Friday, November 2, 2012

ဘာဝနာဆိုတာ ဘာလဲ



အလွန်အကျိုးကျေးဇူးများလို့ မိမိရဲ့ စိတ်မှာ အဖန်ဖန်ဖြစ်စေထိုက်တဲ့ တရားကို ‘ဘာဝနာ’ လို့ ခေါ်တယ်။ အင်္ဂလိပ်လို “Meditation” လို့ ခေါ်တယ်။

“ဘာဝေတဗ္ဗာတိ ဘာဝနာ”

ဘာဝေတဗ္ဗာ၊ ရှေးဦးစွာ ဖြစ်စေသင့် ဖြစ်စေထိုက်၏။ တစ်ကြိမ်ဖြစ်ပြီးနောက်မှာလည်း ထပ်ကာထပ်ကာ တိုးပြီး ဖြစ်စေထိုက်၏။ ဣတိ၊ ထို့ကြောင့်။ ဘာဝနာ၊ ဘာဝနာ မည်၏။
“အကျိုးတရား၊ အလွန်များသဖြင့်၊ ဖြစ်ပွားစေအပ်၊ တရားမြတ် မှတ်လေဘာဝနာ”
လို့ မဟာဂန္ဓာရုံဆရာတော် ‘အရှင်ဇနကာဘိဝံသ’ က စပ်ဆိုတော်မူခဲ့ပါတယ်။

ဘာကြောင့် အကျိုးများသလဲ

ဘာဝနာရှုပွားနေတဲ့အခါမှာ ကုသိုလ်စိတ်တွေ ထပ်ကာထပ်ကာဖြစ်ပွားနေလို့ အကျိုးကျေးဇူးအလွန်များခြင်း ဖြစ်ပါတယ်။
စိတ်ဟာ အလွန်လျင်မြန်တယ်၊ လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်၊ မျက်စိတစ်မှိတ်ကာလအတွင်းမှာပဲ စိတ် ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်လို့ အဘိဓမ္မာမှာ ဆိုထားတယ်။

ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်။ ထက်မြက်တဲ့ ကုသိုလ်စိတ်တစ်ခုစီက ကုသိုလ်ကံမျိုးစေ့တစ်ခုကို ချန်ရစ်ခဲ့ပြီး ကုသိုလ်ကံမျိုးစေ့တစ်ခုစီက ကောင်းမြတ်တဲ့ လူ့ဘ၀ သို့မဟုတ် နတ်ဘ၀တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါကြောင့် ဘာဝနာရှုပွားတဲ့ အကျိုးကျေးဇူးဟာ အလွန့်အလွန် ကြီးမားပါတယ်။

ဘာဝနာမရှုတဲ့အချိန်တွေမှာ ဘာစိတ်တွေ အဖြစ်များမယ်ထင်သလဲ။ အကုသိုလ်စိတ်တွေ အဖြစ်များလိမ့်မယ်။

“ပါပသ္မိံ ရမတေ မနော” (ဓမ္မပဒပါဠိတော်)
မနော၊ စိတ်မည်သည်။ ပါပသ္မိံ၊ မကောင်းရာ၌သာလျှင်။ ရမတေ၊ မွေ့လျော်၏တဲ့။
သွန်းလောင်းလိုက်တဲ့ ရေဟာ နိမ့်ရာဘက်သို့ စီးသွားမြဲဓမ္မတာအတိုင်း အထိန်းအကွပ်မရှိတဲ့စိတ်ဟာ မကောင်းမှုတွေမှာသာ လှည့်လည်ကျက်စားနေလေ့ရှိတယ်။ ဘာကြောင့်လဲ။

