Saturday, November 10, 2012

မြတ်စွာဘုရားရှင် ပဋိသန္ဓေနေစဉ် ရှေ့ပြေးနိမိတ်ကြီး(၃၂)ပါးအကြောင်း

အတုမရှိ၊အတူမရှိ အနန္တဥာဏ်တော်ရှင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းတော်ကြီးများသည် ပညာဓိက ဘုရားဆုပန်လျှင်လေးသင်္ချေကမ္ဘာတစ်သိန်းတိတိ(စွန့်ခြင်းငါးပါးနှင့်တကွ ပါရမီတော်(၁၀)ပါး အပြား(၃၀)တို့ကို အတုမရှိဖြည်ကျင့်ဆည်းပူးရလေသည်)။သဒ္ဓါဓိကဘုရားဆုပန်လျှင် ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ဝီရိယဓိက ဘုရားဆုပန်လျှင် ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ဆည်
းပူးရပါတယ်။ထို့ကဲ့သို့ဖြည့်ကျင့်ဆည်းပူးတော်မူသောကြောင့် အသဒိသ၊အတုလ၊ဆ,အသာဓာရဏရွှေဥာဏ်တော်ရှင်ဖြစ်တော်မူမည့်ဘဝမှာ ယူဇနာပေါင်း(၂)သိန်း၊(၄)သောင်းရှိသော မြေအထု၊ ယူဇနာပေါင်း(၄)သိန်း၊(၈)သောင်းရှိသော ရေအထု၊
ယူဇနာပေါင်း(၉)သိန်း၊(၆)သောင်းရှိသော လေအထု၊
ယူဇနာပေါင်း(၁)သန်း၊(၉)သိန်း (၂)သောင်းရှိသော မီးအထု
မဟာဘူတဓာတ်ကြီးလေးပါး၏ အဆောက်အဦးဖြစ်သော ဘုံ(၃၁)၊စကြဝဠာ၊ထိုစကြဝဠာတိုက်ပေါင်း(၁၀၀၀၀)ကို

(၁)။ဘုရားလောင်းတော် ပဋိသန္ဓေနေသည်နှင့် မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီးသည် ပျံ့နှံ့၏။

(၂)။ဘုရားလောင်းတော်၏ ဘုန်းအသရေတော်ကို ဖူးမျှော်လိုကြသည့်ပမာ မျက်စေ့နှစ်ကွင်းအလင်းမရသူတို့သည် ထိုခဏ၌ မျက်စိနှစ်ကွင်းအလင်းရ၍ မြင်ကြကုန်၏။

(၃)။နားပင်းကြကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကိုကြားကြရကုန်၏။

(၄)။အ,သဖြင့်၊စကားမပြောနိုင်သူတို့သည်လည်း၊ အ,အပျောက်ကာ စကားပြောနိုင်ကြကုန်၏။

(၅)။ကုန်း၊ကွ၊ကောက်၊ခွင်သောကိုယ်ရှိသော သူတို့သည်လည်း ထိုခဏ၌ ဖြောင့်မတ်သော ကိုယ်ရှိကြကုန်၏။

(၆)။ခြေဆွံ့သောသူ(မသွားလာနိုင်သူ)တို့သည်လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့်ကောင်းစွာသွားလာနိုင်ကြကုန်၏။

(၇)။နှောင်အိမ် အနှောင်အဖွဲ့(ထူး၊ထိတ်၊သံခြေကျဉ်း စသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျှက်နေကြရသောသူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွတ်လွတ်ကြကုန်၏။

(၈)။အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီး ငြိမ်းအေး၏။

(၉)။ပြိတ္တာဘုံ(ပြိတ္တာလောက)၌ ဆာလောင်ခြင်း၊ရေသိပ်(ရေငတ်)ခြင်း ကင်းစဲငြိမ်းအေး၏။

(၁၀)။တိရိစ္ဆာန်တို့အား ဘေးရန် တစ်စုံတစ်ရာမျှမရှိ။(ဘေးရန်ခပ်သိမ်းတို့မှ လွတ်ငြိမ်းကြရကုန်၏။)

(၁၁)။ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်းပျောက်ကင်းကြကုန်၏။

(၁၂)။သတ္တဝါခပ်သိမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည်နူးချစ်ခင်ဖွယ်ရာ စကားကိုသာပြောဆိုကြကုန်၏။

(၁၃)။မြင်းတို့သည် ချိုမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ ဟီကြကုန်၏။

(၁၄)။ဆင်တို့သည် ချိုမြိန်သာယာသော အခြင်းအရာအားဖြင့် မြည်ကြကုန်၏။

(၁၅)။စည်း၊စောင်း၊ညှင်းစသော တူရိယာမျိုး ခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါဘဲလျက် မိမိတို့အလိုလို မိမိတို့ မြည်မြဲသောအသံကို ရင့်သီကျူးမြည်ကြကုန်၏။

(၁၆)။လူတို့၏ လက်ကောက်၊ခြေကျဉ်းအစရှိသော အဆင်တန်ဆာတို့သည် တစ်ခုနှင့်တစ်ခု မထိမခိုက်မိကြပဲလျက် အလိုအလျောက်အသံမြည်ကြကုန်၏။

(၁၇)။အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း၊ရှုမြင်ကွင်းတို့သည် သန့်ရှင်းကြည်လင်ကြကုန်၏။

(၁၈)။သတ္တဝါတို့အား အေးမြချမ်းသာခြင်းကို ဖြစ်စေလျက် နူးညံ့သိမ်မွေ့သော လေပြေလေညှင်းတို့သည် ဖြည်းညှင်းသာယာစွာ တိုက်ခတ်လာကုန်၏။

