Friday, November 16, 2012

အရှင် ရေ၀တ(ရှင်သာရိပုတ္တရာ၏ ၇ နှစ်အရွယ် ညီအငယ်ဆုံး)

ညီအစ်မသုံးယောက်... စာလာ၊ ဥပစာလာ၊ သီသူပစာလာ။
ညီအစ်ကိုသုံးယောက်...အရှင်သာရိပုတ္တရာ၊ နန္ဒ၊ ဥပသေန။

ငါးယောက်သော ညီအစ်ကို မောင်နှမတို့၏ အစ်ကိုအကြီးဆုံးဖြစ်သော ဥပတိသကား ‘အရှင်သာရိပုတ္တရာ’ဘွဲ့မည်ဖြင့် ဘုရားရှင်၏ အရိပ်အာဝါသ၊ တရားတော်၏ အရိပ်အာဝါသအောက်ဝယ် ငြိမ်းချမ်းစွာ တည်ရှိလွတ်မြောက်ခဲ့ပြီ ဖြစ်၏။

ရှစ်ဆယ့်ခုနစ်ကုဋေသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ရဟန်းပြုခဲ့ပြီးသည့်နောက် နောင်တော် အရှင်မြတ်ကြီး၏ မြင့်မြတ်သော တည်ုဆိုက်ခြင်းကို အားကျကြည်ညို နှစ်သက်ခဲ့ကြသော ညီအစ်မသုံးယောက်နှင့် ညီနှစ်ယောက်တို့သည်လည်း လူ့ဘောင်တွင် မနေကြတော့ဘဲ နောင်တော်ကြီးထံ ၀င်ရောက် ရဟန်းဘောင်သို့ ကူးပြောင်းသွားခဲ့ကြပြီ ဖြစ်၏။

သြော်-သူတို့ ရက်ရက် စွန့်လွှတ်နိုင်ကြပါဘိခြင်း။

သြော်-သူတို့ လွတ်မြောက် ငြိမ်းချမ်းကြပါဘိခြင်း။

သြော်-သူတို့ မငဲ့မကွက် ရုန်းထွက်နိုင်ကြပါဘိခြင်း။

ဤသို့ တွေးတောဆင်ခြင်ရင်း မိမိကိုယ်မိမိ အားမလို အားမရစိတ်၊ လက်ရှိဘ၀တွင် မပျော်ပိုက်နိုင်တော့သော ခံစားမှုများဖြင့် စံအိမ်တွင် ကျန်ရစ်သူကား ခုနစ်နှစ်အရွယ် ညီအထွေးဆုံး ရေ၀တပင် ဖြစ်လေသည်။

မိရိုးဖလာ အစဉ်အလာအရ မိသားစုပိုင်ဆိုင်သမျှသော စည်းစိမ်ဥစ္စာခပ်သိမ်းသည် အထွေးဆုံး ရေ၀တဆီသို့သာ စုပုံရောက်ရှိတော့မည် ဖြစ်သည်။ ဇမ္ဗူဒိပ်တွင် အချမ်းသာ အကြွယ်ဝဆုံး၊ အသက်အငယ်ဆုံး သူဌေးကလေး ဖြစ်ရတော့မည်။ သူဌေးကလေး ရေ၀တ။

မယ်တော် သာရီပုဏ္ဏေးမကြီးကလည်း တစ်ဦးတည်းသော အမွေဆက်ခံမည့် သားထွေးလေး ရေ၀တအား

နေ့နေ့ညဉ့်ညဉ့် အရိပ်တကြည့်ကြည့်ရှိလေသည်။ သူ့နောင်တော်ကြီးလို၊ ပြီးတော့ ထိုနောင်တော်ကြီနောက်
ကောက်ကောက်ပါအောင် လိုက်သွားသော အစ်မသုံးယောက်၊ အစ်ကိုနှစ်ယောက်တို့လို မဖြစ်စေရ။မျိုးရိုးနှင့် အရပ်ရပ် စည်းစိမ်တို့ကို အမွေဆက်ခံမည့် ရေ၀တအား အပြင်ထွက်မသွားစေရအောင် ဖြစ်နိုင်လျှင် သံကွန်ချာဖြင့် ထိန်းသိမ်းထားချင်လှသည်။ ထိုသံကွန်ချာကား...။