ပုထုဇဉ်သတ္တ၀ါတွေ သံသရာကျင်လည်နေကြတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေက စိတ်ကို အပိုင်စီးထားလို့ပါပဲ။ လောဘက ကာမဂုဏ်အာရုံတွေကို နှစ်သက်တော့ စိတ်ကို ကာဂုဏ်အာရုံတွေမှာ ကျက်စားစေတယ်။ စိတ်ကို အလွတ်ထားလိုက်တာနဲ့ တစ်ပြိုင်နက် လောဘရဲ့ ခြယ်လှယ်မှုကြောင့် ရုပ်ရှင်ရုံ၊ လက်ဖက်ရည်ဆိုင်၊ အ၀တ်ကောင်း၊ အစားကောင်းစတဲ့ ကာမဂုဏ်အာရုံတွေအကြောင်းကိုတွေးတောတော့တာပဲ။ ကာမဂုဏ်အာရုံတွေနဲ့ ဆုံတွေ့လို့ နှစ်သက်သဘောကျနေတဲ့အခါမှာလည်း လောဘစိတ်တွေ ဖြစ်နေတာပဲ။
မကောင်းတဲ့အာရုံ၊ အလိုမကျတဲ့ အာရုံတွေနဲ့ ဆုံတွေ့တဲ့အခါ စိတ်ဆိုးစိတ်ပျက်သွားတာက ဒေါသစိတ်ဖြစ်သွားလို့ပါပဲ။ တွေဝေမေ့လျော့နေတဲ့အခါ၊ စိတ်ပျံ့လွင့်နေတဲ့အခါများမှာတော့ မောဟစိတ်ဖြစ်တယ်။
လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တို့က အကုသိုလ်စိတ်လို့အမည်ရကြတယ်။ သည်စိတ်တွေက အကုသိုလ်ကံမျိုးစေ့ကို ချန်ရစ်ပြီးအပါယ်ဘ၀စတဲ့ မကောင်းကျိုးကို ပေးကြပါတယ်။

ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော်ဖြစ်နိုင်သလို ဘာဝနာမရှုပွားလို့ မေ့လျော့နေတဲ့စက္ကန့်တိုင်းမှာ အကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်ပွားနိုင်တယ်။ ကုသိုလ်စိတ်က အေးမြချမ်းသာပြီး အကုသိုလ်စိတ်က ပူလောင်ဆင်းရဲတယ်။ ကုသိုလ်ကံက လူနတ်ဘ၀စတဲ့ သုဂတိအကျိုးကို ပေးပြီး အကုသိုလ်ကံက အပါယ်ဘ၀စတဲ့ ဒုဂ္ဂတိအကျိုးကို ပေးတယ်။

ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ အကျိုးက မိုးနဲ့မြေထက်မကကွာဟနေကြသလို ဘာဝနာရှုပွားခြင်းနဲ့ မေ့လျော့နေခြင်းတို့ကလည်း မိုးနဲ့မြေမက ကွာဟနေပေတယ်။ သည်လိုဆိုရင် ဘာဝနာမရှုပွားသင့်ဘူးလား။ ‘လောကမှာ အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘဲ အကျိုးအမြတ်အကြီးဆုံးအလုပ်က ဘာဝနာအလုပ်ပါပဲ’ ။

ယောစ၀ဿ သတံဇီဝေ၊ ဒုဿီလော အသမာဟိတော။
ကောဟံဇီဝိတံသေယျော၊ သီလ၀န္တဿဈာယိနော။
“သီလသမာဓိ မရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏ “ ။
Better than a hundred years of uncontrolled existence is one day of thoughtful and meditation life.
သီလသမာဓိ၊ မရှိချည်းနှီး၊ အသက်ကြီးလာ၊ နှစ်တစ်ရာထက်၊ တစ်ရက်တာမျှ၊ သမထနှင့်၊ ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ်သူ၊ မြတ်သောဟူ၏ ။ (သဟဿဝဂ်၊ သံကိစ္စသာမဏေရ၀တ္ထု)


