Saturday, April 16, 2011

Blind Judgement!

မမြင်မကန်းနဲ့ ဆင်စမ်းတဲ့နည်း

မျက်မမြင် ပုန်ဏား၆ယောက်ရဲ့ ရှေ့မှောက်ကို ရောက်သွားတဲ့ဆင်ကြီးရဲ့ ပုံပြင်ဆိုတာ ကြားရလွန်းလို့ ရိုးတောင်နေပါပြီ။ ဆင်ကိုတစ်ခါမှမမြင်ဖူးတဲ့သူတွေပီပီ ခြေထောက်ကိုစမ်းမိသူက ဆင်ဆိုသည်မှာ တိုင်မကြီးပါတကားလို့ဆိုလိုဆို၊ နှမောင်းကိုစမ်းမိသူက မြွေလိုပါပဲလို့ ပြောလိုပြော၊ ကိုယ်ထည်ကို စမ်းမိသူက နံရံကြီးပါလို့ ငြင်းလိုငြင်းနဲ့ဆိုတာ ကျွန်တော်တို့အားလုံးကြားဖူးပေမယ့် ကြားဖန်များလို့လားတော့မသိဘူး၊ သိပ်ခေါင်းထဲမစွဲဘူးဖြစ်နေတယ်/
            တကယ်တော့ မျက်မမြင်ပုန်ဏား၆ယောက်ပြောတဲ့ ဆင်ရဲ့သဘာ၀တွေဟာ အမှန်တရားတော့မဟုတ်ဘူး။ ဒါပေမယ့် အမှန်မဟုတ်လို့ မှားတယ်လို့ယတိပြတ် ပြောလို့ကလည်း မရနိုင်ပြန်ဘူး။ တကယ်တော့ လောကမှာ ‘မှန်တယ်’ ဆိုတဲ့၊ ဒါမှမဟုတ် ‘အမှန်တရား’ဆိုတဲ့ လူအားလုံးက ခြွင်းချက်မရှိ အသာတကြည်လက်ခံနိုင်တဲ့အမှန်ဆိုတာ ရှိနိုင်ပါ့မလား။ သဘာ၀ဓမ်မတရားတွေကလွဲရင် ပြောပါတယ်။ သဘာ၀တရားဆိုတာကြီးကတော့ အမြဲမှန်တဲ့အမှန်တရားတွေလေ။ နေဟာ အရှေ့အရပ်ကထွက်မယ်၊ အနောက်အရပ်ကို၀င်မယ်၊ ဘယ်သူမှခြေကန်ငြင်းလို့မရဘူး။ လူဟာသေမျိုးပဲ၊ ဒါလည်း ဘယ်သူမှမငြင်းနိုင်ဘူး၊ ဘာလို့လဲ၊ အဲဒါတွေက သဘာ၀တရားမို့လို့။
            ဒါပေမယ့် အများသူငါကြားမှာရှိနေတဲ့ အမှားအမှန်ဆိုတာကတော့ တော်တော့်ကို ပြဿနာကြီးတယ်။ လောကီမှရှိနေတဲ့အမှန်ဆိုတာ ဘယ်သူကပြောတာလဲ၊ ဘယ်သူ့ကိုပြောလိုက်တာလဲ၊ ဘယ်လိုလေးပြောလိုက်တာလဲစတဲ့ အခြေအနေအကြောင်းတရားများပေါ်မှာ အများကြီးတည်နေပါတယ်။ တစ်နည်းအားဖြင့်တော့ လူတစ်ဦးစီမှာ ရှိနေတဲ့ယံကြည်ချက်၊ ဒါမှမဟုတ် အယူအဆဆိုတာတွေ အားလုံးဟာ မျက်မမြင်ပုန်ဏား၆ယောက်က ဆင်ကို မြင်သလိုမြင်တဲ့သဘောပဲလို့ သတ်မှတ်လို့ရပါတယ်။
            လူဆိုတာ ဘာကိုပဲမြင်မြင်၊ ဘာကိုပဲ မှတ်သားမှတ်သား၊ ကိုယ့်ယုတ်တိဗေဒ၊ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ခိုင်လုံနေတတ်ကြသူချည်းပါပဲ။ မိမိတို့ဘ၀တစ်လျှောက်လုံးမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေတည်ပြီး လူတိုင်းလူတိုင်းဟာ ကိုယ်ရင်ဆိုင်တွေ့ကြုံရသမျှ အရာ၀တ်ထုတွေ၊ အဖြစ်အပျက်တွေ၊ လူပုတ်ဂိုတွေ၊ အကြောင်းချင်းရာတွေကို သတ်မှတ်ဆုံးဖြတ်ယူကြတာပါ။
