အမှူးထား၍ နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို မရပ်မနား တစ်ဆက်တည်း ဟောကြားတော်မူခဲ့ပါတယ်။

နေ့စဉ်နံနက် ဆွမ်းခံချိန်ရောက်ရင် ဗုဒ္ဓမြတ်စွာသည် နိမ္မိတရုပ်ပွားတော်တစ်ဆူကို မိမိ၏ကိုယ်စား ဘယ်ရွေ့ဘယ်မျှ တရားဆက်ဟောရန် အဓိဋ္ဌာန်တော်မူခဲ့ပြီး မြောက်ကျွန်းဥတ္တရကုရုသို့ ဆွမ်းခံကြွတော်မူပါတယ်။ အဲဒီနောက် အနောတတ်အိုင်နားမှာ ဆွမ်းဘုဉ်းတော်မူပြီး စန္ဒကူးတော၌ နေသန့်တော်မူပါတယ်။ အဲဒီအချိန်မှာ အရှင်သာရိပုတ္တရာက ဘုရားထံမှောက် လာရောက်ပြီး ဝတ်ကြီးဝတ်ငယ်ပြုတော်မူခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာက အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားကို နည်းရရုံ အကျဉ်းချူပ် (သင်္ခေပနယ) ဟောကြားတော်မူပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓသည် အဘိဓမ္မာဒေသနာကို လူ့ပြည်နှင့် နတ်ပြည် တစ်ပြိုင်နက်တည်း ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာမထေရ်ဟာ ဘုရားရှင်ထံမှ နည်းရတော်မူလျှင် အဘိဓမ္မာအကျယ်ကို နည်းပေါင်းအရာအထောင်တို့ဖြင့် ဖြန့်လျှက်သိမြင်တော်မူခဲ့ပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မှ အဘိဓမ္မာတရားတော်ကို မကျဉ်းမကျယ် အလယ်အလတ်နည်း (နာတိဝတ္ထာရ-နာတိသင်္ခေပနယ)ဖြင့် တပည့်ရဟန်းငါးရာတို့အား တစ်ဖန်ဟောကြားတော်မူခဲ့ပါတယ်။ တာဝတိံသာမှာ အဘိဓမ္မာဒေသနာတော်ကို မြတ်ဗုဒ္ဓဟောကြားလို့ ပြီးဆုံးတဲ့အချိန်မှာပဲ လူ့ပြည်မှာလည်း အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာ ဟောကြားခြင်း ပြီးဆုံးသို့ ရောက်ပါတယ်။

လူ့လောက၌ ယနေ့တိုင် သင်ကြားပို့ချနေတဲ့ အဘိဓမ္မာပိဋကဟာ အရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့တဲ့ ပိဋ္ဋကဖြစ်ပါတယ်။ အဘိဓမ္မာတရားတော်သည် ပရမတ္ထသဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ ပြည့်စုံစွာ ဟောကြားတော်မူခဲ့တဲ့ ပရမတ္ထဒေသနာတော် ဖြစ်ပါတယ်။

ဓမ္မက္ခန္ဒာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကမှာ ၂၁၀၀၀၊ ဝိနည်းပိဋိကမှာ ၂၁၀၀၀ နှင့် အဘိဓမ္မာပိဋိကမှာ ၄၂၀၀၀ ရှိပါတယ်။
ဒါကြောင့် အဘိဓမ္မာသည် ဓမ္မာခန္ဒာအရေအတွက်အားဖြင့်လည်းကောင်း၊ ဟောကြားသော နည်းအရေအတွက် အားဖြင့်လည်းကောင်း၊ ထူခြားဆန်းကြယ်မှု၌ လည်းကောင်း သာလွန်ပါတယ်။
အဘိ = သာလွန်သော၊ ထူးဆန်းသော
ဓမ္မာ = သင်ယူထိုက်သော ပါဠိတော် (ဝါ) သတ္တဝါတို့ ဆင်းရဲခပ်သိမ်း ငြိမ်းအောင် မြတ်ဗုဒ္ဓမှ ကောင်းစွာဟောကြားအပ်သောတရား။

ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာပိဋိကမှ ပဋ္ဌာန်းတရားတော်ကို ဆင်ခြင်သုံးသပ်တော်မူတဲ့အခါ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလာပါတယ်။ တာဝတိံသာမှာ အဘိဓမ္မာဒေသနာတော်ကို ဟောကြားလို့ ပြီးဆုံးတဲ့အခါမှာ နတ်ဗြဟ္မာပေါင်း ကုဋေရှစ်သောင်းတို့ သစ္စာလေးပါး သိမြင်ပြီး ကျွတ်တမ်းဝင်ကြကုန်တယ်လို့ ဆိုထားပါတယ်။