ဝိပဿနာဘာဝနာ

သတ္တ၀ါတို့ရဲ့ စိတ်ကို စင်ကြယ်စေဖို့ -
စိုးရိမ်ခြင်း သောကနှင့် ငိုကြွေးခြင်း ပရိဒေ၀တို့ကို လွန်မြောက်စေဖို့ -
ကိုယ်ဆင်းရဲခြင်းဒုက္ခနှင့် စိတ်ဆင်းရဲခြင်းဒေါမနဿတို့ကိုချုပ်ငြိမ်းစေဖို့ -
အပါယ်တံခါးကို ထာဝရပိတ်ဆို့နိုင်တဲ့ အရိယမဂ်ဖိုလ်နဲ့ အတုမရှိ ချမ်းသာတဲ့ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းမကြီးဟာ သတိပဋ္ဌာန်ဝိပဿနာကို ရှုပွားခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာဟာ “မဟာသတိပဋ္ဌာနသုတ်” တော်မှာ -
• သမထ - ၀ိပဿနာ ရှုပွားခြင်းဆိုတဲ့ မဟာသတိပဋ္ဌာန် ခရီးလမ်းမကြီးဟာ -
• သတ္တ၀ါတို့ရဲ့ စိတ်ကို စင်ကြယ်စေဖို့
• စိုးရိမ်ခြင်းသောကနဲ့ ငိုကြွေးခြင်း ပရိဒေ၀တို့ကို လွန်မြောက်စေဖို့
• ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းစေဖို့၊
• အရိယမဂ်ကို ရဖို့နဲ့
• နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းမကြီးဖြစ်တယ်လို့ ဟောတော်မူပါတယ်။


စိတ်ကို ဆုံးမနည်း

ပါပသ္မိံရမတေမနော (ဓမ္မပဒပါဠိတော်)
စိတ်ဟာ မကောင်းမှုမှာမွေ့လျော်တတ်တယ်။
ဒါကြောင့် စိတ်ကို မထိန်းကွပ်ဘဲ လွှတ်ထားမယ်ဆိုရင် မကောင်းမှုအကုသိုလ်တွေသာ တိုးပွားနေလိမ့်မယ်။ အကုသိုလ်ကံက အပါယ်အကျိုးကိုသာ ပေးဆောင်မှာမို့ ယခုအနေချောင်ရင် နောင်အသေကျပ်လိမ့်မယ်။

စိတ်ကို သီလကျင့်စဉ်၊ သမထ(သမာဓိ)ကျင့်စဉ်၊ ၀ိပဿနာ(ပညာ)ကျင့်စဉ်တို့နဲ့အဆင့်ဆင့်ယဉ်ကျေးအောင် ဆုံးမရတယ်။ အဲသလို ဆုံးမနိုင်မှ အဖိုးတန်ဆုံးဘ၀နဲ့ အမြတ်ဆုံးချမ်းသာကို ရရှိလိမ့်မယ်။

“ အလွန်နှိမ်နင်းနိုင်ခဲသော လျင်မြန်စွာဖြစ်ချုပ်ခြင်း ရှိထသော အလိုရှိရာအာရုံ၌ ကျတတ်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမခြင်းသည် ကောင်းမြတ်လှ၏။ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်တတ်၏။ (ဓမ္မပဒ၊ စိတ္တ၀ဂ်၊ ဂါထာ ၃၅)


ဗုဒ္ဓါနုဿတိ

အမြတ်ဆုံး သမထဘာဝနာဖြစ်တဲ့ ဗုဒ္ဓါနုဿတိကို ပွားများကြ။ ဗုဒ္ဓါနုဿတိကို ပွားရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မယ်။ (သုဘူတိထေရအပါဒါန်)
ဗုဒ္ဓါနုဿတိနှင့် ထုံမွမ်းထားတဲ့ခန္ဓာအိမ်ဟာ စေတီအိမ်လို မြင့်မြတ်လာတယ်။ ဒါကြောင့် တစ္ဆေသရဲ သဘက်စတဲ့ မကောင်းဆိုးဝါးများက ရန်မမူနိုင်ကြဘူး။ ဘေးအန္တရာယ်အသွယ်သွယ်ကို နှိမ်နင်းကာကွယ်နိုင်တယ်။ သေလွန်တဲ့အခါ ကောင်းရာသုဂတိသို့လားရောက်ရတယ်။
ဥပသကာ တစ်ဦးဟာ ဘုရားဂုဏ်တော်ကို အာရုံပြုတော့ ပီတိဖြစ်လာပြီး ရေပြင်မှာ ထောက်တယ်ရာရခဲ့တယ်။ ရေပြင်ကို မြေပြင်လို နင်းသွားနိုင်တယ်။ (သီလာနိသံသဇာတ်)