ရေ၀တသည် မယ်တော်ကြီး၏ အစီအမံ ပြင်ဆင်မှုများကို ကြိုတင်သိနေ၏။ မိမိသည် မျိုးရိုးအမွေကို တစ်ဦးတည်း ဒိုင်ခံသိမ်းပိုက်ရတော့မည်ဟု နားလည်နေ၏။ ထိုအဖြစ်ကို အရောက်မခံနိုင်။ သို့သော် ဘယ်လိုနည်းနှင့် ရုန်းထွက်ရမည်နည်း။

လွတ်မြောက်ရာနည်းကိုလည်း မသိ။ မတွေးမကြံတတ်။ မိမိကား ငယ်လွန်းလှသေးသည်။ မိမိကိုယ်မိမိ ပဲ့မကိုင်နိုင်သေး။ မိမိ၏ရွေးချယ်မှုကို မိမိဘာသာ မပြုနိုင်သေး။

ထိုအချိန်တွင်ပင် သံကွန်ချာကြီး ကျရောက်လာလေသည်။

“လူကလေး ရေ၀တကို သက်တူရွယ်တူ အမျိုးအနွယ်တူ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးကြစို့”

မယ်တော် သာရဏီပုဏ္ဏေးမကြီးကား ဗုဒ္ဓဘာသာဝင်မဟုတ်။ ရိုးရာ အယူဝါဒကို အစွဲအလမ်းကြီးသူပီပီ ကျန်ရစ်ခဲ့သည့် သားအထွေးဆုံးလေးအား အိမ်ထောင်ရက်သား ချပေးရန် စီစဉ်လေသည်။ထုံးတမ်းစဉ်လာရှိသည်နှင့်အညီ မယ်တော်သာရီပုဏ္ဏေးမကြီးသည် သားရေ၀တအား မိန်းကလေးအိမ်သို့ ဆောင်ယူ၍ မင်္ဂလာအခမ်းအနားများ ကြိုတင် စီမံပြင်ဆင်ခြင်း၊ မင်္ဂလာစကားများ ပြောကြားခြင်းများကို ပြုလုပ်လေသည်။ သတို့သား ရေ၀တဘက်မှ မိခင်ကြီးနှင့်အတူ သက်ကြီးဝါကြီး ဆွေမျိုးများ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများကို ပင့်ဆောင်သွားကြသည်။ မိန်းကလေးဘက်မှလည်း အလားတူ ပြင်ဆင်ဧည့်ခံကြသည်။

ထုံးစံအတိုင်း ပြောကြားဆွေးနွေးတိုင်ပင်ကြပြီးနောက် လူကြီးများက ရေ၀တနှင့် သတို့သမီးငယ်တို့အား ဆုံးမခြင်း၊ ဆုပေးခြင်း စသည်များ ပြုလုပ်ကြ၏။ သူငယ်သတို့သား ရေ၀တကား မိမိသည် မမြင်လာသော အကျဉ်းအကျပ်ကြီးတစ်ခုထဲသို့ ရောက်ရှိနေရကာ ထိုအထဲမှ မည်သို့လွတ်မြောက်အောင် ဖန်တီးရမှန်းလည်း မသိ ဖြစ်နေလေသည်။ သူတို့နှစ်ဖက်လူကြီးများ၏ ရိုးရာအစဉ်အလာ အဲဒီအခန်းများကလည်း များပြားရှုပ်ထွေးလှဘိခြင်း။
ပန်းများ၊ အမွှေးနံ့သာခဲနဲ့ အမှုန့်များဆီမှ ချိုအီစူးရဲ ရနံ့များကို မသက်မသာ ရှူရှိုက်နေရသည်။ အဆိုင်းအဆိုင်း သွယ်ဝန်းခြယ်လှယ်ထားသော ရောင်စုံပိုးစများ၊ ကြိုးတန်းများ၊ ဗိမာန်မျက်နှာကြက် အလှဆင်ယင်မှုများကိုလည်း ပင့်ကူအိမ်ကွန်ရက်များဟု ရေ၀တ ထင်မြင်နေသည်။ မင်္ဂလာပွဲ တက်ရောက်ကြသူများ၏ စကားပြောသံ၊ နှုတ်ဆက်သံ၊ ဆုတောင်သံ၊ ရယ်မောသံများကလည်း နားမခံသာအောင် ပွက်ညံနေကြသည်။ မချမ်းမမြေ့ ဖြစ်နေသော ရေ၀တသည် အကြီးအကျယ် စိတ်နှလုံး ညှိုးချုံးနေလေသည်။ ထိုအရာတို့ကို မနှစ်မမြို့ဖြစ်နေသော်လည်း မနှစ်မမြို့ဖြစ်စရာ အခြေခံကို ရှာမတွေ့၊ စဉ်းစားမရ၊ အရာအားလုံး ရှုပ်ထွေးနေခြင်းကိုသာ ခံစားနေရ၏။ ထိုအရှုပ်ထွေးမှုကြီးထဲမှ တစ်စုံတစ်ခုသော‘အစ’ကို ဆွဲထုတ်နိုင်မှသာပြေပျောက်ရှင်းလင်းသွားလိမ့်မည်။ ခက်တာက အစ ဘယ်သို့ရှာရမှန်းမသိ။

