အဲဒါမျိုးပေါ့၊ ဘဝခရီးမှာသွားနေတဲ့ ပုဂ္ဂိုလ်များ၊ ဘုရားကိုလည်း သတိမရ၊ တရားကိုလည်း သတိမရ၊ ကုသိုလ်ကိုလည်း သတိမရ၊ ကြုံသလိုရေစုံမျောပြီးတော့ ဒရွတ်တိုက်ဆွဲသွားတဲ့ ပုဂ္ဂိုလ်များဟာ သဲကန္တာရခရီးမှာ ခြစ်ခြစ်တောက်ပူလောင်စွာနဲ့ ဆွေ့ဆွေ့ခုန်သွားနေရတဲ့ ပုဂ္ဂိုလ်တွေနဲ့တူတယ်။
ပူလိုက်တာ မပြောနဲ့တော့၊ သဲကန္တာရခရီးမှာ အတွင်းက အပူသက်သာချင် သက်သာလိမ့်မယ်ဦးမယ်၊ ဘ၀ခရီးကတော့ အတွင်းကပါပူတယ်၊ တရားအရိပ် မခိုနိုင်တဲ့ ပုဂ္ဂိုလ်တွေ အတွင်းကပါပူတယ်။
သဲကန္တာရခရီးမှာ ခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေ ဆွေ့ဆွေ့ခုန်ပြီးတော့ သွားနေစဉ်မှာ ကံအားလျော်စွာ သူများတွေကျ ကျန်ရစ်တဲ့ ဖိနပ်ကလေးတစ်ရံ သွားတွေ့၊ ၀မ်းသာလိုက်တာ။ာ ဖိနပ်ကလေးတစ်ရံတွေ့တဲ့အခါ၊ ဖိနပ်ကလေးကောက်စီးလိုက်၊ လုံးလုံးအပူအငြိမ်းပေမ့် အောက်က ဆွေ့ဆွေ့ခုန်အောင်ပူတဲ့အပူက သက်သာသွားပြီ။ အဲဒီလိုမျိုးပေါ့ ဘဝခရီးမှာ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရတနာသုံးပါးဆည်းကပ်မြတ်နိုးကြတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ သဒ္ဓါ ပညာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဘဝခရီး အာရုံတောထဲမှာ ငိုစရာတွေ၊ ပူစရာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ရှုတ်စရာတွေ၊ ကြောက်စရာတွေ၊ လန့်စရာတွေကြားထဲမှာ သွားလို့နေကြရတဲ့အခါမှာလည်း သွားရင်းသွားရင်းနဲ့ “သြော် - အလကားနေ အလကားပဲ သရဏဂုံလေး တစ်ခေါက်ဆို နည်းတာမှတ်လို့၊ မေတ္တာပို့လေးတစ်ခေါက်ဆို နည်းတာမှတ်လို့၊ ဘုရားဂုဏ်တော်လေး တစ်ခေါက်ဆုံးသွား နည်းတာမှတ်လို့” နှလုံးသွင်းသွား၊ အာရုံပြုသွား၊ လုံးဝအပူမငြိမ်းပေမယ့်၊ အပူသက်သာတယ်။
သဲကန္တာရခရီးမှာ သွားတဲ့လူဟာ ရှေ့ကိုဆက်သွားပြန်တော့ သူများတွေကျကျန်ရစ်တဲ့ ခမောက်စုတ်ကလေးတစ်ခု သွားတွေ့ “အို စုတ်ချင်စုတ်ပစေလေ၊ ခေါင်းကခြစ်ခြစ်တောက် ပူနေတဲ့ဥစ္စာ၊ အပူသက်သာသွားဖို့က အရေးကြီးတယ်” လို့ ခေါင်းပေါ်ကိုတင်ပြီး ဆောင်းလိုက်တော့ လုံးလုံးအပူမငြိမ်းပေမယ့် အပူတော့ တော်တော်သက်သာသွားတယ်။
တရားလက်လွတ်နေသူနဲ့ ဘယ်တူတော့မလဲ
ဒါလိုမျိုးပေါ့ ဘုရားသတိရတဲ့အခါ ဘုရားအာရုံပြုလို့၊ တရားသတိရတဲ့အခါ တရားအာရုံပြုလို့၊ မေတ္တာသတိရတဲ့အခါ မေတ္တာပို့လို့၊ သရဏဂုံလေးဆောက်တည်လို့ သွားရင်းလာရင်းနဲ့တောင် အမှတ်တမဲ့မနေဘူး။ တခါတရံ ဝိပဿနာအသိလေးနဲ့ ဒီလိုသွားတော့ တရားလက်လွတ်နေတဲ့ပုဂ္ဂိုလ်နဲ့ ဘယ်တူတော့မလဲ၊ အပူအများကြီး သက်သာတယ်။
ဒါဟာ တရားပြည့်ဝ အရိပ်ရတာလေ၊ သဒ္ဓါ ပညာကောင်းလို့ အရိပ်ရအောင် ယူတတ်တာပါ။ အဲသလို ယူတတ်ရမှာပေါ့။
ဒါကြောင့် ပညာယ ဟိုတွေးသည်တွေးကင်းစင်ဝေး၍ အတွေးမှန်ကန် အသိဥာဏ်ဆိုသော ပညာတရားကလည်း ၊ ဧနံ သံသရာခရီးသွား ထိုပုဂ္ဂိုလ်များကို ပသာသတိ တရားပြည့်ဝ အရိပ်ရအောင် ကောင်းစွာမသွေ ညွှန်ကြားဆုံးမတတ်ပါပေသတည်း။
ဤသို့လျှင် တရားပြည့်ဝ အရိပ်ရ ဆိုသော တရားကြားနာရတဲ့ ဓမ္မသဝနာမင်္ဂလာနဲ့ ကောင်းမှုစွမ်းအား မြတ်တရားတွေကြောင့် ဘေးရန်အပူခပ်သိမ်း လွတ်ငြိမ်းကြ၍၊ ကောင်းကျိုးချမ်းသာများ ကြီးပွားတိုးတက်ပြည့်စုံကြပြီး လျှင်၊ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်၊ အားကိုးစရာ သူတော်ကောင်းတရား တိုးပွားအောင် ကြိုးစားနိုင်လွယ်ကြလျှက်၊ ဆင်းရဲခပ်သိမ်းလွတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လွယ်ကူသောအကျင့်၊ လျင်မြန်သောအသိဥာဏ်ဖြင့် အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုလွယ် ရလွယ်နိုင်ကြပါစေကုန်သတည်း။
(တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ၊ အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ) (ယောဆရာတော်)
Shared from ပန်းအိဖြူ (FB)
No comments:
Post a Comment