အဘိဓမ္မာတရားတော်ဟာ ပညတ်လောကကို ဖောက်ထွင်း၍ ပရမတ်လောကကို စိတ် စေတသိက် ရုပ် နိဗ္ဗာန်တည်းဟူသော အခြေခံ သဘာဝတရားများဖြင့် ဖွင့်ဆိုရှင်းလင်းထားတဲ့အတွက် ရုပ်၊ နာမ်အစုတို့၌ ငါဟူသော မာနစွဲ၊ ငါ့ဥစ္စာဟူသော တဏှာစွဲ၊ အတ္တကောင်ရှိသည်ဟူသော ဒိဋ္ဌိစွဲတို့ကို ဖြိုခွဲနိုင်ပါတယ်။

ပရမတ်သဘောတရားများကား စိတ် စေတသိက် ၅၂-ပါး၊ နိပ္ဖန်န္နရုပ် ၁၈-ပါး နှင့် နိဗ္ဗာန် ၁-ပါးတို့ ဖြစ်ပါတယ်။ ပရမတ်အမြင်ဟူသည်မှာ သတ္တဝါအပေါင်းတို့ဟာ ခန္ဓာငါးပါးတို့၏ အပေါင်းအစု (ဝါ) ရုပ်နာမ်နှစ်ပါးတို့၏ အပေါင်းအစုဖြစ်တယ်လို့ ထိုးထွင်းသိတဲ့ အမြင်မျိုးဖြစ်ပါတယ်။

ပရမတ်အမြင်ကို မြင်သိခြင်းကြောင့် အလွန့်အလွန် အကျိုးထူးပါတယ်။ အကြောင်းက သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် အထောက်အကူဖြစ်သောကြောင့်ပါ။ ပညတ်အားဖြင့် ထင်းရှားရှိသော ရုပ်နာမ်အစုအပေါင်း၌ အတ္တ(ဝါ) ငါ(ဝါ) ဝိညာဉ်ကောင် အမှန်မရှိပါဘဲလျက် အတ္တရှိတယ်လို့ (ဝါ) ငါရှိတယ်လို့ အမြင်မှားတာကို သက္ကာယဒိဋ္ဌိလို့ ခေါ်ပါတယ်။

သက္ကယဒိဋ္ဌိဟာ မိစ္ဆာဒိဋ္ဌိဟူသော ဝါဒမှားအမျိုးမျိုးတို့၏ အရင်းအမြစ်ဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိဟာ အကုသိုလ်ကို အများဆုံးတိုးပွားစေသည့်တရားဖြစ်ပါတယ်။ မိစ္ဆာဒိဋ္ဌိဓာတ်ခံရှိသူတစ်ယောက်က ကြံစည်၊ ပြောဆို၊ ပြုလုပ်သမျှသော မနောကံ၊ ဝဇီကံ၊ ကာယကံဟူသမျှတို့ဟာလည်း မှားယွင်းချွတ်ချော်သောကံများသာ ဖြစ်သောကြောင့် မကောင်းကျိုးကိုသာ ဖြစ်ပွားစေပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက မိစ္ဆာဒိဋ္ဌိထက် ကြီးလေးသောအပြစ်သည် မရှိ လို့ ဟောကြားတော်မူခဲ့ပါတယ်။

ဝိပဿနာတရားကို ရှုမှတ်ပွားများနေသူမှာ ရုပ်နှင့် နာမ်တို့ကို ပိုင်းခြား၍ သိမြင်လာတဲ့အခါ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်လာပါတယ်။ အဘိဓမ္မာကို လေ့လာသောသူမှာလည်း ရုပ်တရား၊ နာမ်တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့နှင့်တကွ ပိုင်းခြား၍ သိမြင်ရင် သုတမယဉာဏ်ဖြင့် နာမ်ရုပ်တို့ကို ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိနိုင်ပါတယ်။

အဲဒီ နာမရူပ ပရိစ္ဆေဒဉာဏ်ဖြင့် ရုပ်နာမ်အစုကို အတ္တဟု စွဲလမ်းသော အတ္တဒိဋ္ဌိကိုလည်းကောင်း၊ ရုပ်နာမ်အစုကို ငါ၊သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသည်ဖြင့် စွဲလမ်းယူသော သက္ကယဒိဋ္ဌိကိုလည်းကောင်း ကာလအပိုင်းအခြားဖြင့် ပယ်ခွာထားနိုင်ပါတယ်။ ဝိပဿနာရှုမှတ်၍ သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်ရင် သက္ကာယဒိဋ္ဌိကို အပြီးအပြတ် ပယ်သတ်နိုင်ပါတယ်။

အဘိဓမ္မာကို ဆည်းပူးလေ့လာခြင်းမပြုသဖြင့် ရုပ်နာမ်တရားတို့၌ အသိဉာဏ်ကင်းနေသောသူကို အန္ဓပုထုဇဉ်လို့ ခေါ်ပါတယ်။ ရုပ်နာမ်တရားတို့၌ ဉာဏ်ပညာ မျက်စိကင်းနေသူဟု အဓိပ္ပာယ်ရပါတယ်။