ထုံးတမ်းနှင့်အညီ သတို့သားကို သတို့သားဘက်မှ လူကြီးသူမများက ဆုပေးစကား ကောင်းချီးစကား ခြွေကြ၏။ ထိုစကားလုံးများမှာလည်း ထပ်ခါတလဲလဲ ဖြစ်နေကြပြန်သည်။

‘စီးပွားဥစ္စာ တိုးတက်ပါစေ’ ‘အနာရောဂါ ကင်းရှင်းပါစေ’ ‘မိဂုဏ်ဖဂုဏ် ဆွေမျိုးဂုဏ်ကို ဆောင်နိုင်ပါစေ’ ‘ရွှေငွေ ရတနာတို့ အလျှံပယ် ကြွယ်ဝပါစေ’ ‘အကောင်းဆုံး အစာ၊ အကောင်းဆုံးအ၀တ်၊ အကောင်းဆုံး ယာဉ်ရထား၊ အကောင်းဆုံး အိမ်ဂေဟာတို့၌ စားနိုင်၊ ၀တ်နိုင်၊ စီးနိုင်၊ နေထိုင်နိုင်ပါစေ’

သတို့သား အလှည့်ပြီးသောအခါ သတို့သမီးအလှည့် ရောက်ပြန်၏။ ပန်းများကြဲလျှက်၊ အမွှေးနံ့သာများ ဆွတ်ဖျန်းလျှက်၊ ခုနစ်နှစ်အရွယ် သတို့သမီးလေးကို ၀န်းရံပတ်လှည့်ကာ ဆုပေးစကားများ ရွတ်ဆိုကြသည်။ ထိုဆုပေးစကားများမှာလည်း ထပ်ပြန်တလဲလဲ ဖြစ်ကြလေသည်။ ထိုစဉ်...

သတို့သမီး၏ ဆွေမျိုးအကြီးအကဲ တစ်ဦးက...

“ကိုင်း... တို့များရဲ့ ဆုတောင်းစကားတွေ ဆုပေးစကားတွေထဲမှာ အရေးကြီးပြီး လက်တွေ့ကျတဲ့ စကားတစ်ခွန်းမပါသေးဘူး” ဟု ဆိုလိုက်၏။

“ဘယ်လိုအရေးကြီးပြီး ဘယ်လိုလက်တွေ့ကျတာလဲ” အားလုံးက ၀ိုင်းမေးကြသည်။ လူကြီးက ပြုံး၍...
“အသက်ရှည်ခြင်းပေါ့။ ဒါ့ထက် အရေးကြီးတာ ဘာရှိမလဲ”
“မှန်တယ် မှန်တယ်။ ဒါပေမယ့် လက်တွေ့ကျပုံကတော့...”