ဗုဒ္ဓါနုဿတိရဲ့ အကျိုးကျေးဇူးများ

မြတ်စွာဘုရားရဲ့ ထူးခြားမြင့်မြတ်တဲ့ ဂုဏ်တော်များကို အဖန်တလဲလဲ နှလုံးသွင်းပြီး ဗုဒ္ဓါနုဿတိ ပွားများနေတဲ့သူတို့ဟာ -
(၁) မြတ်စွာဘုရား၌ ရိုသေကျိုးနွံစွာ တုပ်ဝပ်ခြင်း ပိုရှိလာတယ်။
(၂) သဒ္ဓါ၊ သတိ၊ ပညာတို့ တိုးတက်ကောင်းမွန်လာတယ်။
(၃) နှစ်သက်ခြင်းပီတိနှင့် ၀မ်းမြောက်ခြင်းပါမောဇ္ဇတို့ များစွာဖြစ်တယ်။
(၄) ကုသိုလ်ကောင်းမှုများစွာ တိုးတက်လာတယ်။
(၅) ဘေးကြီးဘေးငယ်တို့ကို နှိမ်နင်းကာကွယ်နိုင်တယ်။
(၆) ဆင်းရဲဒုက္ခကို သည်းခံနိုင်စွမ်း ရှိလာတယ်။
(၇) မြတ်စွာဘုရားနဲ့အတူတကွ နေထိုင်ရတဲ့ အမှတ်သညာကို ရတယ်။
(၈) ဘုရားဂုဏ်တော်ကို အဖန်ဖန်အထပ်ထပ် အောက်မေ့နေတဲ့ သတိရဲ့ ကိန်းအောင်းတည်နေတဲ့ ခန္ဓာအိမ်ဟာ စေတီအိမ်ကဲ့သို့ ပူဇော်ခြင်းငှာထိုက်လာတယ်။
(၉) လွန်ကျူးအပ်တဲ့ ၀တ္ထုနဲ့ ဆုံတွေ့လာရင် ဘုရားရှင်ကို မြင်နေသလိုဖြစ်လို့ ရှက်ကြောက်ခြင်း ဟိရီ - သြတ္တပ္ပ ဖြစ်တယ်။
(၁၀) မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်းမြင်သိဖို့ အထောက်အကူ ဖြစ်တယ်။
(၁၁) သေလွန်တဲ့အခါ ကောင်းရာသုဂတိသို့ လားရောက်ရတယ်။
(ကျိုက်ထိုမူ-၀ိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ၁၊ ၄၁၇-၄၁၈)


မေတ္တာဘာဝနာ
တစ်လောကလုံးကို အလှဖုံးစေပြီး ငြိမ်းချမ်းစိုပြည်စေတာမေတ္တာ။
ရန်ရန်ချင်း မတုံနှင်းဘဲ သည်းခံခွင့်လွှတ်နိုင်တာ မေတ္တာ။
ဒေါသမီးတောက်မီးလျှံကို ငြိမ်းအေးစေနိုင်တဲ့ တစ်ခုတည်းသော သီတာရေစင်ဟာ မေတ္တာ။
ခန္တီမေတ္တာက မအောင်မြင်နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။
သတ္တ၀ါအများ ချမ်းသာအောင် မေတ္တာပွားပို့ခြင်းဟာ မိမိချမ်းသာအောင် ပြုလုပ်နေခြင်းပဲ ဖြစ်တယ်။ မေတ္တာဈာန်ဟာ အလွန်အေးမြချမ်းသာတယ်။
မေတ္တာဈာန်ဝင်စားနိုင်မှ မေတ္တာအစွမ်းထက်မြက်တယ်။ မေတ္တာဈာန်ဖြင့် နွားနို့တစ်ညှစ်စာ မေတ္တာပွားပို့လျှင် တစ်နေ့အိုး ၃၀၀ ဆွမ်းချက်လှူတာထက် ပိုအကျိုးအမြတ်ကြီးတယ်။
“တစ်နေ့သုံးခါ အိုးတစ်ရာနှင့်၊ ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း” (မဟာစည်ဆရာတော်)