            လူတစ်ဦးစီမှာ ကိုယ့်ယုတ်တိနဲ့ကိုယ်၊ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ခိုင်လုံနေကြလေတော့ ကိုယ်ရင်ဆိုင်တွေ့ကြုံရတာတစ်ခုအပေါ်မှာ ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့သုံးသပ်ချက်ဟာ ကိုယ့်အတွက်တော့ သွေးထွက်အောင်မှန်နေမှာပဲ၊ နည်းနည်းလေးမှကိုမှားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘ၀မှာ အကြောင်းချင်းရာတစ်ခု၊ ဒါမှမဟုတ် အရာ၀တ်ထုတစ်ခု၊ ဒါမှမဟုတ် လူပုတ်ဂိုတစ်ဦးတွက်အမှန်တရားဆိုတာ တစ်မျိုးတည်းရှိနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူချင်းကွဲနေတာနဲ့အမျှ အမှန်တရားတွေလည်း ကွဲပြားနေမှာပါပဲ။
            အလွယ်ဆုံးဥပမာပေးရရင် ငါးပိရေချို မကြိုက်တဲ့ ကျွန်တော့်အတွက် ငါးပိရေချိုကျိုနေတဲ့ရနံ့ဟာ ပျို့ချင်စရာဖြစ်နေပေမယ့် ကြိုက်တတ်သူများအတွက်ကျတော့ ထမင်းဆာချင်စရာရနံ့လေး ဖြစ်နေမှာပါ။ သည်အတွက် ငါးပိရချိုဟာ အော်ဂလီဆန်စရာကြီးပါဗျာလို့ ကျွန်တော်ကပြောရင် အဲဒါ ကျွန်တော့်အတွက် ‘ငါးပိရေချိုအမှန်တရား’ပဲ။ တစ်ဘ၀လုံးဘယ်တုန်းကမှ မခံနိုင်တဲ့ရနံ့ဆိုတော့ ဒါဟာ ကျွန်တော့်အတွက် ပကတိအမှန်တရား။ ဒါပေမယ့် ကြိုက်တတ်သူ ကျွန်တော့်အမေအတွက်တော့ အဲသည့်ရနံ့ဟာ မွှေးနေမယ်ဆိုတာလည်း အမေ့အတွက်အမှန်တရား ဖြစ်နေတယ်။ အဲတော့ ငါးပိရေချိုတစ်မျိုးတည်းမှာတင် အမှန်ဆိုတာ နှစ်ခုထွက်လာနိုင်တယ်။ သဘောကိုပြောနေတာပါ။
            အဲတော့ကာ တစ်ခုခုကို မှန်ပါတယ်လို့ပြောဆိုသတ်မှတ်ဖို့၊ ယတိပြတ်ဆုံးဖြတ်ဖို့ဆိုတဲ့အလုပ်ဟာ တော်တော့်ကို မလွယ်တဲ့အလုပ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေအားလုံးဟာ ကိုယ်ယုံကြည်တာ၊ ကိုယ်မှန်တယ်ထင်တာကို ခြေကန်ပြီး အတည်ပြုဖို့ တော်တော့်ကို အထုံပါနေတတ်ကြပါတယ်။ အမှန်က အဲလိုတစ်ခုခုနဲ့ပတ်သက်လို့ ကိုယ်ကသာမှန်ပါကြောင်း၊ ကိုယ့်အယူအဆအဘယ်မျှခိုင်လုံပါကြောင်း ငြင်းခုန်မယ့်အစား အဲသည့်တစ်ခုခုကို သိုင်း၀န်းခြံရံထားနိုင်ဖွယ်ရှိတဲ့ အမြင်အမျိုးမျိုး၊ ထောင့်အသွယ်သွယ်ကနေ ချဉ်းကပ်ကြည့်မယ်ဆိုရင် ကိုယ့်တစ်ဖက်သာမှန်ကန်ပါကြောင်း သက်သေထူတဲ့အလုပ်ကို တော်တော်နဲ့လုပဖြစ်တော့မှာ မဟုတ်သလို အမြင်လည်းကျယ် နားလည်မှုလည်း ကြီးလာတော့မှာ အမှန်ပါပဲ။