လူကြီးက ထောင့်တစ်နေရာတွင် ထိုင်နေသူတစ်ဦးကို ညွှန်ပြလိုက်၏။ ထိုင်နေသူကား သတို့သမီးဘက်ရှိ ဆွေမျိုးစုတွင် အသက်အကြီးဆုံးဖြစ်သော အဘွားအိုကြီး တစ်ယောက်ဖြစ်၏။ အဘွားအိုမှာ အသက်တစ်ရာ့နှစ်ဆယ် ရှိပေပြီ။ ကောင်းစွာမထိုင်နိုင်တော့သဖြင့် ဖုံများ အခင်းများကို သက်သောင့်သက်သာဖြစ်အောင် အခုအခံ ပြင်ဆင်ပေးထားရာ ထိုပစ္စည်းများအကြားတွင် အဘွားအိုကြီးသည် သက်မဲ့အလား မလှုပ်မယှက် ရှိနေလေသည်။ အဘွားအိုသည် မင်္ဂလာအခမ်းအနားသို့ အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် တက်ရောက်လာသော်လည်းဘာကိုမှ မမြင်မကြားသကဲ့သို့ ဖြစ်နေ၏။

“ငါတို့ရဲ့သတို့သမီးလေး အသက်ရှည်ပါစေ။ ဘယ်လောက်အထိ အသက်ရှည်ရမလဲဆိုတော့ ဟောဟိုမှာ ရှိနေတဲ့ ဘွားဘွားကြီးလိုပဲ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ပါစေ”
“ဟုတ်တယ် ဟုတ်တယ်။ ဘွားဘွားကြီးလိုပဲ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ပါစေ”
အားလုံး ၀ိုင်းရေရွတ် ဆုပေးစကားဆိုကြသည်။

ရေ၀တသည် ထိုအခါမှပင် အားလုံးနှင့်အတူ အဘွားအိုကို ဂရုထားမိ၏။
အသက်တစ်ရာ့နှစ်ဆယ်ရှိပြီဖြစ်သော အဘွားအိုကို ခြေဆုံးခေါင်းဖျား ကြည့်လိုက်မိသည်။ ဆံပင်များက ကြိုးကျဲကျဲ၊ ဖွေးဖွေးဖြူဆွတ် ဖွာလန်ကြဲ၊ မျက်နှာမှာ အရေပြားအောက်တွင် အသားစိုင်ဟူ၍ ရှိသည် မတူတော့။ ချိုင့်ခွက်နှစ်ဝင် အရိုးဂေါင်ဂင် ပေါ်နေသည်။ ထိုအရေပြားတို့မှာလည်း ရေတွက်ခြင်းငှာ မစွမ်းနိုင်သော အရေးအကြောင်းများက အစင်းစင်း ရှုပ်ထွေးယှက်ဖြာနေကြသည်။ တွန့်လိမ်လျှော့ကျကာ ပြုတ်ကျလုမတတ် ပျော့ဖပ်ရှုံတွ ဖြစ်နေသည်။ မျက်စိများက ဘာအရောင်အဆင်းမှ မရှိတော့။ မျက်ဆံများမှာ အနက်မရှိတော့။ ကြည့်သော်လည်း မမြင်နိုင်တော့သည့် မျက်ဝန်းများ မှုန်ရီမှိုင်းပျ။

ရေ၀တသည် မနီးမဝေးမှ လှမ်းကြည့်ရုံဖြင့် အားမရနိုင်တော့သလို ထိုင်ရာမှထကာ အဘွားအိုအနီးသို့ ကပ်ကြည့်သည်။ မင်္ဂလာပွဲတက်ရောက်လာသူများကတော့ သတို့သားလေးသည် သူ့သတို့သမီး၏ ဘွားအေကြီးကို သဘောကျနှစ်သက်ကာ စူးဝင်လေ့လာနေသည်ဟု ထင်မှတ်ကြ၏။