အဘိဓမ္မာကို ဆည်းပူးလေ့လာသဖြင့် ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်နိုင်သေ ဉာဏ်ပညာ မျက်စိရှိလာသူကို ကလျာဏပုထုဇဉ်လို့ ခေါ်ပါတယ်။

သို့ဖြစ်ပါ၍ အဘိဓမ္မာကို ဆည်းပူးလေ့လာသူတစ်ဦးသည် -
(၁) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာသဖြင့် အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ်အဖြစ်များရန် နှလုံးသွင်းနိုင်လာပါတယ်။
(၂) စိတ်ကို ခြယ်လှယ်နေကြတဲ့ စေတသိက်များ၏ သဘောကို သိနားလည်လာတဲ့အခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ်စေတသိက်များ အားနည်းလာအောင် ကျင့်ကြံနိုင်လာပါတယ်။ သဒ္ဓါ၊ သတိ၊ ဟိရီ၊ သြတ္တပ္ပ စသော ကုသိုလ်စေတသိက်များ အားကောင်းလာရန်လည်း အားထုတ်နိုင်လာပါတယ်။
(၃) ရုပ်၊နာမ်တို့ကို ပိုင်းခြား၍သိသောသူသည် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့ကို ကာလအပိုင်းအခြားဖြင့် ပယ်ခွာထားနိုင်ပါတယ်။
(၄) ရုပ်၊နာမ်တရားတို့၌ ဉာဏ်ပညာမျက်စိကန်းနေသော အန္ဓပုထုဇဉ်အဖြစ်မှ ရုပ်နာမ်တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ်အဆင့်သို့ တက်လှမ်းနိုင်ပါတယ်။
(၅) ရုပ်၊ နာမ်တရားတို့ကား အကြောင်းမဲ့ဖြစ်ပေါ်လာကြသောတရားများမဟုတ်၊ ဆိုင်ရာအကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြသော တရားများတည်းဟု သိမြင်လာသည့် ပစ္စယပရိဂ္ဂဟဉာဏ် ကိုလည်း ရရှိလာနိုင်ပါတယ်။

ဤဉာဏ်ကို ရရှိသောအခါ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော အဟေတုကဒိဋ္ဌိ(အကြောင်းမဲ့ဝါဒ)ကိုလည်းကောင်း၊ ထာဝရဘုရားစသော တန်ခိုးရှင်တို့က ဖန်ဆင်းသဖြင့် ဖြစ်ပေါ်လာသည်ဟူသော ဣဿရနိမ္မာနဒိဋ္ဌိ(ဖန်ဆင်းရှင်ဝါဒ)ကိုလည်းကောင်း ပယ်စွန့်နိုင်ပါတယ်။ ယုံမှားမှုအားလုံးကိုလည်း ကျော်လွှားနိုင်ပါတယ်။

ဒါကြောင့် အဘိဓမ္မာဒေသနာကို ကျကျနနလေ့လာပါက အကြောင်းအကျိုး အပြည့်အစုံနှင့်တကွ ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်သော ယထာဘူတဉာဏ်ကို ရရှိနိုင်ပါတယ်။ ထိုဉာဏ်ဖြင့် အယူလွဲမှု မိစ္ဆာဒိဋ္ဌိနှင့် ယုံမှားသံသယဖြစ်မှု ဝိစိကိစ္ဆာတို့ကို အတော်အသင့်ကြာရှည်စွာ ပယ်ရှားထားနိုင်သောထိုဉာဏ်ပိုင်ရှင်သည် သောတာပန် နှင့် အလားတူသဖြင့် စူဠသောတာပန်အဆင့်သို့ ရောက်ရှိပြီလို့ ဆိုနိုင်ပါတယ်။ စူဠသောတာပန်ဖြစ်လျှင် နောက်ဘဝ၌ မုချ အပ္ပါယ်မလားတော့ပါဘူး။ ဤအဆင့်သို့ရောက်ပြီးသောသူသည် ဆက်လက်၍ ဝိပဿနာတရားကို အားထုတ်ပါက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ မကြာခင် ဧကန်မုချ ရောက်နိုင်ပါတယ်။ အဘိဓမ္မာ၏ အကျိုးကျေးဇူးဟာ ကြီးမားလှပါပေတယ်။ ဤအကြောင်းတို့ကြောင့် အဘိဓမ္မာဟာ အဖိုးအတန်ဆုံး ဘဝပညာဖြစ်သည်ဟု သတ်မှတ်နိုင်ပါတယ်။