(၁၉)။အခါမဲ့မိုးကြီးရွာသွန်းလာ၏။(မိုးရွာချိန်မဟုတ်ဘဲ)အုတ်အုတ်သဲသဲ လွန်ကဲသည်းထန်စွာ မိုးကြီးရွာသွန်းလာ၏။

(၂၀)။မဟာပထဝီ ဤမြေကြီးများမှလည်း ရေသည်အလိုလိုစိမ့်ထွက်ကာ ထိုထိုဤဤ စီးသွားလေ၏။

(၂၁)။ငှက်အများ ကောင်ကင်၌ ပျံသန်းခြင်းကိုမပြုကြ။(ထိုခဏ၌ ငှက်များကောင်းကင်၌ ပျံသွားခြင်းမရှိ။)

(၂၂)။တသုန်သုန် တသွင်သွင် အစဉ်မပြတ် စီးသွားစုန်ဆင်းမြဲဖြစ်သော မြစ်ရေအယဉ်တို့သည် အရှင်က ငေါက်၍ ကြောက်ရွံ့ရပ်နားသည့် ကျွန်အလား စီးသွားစုန်ဆင်းခြင်းမရှိဘဲပကတိရပ်တန့်ငြိမ်သက်၍ ရပ်နေကုန်၏။

(၂၃)။မဟာသမုဒ္ဒရာ၌ ပကတိက ငန်သည့် အရရှိသော ရေသည် ထိုခဏ၌ ချိုမြိန်၍လာလေ၏။

(၂၄)။အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာ ကြာမျိုးငါးပါးတို့ ဖြန့်လွှားဖုံးကွယ်လျက်ရှိကုန်၏။(ရေကန် ရေအိုင်တိုင်း ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းအပ်သော ရေမျက်နှာပြင်ရှိ၏။)

(၂၅)။အလုံးစုံသော ကြည်းပန်း(ကုန်းပန်း) ရေပန်းတို့သည် ထိုခဏ၌ တစ်ပြိုင်နက်ပွင့်ကြကုန်၏။

(၂၆)။သစ်ပင်တို့၏ ပင်လုံးပင်စည်တို့၌ ခန္ဓ ပဒုမခေါ် ပင်စည်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။

(၂၇)။သစ်ပင်တို့၏ အခက်တို့၌ သာခါပဒုမ မည်သော အခက်ပန်းတို့ အဆန်းတကြယ်ပွင့်ကြကုန်၏။

(၂၈)။သစ်ပင်တို့၏ အနွယ်တို့၌ လတာပဒုမ မည်သော အနွယ်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။

(၂၉)။ဒဏ္ဍ ပဒုမမည်သော အရိုးတန်ပန်းတို့သည်လည်း ကုန်မြေတစ်ခွင် ကျောက်ဖြာအပြင် တို့ကို ဖောက်ထွင်းကာ ခုနစ်ဆင့် ခုနစ်ဆင့်ဖြစ်၍ ပွင့်ထွန်းပေါ်ပေါက်လာကုန်၏။

(၃၀)။ကောင်းကင်၌ ပဒုမာကြာပန်းတို့သည် အောင်သို့ တူရူ မျက်နှာ မူလျက် တွဲရရွဲ ဆွဲကြကုန်၏။

(၃၁)။အရပ်ထပ်ဝန်းကျင်မှ ပန်းမိုးတို့ တဖြိုးဖြိုး ရွာသွန်းကုန်၏။

(၃၂)။ကောင်းကင်၌ နတ်ဖြစ် တူရိယာတို့လည်း မတီးမမှုတ်ရဘဲ အလိုအလျှောက် အသံမြည်ကုန်၏။

ဇာတိခေတ်(ပဋိသန္ဓေ)နေစဉ် စကြာဝဠာ တိုက်ပေါင်း လောက ဓာတ် တစ်သောင်းသည် ဤဆိုအပ်ပြီးသည့် ပုဗ္ဗ နိမိတ်ကြီး အံ့ဖွယ်ကြီး(၃၂)တို့ဖြင့် တန်ဆာဆင်ရကား၊အလုံးပြု၍ လွှင့်ပစ်အပ်သော ပန်းလုံးကြီးကဲ့သို့လည်းကောင်း၊အပြည့်အကြပ် ကြားမလပ်အောင်ဖွဲ့အပ်သော ပန်းစည်းကြီးကဲ့သို့လည်းကောင်း၊တန်ဆာပြင်ဆင် ခင်းကျင်းအပ်သော ပန်းနေရာကြီးကဲ့သို့လည်းကောင်း၊ပန်းနှင့်ပန်းချင်းထပ်မျှရှိလျက် သားမြီးယပ်ဖြင့် တလွှဲလွှဲ ခတ်အပ်သည့်ပမာ ပန်းအထုံအခိုးနံ့သာတို့ဖြင့် ထက်ဝန်းကျင် ကြိုင်လှိုင်လျက် လွန်မြတ်သော ကြက်သရေအစုသို့ ရောက်လေတော့သည်။

ဒါက မြတ်စွာဘုရားရှင် ဖွားတော်မမူမီ ပဋိသန္ဓေနေစဉ်အခါ စကြာဝဠာတိုက်ပေါင်းမှာကြိုတင်ပြီး ဖြစ်ပေါ်လေ့ရှိတဲ့ ပုဗ္ဗနိမိတ်ကြီး(၃၂)ပါးဖြစ်ပါတယ်။

ကိုးကား။ ။နဝဓုတင်္ဂါစာရ မဟာထေရ်၏ ကမ္ဘာ့ဂန္ထဝင် သာသနာ့သင်ခန်းစာကျမ်းမှ အရေးအသားများသာဖြစ်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
Shared from Ma Sai Mon (FB)

No comments:

Post a Comment