အနီးကပ်မြင်ရတော့မှပင် ပို၍ အသေးစိတ်သော ဇရာဒဏ်ချက်များကို တွေ့ရလေသည်။

တစ်ချောင်းမှ မရှိတော့သော သွားများနေရာတွင် ပါးစောင်းနှုတ်ခမ်းအရေပြားများက တွင်းချိုင့်ဝှမ်းများပမာ ခွက်ဝင်နေကြ၏။ မတ်တတ်မဆန့်နိုင်သောကြောင့် ခါးသည် ကုန်းငိုက်နေလေရာ တွားသွားသတ္တ၀ါတစ်ကောင်၏ ၀ပ်စင်းနေပုံနှင့် တူနေ၏။ လည်ပင်းရိုးများကလည်း ဦးခေါင်း၏ အလေးချိန်ကို စွင့်စွင့်ပင့်ဆောင်သယ်မ မထားနိုင်သည် ဖြစ်လေရာ ဦးခေါင်းသည် ဟိုယိမ်း သည်ယိမ်း။ အထဲသို့ လိမ့်ဝင်နေသော နှုတ်ခမ်းပေါ်တွင် အစားအစာ အကြွင်းအစများက ပေကျံနေ၏။

အသက်တစ်ရာ့နှစ်ဆယ် အဘွားအို။ 
ရေ၀တစိတ်ထဲမှာ ကြိတ်၍ ရေရွတ်မိသည်။

စောစောက ဆုပေးစကားကို ပြန်ကြားသည်။ ငါတို့ရဲ့သတို့သမီးလေး အသက်ရှည်ပါစေ။ ဘယ်လောက်အထိ အသက်ရှည်ရမလဲဆိုတော့ ဟောဟိုမှာ ရှိနေတဲ့ ဘွားဘွားကြီးလိုပဲ အသက်တစ်ရာ့နှစ်ဆယ်အထိ အသက်ရှည်ပါစေ။

ရေ၀တ၏ ရင်နှလုံးအိမ်ထဲတွင် ဖျန်းခနဲ တစ်ချက် ဖြစ်ထွန်းသွား၏။

ဒီအဘွားကြီးလိုတဲ့လား။ ငါလက်ထပ်မယ့် သတို့သမီး ခုနစ်နှစ်အရွယ် မိန်းကလေးဟာ အချိန်တန်ရင် ဒီအဘွားကြီးအရွယ်ရောက်၊ ဒီအဘွားကြီးလိုဖြစ်၊ အသက်တစ်ရာ့နှစ်ဆယ်၊ ဆံပင်တွေ ဖွေးဖွေးဖြူ ကျိုးကျိုးကျဲကျဲ၊ အသားမရှိတဲ့ အရိုးပေါ်မှာ အရေပြားတွေက ရှုံ့တွချိုင့်ခွက်၊ မျက်စိတွေ မှုန်သီရီဝေ၊ သွားတွေမရှိ၊ ဦးခေါင်းတယမ်းယမ်း၊ ခါးက ကုန်းငိုက်။

တစ်ချိန်လုံးလုံး အရှုပ်ထွေး ချည်ခင်လုံးကြီးထဲမှာ ‘အစ’ကို ရှာမရဖြစ်နေသော ရေ၀တ၏အသိတွင် အလင်းတစ်ခု ပြက်သွားကာ ‘အစ’ကို တွေ့ရှိသွား၏။

“ဒီနေ့ပဲ ငါ့ရဲ့နောင်တော်ကြီး ဥပတိဿထံသွားမယ်။ သာသနာ့ဘောင်ထဲ ၀င်တော့မယ်”

လှည်းတန်းကြီးသည် သတို့သမီးအိမ်မှ ထွက်ခွာ၍ သတို့သားရေ၀တ အိမ်ဆီသို့ တရွေ့ရွေ့ မောင်းနှင်ရွေ့လျားနေသည်။ ခရီးက မဝေးသော်လည်း အတန်ငယ် လှမ်း၏။ ထို့အပြင် လမ်းခရီးအကြားတွင် တောအုပ်ငယ် ခင်တန်းစပ်များကိုလည်း ဖြတ်သန်းရဦးမည် ဖြစ်၏။