အဘိဓမ္မာတရားတော်ကို တနေရာတည်း၌ တစ်ဆက်တည်း ဟောကြားသော တရားရှည်ကြီးတစ်ပုဒ်ဖြစ်သော်လည်း ဟောပုံဟောနည်းအမျိုးမျိုးကို သုံး၍ ဟောကြားထားသဖြင့် ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း ခွဲခြားထားပါတယ်။
(၁) ဓမ္မသင်္ဂဏီ (၂) ဝိဘင်း (ဝိဘင်္ဂ)
(၃) ဓာတုကထာ (၄) ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)
(၅) ကထာဝတ္ထု (၆) ယမိုက် (ယမက)
(၇) ပဋ္ဌာန်း (ပဋ္ဌာန) ဟူ၍ ဖြစ်ပါတယ်။

အဘိဓမ္မာတရားတော်ကား သဗ္ဗုညုတဉာဏ်တော်၏ ကျက်စားကွန့်မြူးရာ တရားတော်မြတ်ဖြစ်သည့်အတွက် အလွန်ကျယ်ဝန်း နက်နဲပါတယ်။ သဘောအဓိပ္ပါယ်တို့ကို သိနားလည်ရန် အလွန်လည်း ခက်ခဲပါတယ်။ ထို့ကြောင့် အဘိဓမ္မာကျမ်းများကို စေ့စေ့ငင နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်အောင် လေ့လာသင်ကြားမည်ဆိုရင် အလွန်ပဲ ခဲယဉ်းပါလိမ့်မယ်။

ထိုသို့ ကျယ်ဝန်းလှတဲ့ အဘိဓမ္မာပိဋက၏ အနှစ်သာရကို ထုတ်နှုတ်၍ အဘိဓမ္မာ၏ သဘောသရုပ်ကို ရဟန်း ရှင် လူအပေါင်းတို့ အလွယ်တကူ လေ့လာဆည်းပူးနိုင်ရန်အလို့ငှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကဉ္စိပူရအရပ်မှာ သီတင်းသုံးတော်မူခဲ့ဖူးသော အရှင်အနုရုဒ္ဓါမထေရ်က သီဟိုဠ်ကျွန်းဝယ် သီတင်းသုံးခိုက် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသော အဘိဓ္မာအဖွင့်ကျမ်းတစ်စောင်ကို ပြုစုတော်မူခဲ့ပါတယ်။

ထိုကျမ်းငယ်သည် လက်သန်းသဖွယ် သေးငယ်သောကြောင့် လက်သန်းအဌကထာကျမ်းအဖြစ် ကမ္ဘာကျော်သွားပါတယ်။ အဲဒီကျမ်းကို ဘာသာအမျိုးမျိုးသို့ ပြန်ဆိုခဲ့ရာ မြန်မာနိုင်ငံမှာလည်း အဘိဓမ္မာသင်္ဂြိုဟ် ကျမ်းအဖြစ် ထင်းရှားကျော်ကြားလျက် ရှိပါတယ်။

အဘိဓမ္မတ္ထသင်္ဂဟ = အဘိဓမ္မ + အတ္ထ + သံ + ဂဟ
= အဘိဓမ္မာဒေသနာတော်၏ + အနက်အဓိပ္ပါယ်အကျယ်များကို + အကျဉ်းချုံး၍ + ယူရာဖြစ်သောကျမ်း။

သင်္ဂဟ ကို သက္ကတဘာသာဖြင့် သံဂြဟ ဟု ရေး၏။ မြန်မာတို့က သင်္ဂြိုဟ် ဟု ဝေါဟာရပြုလိုက်ပါတယ်။ အကျဉ်းချုံး၍ အနှစ်ထုတ်ယူခြင်း ဟု အဓိပ္ပာယ်ရပါတယ်။

ယနေ့ မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန် စသည့်တို့၌ လူအပေါင်းတို့ ဆည်းပူးလေ့လာနေကြသော အဘိဓမ္မာတရားတော်မှာ ဤသင်္ဂြိုဟ်ကျမ်းက အကျဉ်းချုပ် အနှစ်ထုတ်ပြထားသည့် တရားတော်ဖြစ်ပါတယ်။ ဆရာကောင်းထံမှာ နည်းနာခံယူခွင့်ရရင် ဤသင်္ဂြိုဟ်ကျမ်းကို လွယ်လင့်တကူ သင်ယူဆည်းပူးနိုင်ပါတယ်။ ဆည်းပူးနိုင်ကြပါစေလို့လည်း တိုက်တွန်း ဆုတောင်းပါတယ်။

(ဝန်ခံချက် - ဒေါက်တာဦးမင်းတင်မွန်၏ တက္ကသိုလ်အဘိဓမ္မာ စာအုပ်မှ ကောက်နှုတ်တင်ပြပါ၏)
(ဗောဓိမြိုင် ဓမ္မရိပ်)

[www.forverfriends.ning.com]

No comments:

Post a Comment