          အာရုံ၆ပါးကိုခံစားရာမှသည် အမှန်တရားအတွက် သတ်မှတ်ဆုံးဖြတ်ထားတဲ့တန်ဖိုးဆိုတာ လူတစ်ဦးနဲ့တစ်ဦး ဘယ်လိုမှမတူနိုင်ပါဘူး။ အထက်မှာတင်ပြခဲ့တဲ့ ငါးပိရေချိုအမှန်တရားလိုပဲ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အမှန်တရားတွေခြားနားနေမှာပါ။ ဘ၀ကိုရှုမြင် သုံးသပ်ကြရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့အတွက် အယူအဆတစ်ခုရဲ့အလေးအေပါ့၊ အတိမ်အနက်ကိုချိန်စက်ရာမှာလည်း ဘယ်လိုနည်းနဲ့မှ တူမျှမနေနိုင်ပါဘူး။
          အကြောင်းအရာတိုင်းအတွက် လူတစ်ဦးစီဟာ သူ့အမြင်နဲ့သူ၊ သူ့ရှုထောင့်နဲ့သူ မှန်တယ်လို့ သတ်မှတ်နိုင်တဲ့ အယူအဆတစ်ခုစီရှိနေတတ်တယ်။ အယူအဆတွေကွဲပြားခြင်းဟာ ယူတတ်မယ်ဆိုရင် အင်မတန်ကို အကျိုးများပါတယ်။ များပြားတဲ့အယူအဆတွေကို အခြေခံပြီး အားလုံးကိုပိုလို့ နက်နက်နဲနဲနားလည်နိုင်တဲ့ အကျိုးတရားကို ဖြစ်ပေါ်စေနိုင်တာမို့ပါ။
          ရှုပ်များသွားလားမသိဘူး။ စာအစမှာဖော်ပြခဲ့တဲ့ မျက်မမြင်ပုန်ဏား၆ယောက်ရဲ့ ဆင်အပေါ်ရှုမြင်သုံးသပ်ပုံတွေကို ပေါင်းစပ်လိုက်ရင် ဆင်ကိုနံရံအဖြစ်သုံးမယ်ဆိုလည်း သုံးနိုင်မယ်၊ တိုင်မကြီးတစ်ခုလိုလည်း သုံးနိုင်မယ်၊ မြွေတစ်ကောင်လိုလည်း သုံးနိုင်မယ်၊ ပေါက်ချွှန်းလိုလည်း သုံးနိုင်လာပါတော့မယ်။ တစ်နည်းအားဖြင့် ဆင်ရဲ့သဘာဝကို ပိုလို့ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ်သိလာနိုင်ပါတယ်။
          အဲတော့ကာ လောကီနယ်ပယ်မှာရှိတဲ့ အမှန်တရားဆိုတာတွေမှာ တစ်ဦးစီရဲ့အယူအဆဆိုတာက အမြဲတန်းကပ်ပါနေပါတယ်။ လူအများမှာ အယူအဆများစွာရှိတဲ့အတွက် အမှန်ဆိုတာလည်း တစ်ခုမက များစွာရှိနေနိုင်ပါတော့တယ်။ ဆိုကြပါစို့၊ သစ်ပင်ခုတ်ဖို့ကိတ်စလေးတစ်ခုမှာပဲ ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ အယူအဆနှစ်ရပ်ကွဲပြီးထွက်လာနိုင်ပါတယ်။