ရေ၀တသည် လှည်းပေါ်မှာ ဘယ်သူ့ကိုမှ စကားမပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာသည်။ လှည်းပေါ်တွင် အတူပါလာသော သတို့သမီးငယ်ကိုလည်း စောင်း၍မျှပင် လှည့်မကြည့်။ ရယ်မောပျော်ရွှင် ဆူညံနေသော လှည်းတန်းကြီးတွင် ရေ၀တတစ်ဦးတည်းသာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ခင်တန်းတောစပ်တစ်နေရာသို့ ဖြတ်ကြသည်။ ထိုနေရာတွင် ချုံပုတ်များကို အတော်အတန် ထူထပ်သည်။ ရေ၀တက လှည်းသမားကို လှည်းခဏ ရပ်ပေးရန် ပြောလိုက်၏။

“ဘာဖြစ်လို့လဲ ရေ၀တ၊ အိမ်အမြန်ရောက်ဖို့ အရေးကြီးတယ်လေ ဟဲဟဲ”

ရေ၀တက ဘာမှမပြောဘဲ မျက်နှာကို ရှုံ့မဲ့ကာ ၀မ်းဗိုက်ကို နှိပ်နယ် ပြလိုက်သည်။ လှည်းသမားက ခေါင်းညိတ်၏။

“သြော်... မင်္ဂလာဆောင်မှာ အစားမျိုးစုံစားပြီး ၀မ်းယစ်နေပြီပေါ့ ဟုတ်လား။ ကဲ ကဲ ဆင်း... ဆင်း။ ချုံပုတ်တွေနောက်ကိုသွား၊ ကိစ္စမြန်မြန်ပြီးအောင်လုပ်ခဲ့”

ရေ၀တ လှည်းပေါ်မှ ဆင်း၍ ချုံပုတ်နောက်ဝင်သွား၏။ ခဏနေပြီးမှ ပြန်ထွက်ကာ လှည်းပေါ်တက်သည်။ နောက်တစ်နေရာ နှစ်နေရာများတွင်လည်း ထိုသို့ပင် လှည်းကို ရပ်ခိုင်း၊ ဆင်း၊ ချုံပုတ်များနောက်သို့ဝင်၊ ခေတ္တနေပြီးမှ ပြန်တယ်။

နှစ်ကြိမ် သုံးကြိမ်ဖြစ်လာသောအခါ အစောင့်အရှောက် လိုက်ပါလာသော သူများက...

“ရေ၀တတော့ ၀မ်းဖောက်ပြန်နေပြီ။ သူ့ကိစ္စပြီးရင် လိုက်လာလိမ့်မယ်။ မှီရာလှည်း တက်လိမ့်မယ်။ ဒီအတိုင်းချည်းပဲ သူ့ကို စောင့်စောင့်ခေါ်နေရရင် ခရီးဖင့်လိမ့်မယ်။ လှည်းက တစ်စီးရပ်ရင် အားလုံးကို ရပ်တာ။ ဒီတော့ တအိအိနဲ့ပဲ မောင်းသွားတာပေါ့” 
ဟု ဆိုကာ ရေ၀တကို ရပ်မစောင့်တော့ဘဲ မောင်းသွားကြသည်။

ဤအခွင့်ကောင်းကို စောင့်နေသော ရေ၀တလည်း နောက်ဆုံးအကြိမ် လှည်းပေါ်မှ သူဆင်းပြီး ချုံပုတ်နောက်သို့ ၀င်ကာ နောက်ဆုံးလှည်း လွန်သွားသည်အထိ ပုန်းအောင်းနေလိုက်၏။ လှည်းတန်းကြီး၏ နောက်ဆုံးလှည်း၊ တောစပ်ခင်တန်းရိုးအကွေ့တွင် ချိုးကွေ့ပျောက်ကွယ်သွားသည်။ ရေ၀တ ချုံပုတ်နောက်မှ ထွက်လိုက်၏။ သူ့ကို ဘယ်သူမှ မမြင်နိုင်တော့။ ရေ၀တ လှည်းတစ်စီးစီးမှာ ပါလာလိမ့်မည်ဟု တွက်ပြီး အားလုံး စိတ်ချလက်ချ မောင်းနှင်သွားကြပေပြီ။