မေတ္တာဘာဝနာရဲ့ အကျိုးကျေးဇူးများ
မေတ္တာကို ကောင်းစွာ ပွားများအားထုတ်ပြီး မေတ္တာဈာန် ၀င်စားနိုင်တဲ့သူတွေဟာ အောက်ပါ ၁၁-ပါးသော အကျိုးကျေးဇူးတို့ကို မချွတ်ဧကန် အမှန်ရရှိတယ်။
၁။ ချမ်းသာစွာ အိပ်ရတယ်။
၂။ ချမ်းသာစွာ နိုးရတယ်။
၃။ ယုတ်မာဆိုးရွားတဲ့ အိပ်မက်များကို မမြင်မက်ရဘူး။
၎။ လူတို့ချစ်ခင်တယ်။
၅။ နတ်တို့လည်း ချစ်ခင်တယ်။
၆။ နတ်တို့ စောင့်ရှောက်တယ်။
၇။ မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မစူးရှဘူး။
၈။ စိတ်တည်ကြည်တယ်။
၉။ မျက်နှာအဆင်း ကြည်လင်တယ်။
၁၀။ မတွေမဝေသေရတယ်။
၁၁။ ဤဘ၀မဂ်ဉာဏ်ကို ထိုးထွင်းပြီး မရရင် ဗြဟ္မာပြည်လားရတယ်။ (၀ိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ၂၊ ၂၈-၂၉)


အသုဘကမ္မဋ္ဌာန်း

အရိုးကို အရွက်မဖုံးစေနဲ့။ စက်ဆုပ်စဖွယ် အသုဘအလောင်းကောင်ကို အရေပါးကလေး မဖုံးစေနဲ့။ အရေခွံပါးကို ခွာလိုက်ရင် ဘာတွေ့ရမလဲ။
Beauty is skin deep.
အလှဆိုတာ အရေပြားတစ်ထောက်စာပဲတဲ့။
သံသရာစခန်းမှာ မပြတ်ဖမ်းစားတတ်တဲ့ ဆင်းရဲအနန္တကိုဖြစ်ပွားစေတတ်တဲ့ ရာဂဘီလူးကြီးကို တားဆီးဖို့အတွက် အစွမ်းအထက်ဆုံးမန္တရားက အသုဘကမ္မဋ္ဌာန်းပါပဲ။ ရာဂဘီလူးဟာ အသုဘမန္တာရားကို အလွန်ကြောက်တယ်။
ဤခန္ဓာကိုယ်ရုပ်အစုကို အသုဘရှုခြင်းဟာ ငါ့ရဲ့အလုပ်ပဲလို့ ကြံစည်နှိုင်းဆ သဘောကျပြီး မတင့်မတယ် ရွံရှာဖွယ် ဖြစ်တယ်လို့ ရှုမှတ်တတ်တဲ့ အသုဘဘာဝနာကို အခါခါပွားများရင် ယခုတင်ပဲ ရာဂမီးအား အရှိန်နည်းပြီး နှစ်သက်ဝမ်းမြောက်ခြင်းကို စင်စစ်ဧကန်ရပေလိမ့်မယ်။ (စတုရာရက္ခကျမ်း)