          မကောင်းဘူးလို့ ပြောတဲ့သူအတွက်က သစ်ပင်ခုတ်တယ်ဆိုတာနဲ့ ငှက်ကျေးတိရိတ်ဆန်တို့ရဲ့ အသိုက်အမြုံကို ပျက်စီးစေနိုင်တယ်၊ လွင်တီးခေါင်ဖြစ်သွားပြီး ပူလောင်နိုင်တယ်ဆိုတဲ့ အယူအဆက ရှိနေမှာပါ။ ကောင်းတယ်လို့ ပြောမယ့်သူကတော့ သစ်ပင်ခုတ်တဲ့အတွက် လူအများအတွက် အိမ်ရာတွေ၊ ပရိဘောဂတွေ၊ အသုံးအဆောင်တွေ ဖြစ်လာစေနိုင်တဲ့အတွက် လူတွေကို အကျိုးပြုတယ်ဆိုတဲ့ အယူအဆနဲ့ဖြစ်မှာပါ။
          အယူအဆနှစ်ရပ်စလုံးကို မှားတယ်လို့မဆိုနိုင်ပါဘူး။ သူ့အမြင်နဲ့သူသန်သလို သူမှန်နေတော့မှာပါပဲ။ တစ်ယောက်အယူအဆက မှန်တယ်လို့ကောက်ချက်ဆွဲလိုက်တာနဲ့ တစ်ပြိုက်နက် ကျန်တစ်ယောက်ရဲ့အယူအဆကို မှားတယ်လို့ပြောလို့မရပါဘူး။ သစ်ပင်ကနေ စက်ကူဖြစ်လာနိုင်သလို၊ လှေသင်ဘောတွေလည်း ဖြစ်လာနိုင်တယ်၊ ဆေးဝါးလည်း ဖြစ်ချင်ဖြစ်သွားနိုင်သေးတယ်။ အဲသည့်အယူအဆအတွေးအမြင်ကိုရော မှားတယ်လို့ ဘယ်ပြောလို့ရပါတော့မလဲ။
          ဒါပေမယ့် သဘာဝတရားအရတော့ သစ်ပင်ဟာသစ်ပင်ပါပဲ။ လူတစ်ဦးစီရဲ့ ချဉ်းကပ်ပုံ၊ ရှုမြင်ပုံနဲ့ အသုံးချပုံအမျိုးမျိုးအပေါ်မှာ မူတည်ပြီး အဲသည့်သစ်ပင်ရဲ့ တန်ဖိုးဟာလည်း အမျိုးမျိုးပြောင်းလဲနေတာသာ ဖြစ်ပါတယ်။
          အလားတူပဲ၊ နတ်ဒေ၀တာများရှိတယ်ဆိုတဲ့အယူအဆ၊ မရှိဘူးဆိုတဲ့အယူအဆဟာလည်း ယုံသူနဲ့မယုံသူများကြားမှာ အငြင်းပွားနေတဲ့ကိတ်စပါပဲ။ ထင်ရှားတဲ့ဒသနိကဗေဒပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ Soren Kierkegaard က သည်ကိတ်စနဲ့ ပတ်သက်လို့ပြောဖူးပါတယ်။ တကယ်လို့သာ နတ်ဒေ၀တာတွေမရှိဘူးလို့ပြောမယ်ဆိုရင်  မရှိကြောင်းသက်သေပြဖို့ တော်တော်ခက်လိမ့်မယ်။ အဲလိုပဲ၊ ရှိပါတယ်လို့ ပြောမယ်ဆိုရင်လည်း ရှိကြောင်းသက်သေထူဖို့က ခက်နေပြန်ရောဗျ တဲ့။
          နတ်ဒေ၀တာရှိခြင်း၊ မရှိခြင်းကို ပြောဆိုနေကြခြင်းရဲ့ အကျိုးဆက်ကတော့ ယုံကြည်မှု၊ မယုံကြည်မှုအတွက် ယုတ်တိခိုင်လုံအောင် ဆောင်ရွက်နေကြတဲ့သဘောပဲ ဖြစ်ပါတယ်။ တကယ်ရှိ၊ မရှိ သက်သေထူဖို့အတွက် မဟုတ်တာကို သေချာစဉ်းစားရင် မြင်သာပါလိမ့်မယ်။
          Soren Kierkegaard ကပဲဆက်ပြောပါသေးတယ်။ နတ်ဒေ၀တာတွေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကြားထဲမှာ အဆက်အစပ်ကတော့ တိတိပပရှိနေတယ်ဗျ။ အဲဒါကတော့ ဘာနတ်၊ ဘာနတ်သမီးဆိုတာထက် အယူအဆဆိုတဲ့သဘောက ပိုလို့ပေါ်လွင်နေတယ်ဆိုတဲ့ အဆက်အစပ်ပဲ။ ဆိုလိုတာကဗျာ၊ ဒါကတော့ မိတ်ဆာ၊ နတ်ဆိုး၊ ဒါကဖြင့် နတ်ကောင်းနတ်မြတ် စသဖြင့်ပေါ့ တဲ့။