“လွတ်ပြီ... ကျွတ်ပြီ”

ဟု စိတ်ထဲမှာ ကြုံးဝါးကာ ရေ၀တသည် ချုံပုတ်များနှင့် ဆက်စပ်နေသော တောအုပ်ဘက်သို့ အားကုန်သွန်စိုက် ပြေးခဲ့တော့သည်။

-----။-----

တောအုပ်တစ်ခု၊ နောက်တစ်ခု။ ထို့နောက် လူသူအလျဉ်းကင်းဝေးသော လွင်ပြင်ပြန့်။ ထို့နောက် တောင်ငူအငယ်တစ်လုံး၊ ဆက်ပြေးလိုက်သောအခါ ရေ၀တသည် ရဟန်းများ သီတင်းသုံးနေရာ တောကျောင်းအစုကို တွေ့လိုက်ရလေသည်။

“အရှင်ဘုရားတို့ တပည့်တော်ရ၀တပါ။ ယခုအခါ မြတ်စွာဘုရားထံမှ အရှင်သာရိပုတ္တရာအဖြစ် ရောက်ရှိနေတဲ့၊ နောက်ပြီး ဥပတိဿရဲ့ ညီအထွေးဆုံး ဖြစ်ပါတယ်။ သနားငဲ့ညှာသောအားဖြင့် တပည့်တော်ကို ရှင်ပြုပေးပါဘုရား”

အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက တောကျောင်းနေ ရဟန်းသုံးကျိတ်တို့အား...

“တပည့်တော်ရဲ့ ညီအထွေးဆုံး ရေ၀တဆိုသူ ခုနစ်နှစ်အရွယ် သူငယ်တစ်ဦး ရောက်လာပါလိမ့်မယ်။ သူရောက်လာရင် ရှင်ပြုပေးလိုက်ကြပါ” ဟု ကြိုတင်မှာကြားထားပြီး ဖြစ်ပေသည်။ ထို့ကြောင့် ရဟန်းများကလည်း ရေ၀တကို ရှင်ပြုပေးလိုက်ကြ၏။

သာမဏေ အရှင်ရေ၀တအဖြစ်သို့ ရောက်ခဲ့ပြီး အဆွေအမျိုးတို့နှင့်တကွ ငြိကပ်စေချင်သော အတွယ်အတာ အနှောင်အဖွဲ့ ဟူသမျှကို စွန့်ခွာခဲ့ပြီ။ သို့သော် ထိုအရာများနှင့် ဝေးနိုင်သမျှ အဝေးဆုံးသို့ ရောက်ရှိရန် လိုအပ်ပေသည်။ မည်သို့ မည်မျှ ဝေးကွာရမည်နည်း။ နေရာဒေသအားဖြင့်လည်း ဝေးကွာရမည်။ ‘လောက’အားဖြင့်လည်း ဝေးကွာရချိမ့်မည်။

တောနေရဟန်းများထံမှပင် ရှင်ရေ၀တ ကမ္မဌာန်းတောင်းသည်။

ထို့နောက် နောက်ထပ် ယူဇနာသုံးဆယ်ကွာဝေးသော အရပ်သို့ တစ်ပါးတည်း ထွက်ခဲ့၏။ ထိုအရပ်ကား တောအတိ တောင်အတိဖြစ်သည့်အပြင် အခြားသော သစ်ပင်ချုံနွယ်များ မပေါက်ရောက်၊ ရှားပင်များသာ အတိပေါက်ရောက်သည့် ရှားတော ဖြစ်၏။ ရှင်ရေ၀တသည် ရှားတောတွင်နေကာ ကမ္မဌာန်းတရား ပွားများအားထုတ်လေသည်။

မကြာမီမှာပင် ပဋိသမ္ဘီဒါလေးပါး ရရှိလျှက် ရဟန္တာဖြစ်လေသည်။


Re: ကလေးရဟန္တာများ - ဆရာချစ်ဦးညို

Shared from Dhamma Rakhita (FB)

No comments:

Post a Comment