အသုဘ ကမ္မဋ္ဌာန်းရဲ့ မျက်မှောက်အကျိုး ၅ ပါး

၁။ တပ်မက်နှစ်သက်တဲ့ ရာဂမှ စင်ကြယ်ခြင်း၊
၂။ စိုးရိမ်ပူဆွေး ငိုကြွေမှုမရှိခြင်း၊
၃။ ကိုယ်စိတ်ဆင်းရဲမှ ကင်းဝေးခြင်း၊
၎။ အရိယမဂ်သို့ ဆိုက်ရောက်ခြင်း၊
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းတို့ ဖြစ်ပါတယ်။ (စတုရာရက္ခကျမ်း)


ကာယဂတာသတိ

ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အရိုး၊ အကြော၊ အသည်း၊ အဆုတ်စတဲ့ ၃၂ - ကောဋ္ဌာသတို့ရဲ့ အပေါင်းအစုကို ကာယ=ကိုယ်လို့ခေါ်တယ်။ ကိုယ်မှာဖြစ်တဲ့သတိဟာ ကာယဂတာသတိပါပဲ။
သည်ကိုယ်ဟာ သေသွားတော့မှ မတင့်တယ်လို့ အသုဘခေါ်ရတာလား။ အသက်ရှင်နေဆဲကော…ကောဋ္ဌာသတစ်ခုစီကို ဆန်းစစ်ကြည့်ရင် ရွံစရာအသုဘပဲမဟုတ်လား။
ခန္ဓာကိုယ်ကို ကောဋ္ဌသအစုအပုံအနေနဲ့ ရှုမြင်တတ်ရင် ပုဂ္ဂိုလ်သတ္တ၀ါဆိုတဲ့ အသိသညာ ကွယ်ပပြီး သက္ကာယဒိဋ္ဌိကို ချိုးနှိမ်နိုင်တယ်။ ခန္ဓာကိုယ်မှာ တပ်မက်တွယ်တာတတ်တဲ့ တဏှာရာဂလည်း ငြိမ်းဝမ်သွားလို့ နိဗ္ဗာန်သို့ တက်လှမ်းရင် အခွင့်အလမ်း ပွင့်သွားတယ်။
“ရဟန်းတို့…ကာယဂတာသတိကို မသုံးဆောင်ကုန်သူ၊ မသုံးဆောင်အပ်ကုန်သူ၊ မေ့လျော့ကုန်သူတို့ဟာ အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည်၊ မသုံးဆောင်အပ်သည်၊ မေ့လျောသည် မည်ကုန်တယ်။
“ရဟန်းတို့…ကာယဂတာသတိကို မှီဝဲပွားများ အဖန်ဖန်အလေ့အလာပြုသူတို့ဟာ အမြိုက်နိဗ္ဗာန်ကို မှီဝဲပွားများ အဖန်ဖန် အလေ့အလာပြုသည်မည်ကုန်တယ်” (ဧကင်္ဂုတ္တရပါဠိတော်)


မရဏာနုဿတိ

လူဟာ သေမျိုးဖြစ်လို့ ကွေးတဲ့လက် မဆန့်မီ၊ ဆန့်တဲ့လက်မကွေးမီ သေနိုင်တယ်။ သို့ပေမယ် လူတွေဟာ သေရမှာကို မေ့လျော့နေပြီး ဘယ်တော့မှ မသေတော့မည့်ဟန်ဖြင့် ဥစ္စာတွေ ရှာဖွေသိုမှီးနေကြတယ်။ မာနတံခွန်တွေ ထောင်လွှားပြီး ဂုဏ်တုဂုဏ်ပြိုင်အနိုင်ကြဲနေကြတယ်။ ဒေါသမိုးမွှန်ပြီး ခိုက်ရန် ဖြစ်နေကြတယ်။
“မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ”
“ငါရဲ့ သေခြင်းဟာ မြဲတယ်၊ ငါရဲ့အသက်ရှင်ခြင်းဟာ မမြဲဘူး”
မိမိသေနေပုံကိုမြင်အောင်ကြည့်ပြီး သည်လိုရှုပွားဖန်များလျှင် မိမိရဲ့ သေခြင်းသဘောဟာ ထင်ရှားလာတယ်။ သံဝေဂပြင်းစွာဖြစ်ပြီး မာန၊ လောဘ၊ ဒေါသတို့ လျှောကျကုန်တယ်။ သေမင်းကို မကြောက်မရွံ ရင်ဆိုင်ဝံ့လာတယ်။
ဘုရားရှင်က “ရဟန်းတို့…သေခြင်းကို အောက်မေ့တဲ့ မရဏာနုဿတိကို ကြိမ်ဖန်များစွာ ပွားများကြရင် အလွန်အကျိုးကြီးတယ်၊ အာနိသင်ကြီးတယ်၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်တယ်၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိတယ်။ ရဟန်းတို့ … မရဏာနုဿတိကို ပွားများအားထုတ်ကြ”လို့ တိုက်တွန်းတော်မူတယ်။