          လူတွေနဲ့ နတ်တွေကြားက အဆက်အစဟာ အယူအဆပါပဲလို့ သူကဆိုလိုက်တာပါ။ နတ်ဒေ၀တာတွေရဲ့ လုပ်ရပ်ဆိုတာတွေကလည်း နတ်ဒေ၀တာတွေမှပဲ လုပ်နိုင်စွမ်းတာမျိုးကလား လို့လည်း သူက ဆက်ပြောပါသေးတယ်။ ဆိုလိုတာက လူသားတွေအနေနဲ့ နတ်ဒေ၀တာတွေရဲ့ ဆောင်ရွက်ချက်တွေဟာ အစစ်အမှန်တွေပါလို့ ဘယ်သူကမှ ပုံသေကားချသက်သေမပြနိုင်ဘူး။ ဆိုလိုတာက မောင်ဘကိုဖြင့်နတ်မတာ၊ မောင်ဝကိုဖြင့် ခိုက်တာလို့ပြောမယ့်သာ ပြောနေကြတယ်၊ မကြောင်း၊ ခိုင်ကြောင်း ခိုင်လုံအောင်တော့ ဘယ်သူကမှ သက်သေမပြနိုင်ပါဘူး။
          အဲသည့်ကြားထဲကပဲ၊ ယုံကြည်ရာ၊ ယုံကြည်ရာ အုပ်စုတချို့က ကိုယ်ယုံတာကို အများသူငါပါ လိုက်ယုံလာအောင် ဇွတ်အတင်းနည်းနဲ့ရော၊ အဓမ်မနည်းနဲ့ပါ စည်းရုံးခဲ့ဖူးတယ်။ သည်လိုနဲ့ အနောက်ကမ်ဘာမှာ ဘာသာရေးစစ်ပွဲ ဆိုတာတွေအထိ ပေါ်ပေါက်ခဲ့ရတာ၊ ပေါ်ပေါက်နေတာဟာ ကမ်ဘာ့သမိုင်းမှာ အထင်အရှားပါပဲ။ ဘာသာတစ်ခုက မိမိတို့ ယုံကြည်ကိုးကွယ်နေသော ဘာသာသည်သာ အမှန်တရား လို့ ကြွေးကြော်လိုက်တာနဲ့ ပြသနာတွေ တန်းစီပြီး တက်ရတော့တာပါ။
          ဆိုတော့ လူအများက သူတို့မှန်တယ်ထင်ရာကို စိတ်လွတ် ကိုယ်လွတ်ယုံကြည်နေတာကို လက်မခံနိုင်ဘဲ ကိုယ်ယုံကြည်တာကိုပဲ အမှန်တရားအဖြစ် ဇွတ်အတင်းသွပ်သွင်းယူတဲ့အခါမှာတော့ လူအများမှာ စိတ်ညစ်၊ စိတ်ပျက်ကုန်ကြတယ်။ သည်ကမှတစ်ဆင့် သည်းမခံနိုင်လောက်အောင် ဖြစ်ကုန်ကြရတယ်၊ အဲလိုနဲ့ ရန်လိုကုန်ကြရာက စစ်မက်ဖြစ်ပွားခဲ့ရတဲ့အထိ ဖြစ်ကုန်ကြတော့တာပါပဲ။ ဒါဘာလဲ၊ အယူအဆ၊ ယုံကြည်မှုဆိုတာအပေါ်မှာ ထားရှိတဲ့ အမှန်တရား ဆိုတာကြောင့် ဖြစ်လာရတာတွေပါပဲ။
          လူတစ်ယောက်အနေနဲ့ ရုပ်မြင်သံကြားကြည့်တာဟာ ကလေးတွေအတွက် အကျိုးယုတ်တယ်လို့ မြင်နိုင်တယ်။ အချိန်ကုန်တယ်၊ မမြင်သင့်တာတွေ၊ မကြားသင့်တာတွေ အရွယ်မတိုင်ခင် မြင်ကုန်၊ ကြားကုန်နိုင်တယ်၊ ကိုယ်ရောစိတ်ပါ ကြမ်းတမ်းလာနိုင်တယ်လို့ ပြောမယ်။ တခြားတစ်ယောက်ကတော့ ရုပ်သံကြည့်တာ ကလေးတွေအတွက် ပညာရတယ်လို့ပြောမယ်။ အားလုံးကိုမြင်တွေ့ ကြားသိနေတဲ့အတွက် အကောင်းအဆိုး ခွဲခြားတတ်လာမှာပါလို့ သူကဆင်ခြေကန်မယ်။