ဗုဒ္ဓဘာသာဝင် သူတော်စင်များဟာ အကောင်းဆုံးဘ၀နှင့် အကောင်းဆုံး အခွင့်အရေးကို ရရှိနေကြပြီ။

အမြင်ကြည်လင်ကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘ၀ကိစ္စကို ဆောင်ရွက်ကြရာမှာ အမြတ်ဆုံးပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ ယခုဘ၀လည်း ချမ်းသာ၊ နောင် ဘ၀အဆက်ဆက်လည်း ချမ်းသာစေမယ့် လုပ်ငန်းဆောင်တာများကိုသာ လုပ်ဆောင်ကြပါတယ်။

တကယ်ချမ်းသာအစစ်အမှန်ဆိုတာက ဈာန်ချမ်းသာ၊ မဂ်ဖိုလ်ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာတို့သာ ဖြစ်တြယ်ဆိုကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ သိနားလည်ကြပါပြီ။

အတုမရှိတဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကို သဒ္ဓါကြည်ရွှင်တဲ့ ဗုဒ္ဓဘာသာဝင်အဖြစ် ဆုံတွေ့နေရတာ မဟာအခွင့်အရေးကြီးပါပဲ။ သမထကျင့်စဉ်၊ ၀ိပဿနာကျင့်စဉ်တို့က ရေကန်အသင်ကြာအသင့် ဖြစ်နေကြတယ်။

မေတ္တာဘာဝနာ၊ ဗုဒ္ဓါနုဿတိ၊ အသုဘကမ္မဋ္ဌာန်းနှင့် မရဏာနုဿတိတို့ကို သွားရင်းလာရင်း နေရင်းထိုင်ရင်း အမြဲတစေနှလုံးသွင်း စီးဖြန်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ကြရပေမည်။

သမထအလုပ်ကတော့ ဘုရားသာသနာပြင်ပ အချိန်အခါမှာလည်း လုပ်ဆောင်ခွင့် ရကြပါတယ်။ ၀ိပဿနာအလုပ်ကိုတော့ ဘုရားသာသနာအတွင်းမှာသာ လုပ်ဆောင်ခွင့်ရ ကြပါတယ်။ ဒါကြောင့် ၀ိပဿနာအလုပ်ကို အရိုးကြေကြေ အရေခန်းခန်း နောက်မဆုတ်တမ်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးကာ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းကြရပါမည်။
အမြတ်ဆုံးပန်းတိုင်သို့ လျင်မြန်စောစွာ ဆိုက်ရောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာမင်းတင်မွန်၏ မြတ်ဘာဝနာ မှ ကောက်နှုတ်ဖော်ပြပါသည်။


သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဗုဒ္ဓဘုရားရှင်အားတရားတော်နှင့်ပူဇော်အပ်ပါသည်။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ၀ိမုတ္တာနံ၊ နမော ၀ိမုတ္တိယာ။
ဘုရားရှင်တို့အားရှိခိုးပါ၏။
ကိလေသာတို့မှလွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ၀ိမုတ္တိ ငါးပါး အား ရှိခိုးပါ၏။


Shared from Ko Thein Naing Ohn (FB)

No comments:

Post a Comment