          နှစ်ယောက်စလုံးမှန်တယ်လို့ပြောနိုင်ပေမယ့် အဲသည့်အယူအဆတစ်ခုနဲ့တစ်ခုဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာတော့ အမှန်ပါပဲ။ အဲလိုဆန့်ကျင်နေတဲ့အတွက် အဲသည့်အယူအဆနှစ်ခုမှာ တစ်ခုကပဲ မှန်တယ်လို့ ဘယ်ပြောလို့ဖြစ်ပါ့မလဲ။ နှစ်ခုစလုံးမမှားတဲ့အပြင် တန်ဆေး၊ လွန်ဘေးဆိုတဲ့ နောက်ထပ်အယူအဆသစ်၊ အမှန်တရားသစ်တစ်ခုကိုတောင် ထူထောင်လိုက်နိုင်ပါသေးတယ်။
          တကယ်လို့သာ မျက်မမြင်ပုန်ဏား၆ယောက်ထဲက တစ်ယောက်စီဟာ ကိုယ့်အယူအဆမှန်ကန်ပါကြောင်း အာပေါင်အာရင်းသန်သန်နဲ့ ငြင်းခုန်ရင်း အချိန်ကုန်ခံမယ့်အစား ဆင်တစ်ကောင်လုံးကို ဘက်စုံထောင့်စုံက စမ်းသပ်ကြည့်ရင်း ဘက်ပေါင်းစုံက မြင်နိုင်အောင် ကြိုးစားယူမယ်ဆိုရင် ဆင်ဆိုတာကြီးကို ပိုလို့ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ်သိလာမှာ မလွဲဧကန်ပါပဲ။ အဲလိုသာဆိုရင် ဆင်တစ်ကောင်ဟာ တစ်ချိန်တည်းမှာဖြစ်ဖြစ်၊ တစ်ချိန်စီမှာဖြစ်ဖြစ်၊ တိုင်မကြီးဖြစ်လိုက်၊ မြွေကြီးဖြစ်လိုက်၊ နံရံကြီးဖြစ်လိုက်ဆိုတာ ပုန်ဏားတွေအားလုံး သိသွားပါလိမ့်မယ်။ ဒါတင်မကသေးဘူး၊ ဆင်ဟာ နံရံလည်းမဟုတ်၊ တိုင်ကြီးလည်းမဟုတ်၊ ပေါက်ချွန်းကြီးမဟုတ်ဘူးလို့လည်း သူတို့တွေ သုံးသပ်ချင် သုံးသပ်နိုင်သွားပါလိမ့်မယ်။
          လောလောဆယ်မှာရှိနေတဲ့ အမြင်အမျိုးမျိုး၊ နောက်မှ ရှိလာနိုင်တဲ့ ရှုထောင့်အထွေထွေကို လက်ခံလိုက်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ပုဏားတို့ရဲ့ အယူအဆတွေဟာလည်း အမြဲတစေ ရှင်သန်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်နေတော့မှာလည်း အသေအချာပါ။ သည်အခါမှာ ဆင်ကြီးကတော့ မပြောင်းမလဲရှိနေမှာမှန်ပေမယ့် ဆင်နဲ့ပတ်သက်တဲ့ အတွေးအမြင် အယူအဆတွေကတော့ အမျိုးစုံပြောင်းလဲနေရင်း ကိုယ်လိုသလို တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲအသုံးချ သွားနိုင်တော့မှာလည်းပဲ ဖြစ်ပါတယ်။

          (အလင်းတန်းဂျာနယ်၊ ၀၆-၀၂-၀၁)
         
(မူရင်း အက်တကျော်ရဲ့ နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် မောဟပြေပုံတိုပတ်စများ စာအုပ်မှ ကူးယူဖော်ပြပါတယ်။)



No comments:

Post a Comment