မှန်လှပါပေ၏ ။ အရှင်စူဠပန်ထေရ် သည် ရှင်ဘုရင်ဖြစ်
စဉ် ဘဝတစ်ခုက မြို့ပြလှည့်လည် စဉ် နဖူးမှ ချွေးထွက်၍ အဝတ်ဖြင့်သုတ်ရာ ခန္ဓာကိုယ် အညစ်အကြေးကြောင့် အဝတ်၌ညစ်ထေး ပေကျံ သွားသည်ကို ကြည့်၍ စိတ်၌ ညစ်ညူးကာ အမှတ်မထင် အနိစ္စသညာဖြစ်ခဲ့ဖူး၏ ။ မပြောပလောက်ချေ။ စူဠပန်ဘဝတွင် ထိုးအမှတ်မထင် မပြောပလောက်သော အကြောင်းက “ရဇောဟရဏ” ကမ္မဋ္ဌာန်း တစ်ပုဒ်ဖြစ်လာ၍ အဘိညာဉ်နှင့်တကွ ရဟန္တာဖြစ်တော်မူလာရ၏။
မိစ္ဆာဒိဋ္ဌိ မဋ္ဌကုဏ္ဍလီ သတို့သား ဘုရားဆွမ်းခံကြွလာသည်ကို သေခါနီး လျှပ်တစ်ပြက်မျှ မြင်လိုက်ရရုံဖြင့် နတ်သားဖြစ်ရသည်။
ခြေလှမ်းတိုင်း ကြာပန်းခံ၍ တောင်ညာစံ ဖြစ်ခဲ့ရသော ပဒုမဒေဝီ လည်း ပစ္စေကဗုဒ္ဓါအား ကြာပန်းလှူသော ကောင်းမှုအကျိုးဖြစ်သည်။ မိဖုရားအများ မနာလို၍ မိဖုရားရာထူးကျကာ တောတွင်း၌ ဆင်းရဲစွာ နေခဲ့ရသည်မှာလည်း ကြာပန်းလှူစဉ်က “အရှင်မြတ်အား ကြာပန်းအသုံးဝင်မည် မဟုတ်” ဟု ထင်ကာ ပြန်၍ယူလိုက်ပြီးမှ ပြန်လည်လှူသော်လည်း “အပရစေတနာ” တွန့်ဆုတ်သွားခဲ့မိသော “လျှပ်တစ်ပြက် စိတ်ကလေး၏ စွမ်းအင် ” ပင်တည်း ။
ထို့ကြောင့် ကျေးဇူးရှင် ဝေဘူဆရာတော်ကြီးက “ စိတ်ဖြစ်တိုင်း မရှုမှတ်နိုင်လျှင် လက်ဖျစ်တစ်တွက် တစ်တွက် အချိန်တိုင်း ကုဋေတစ်သိန်းတစ်သိန်း ကြွေးထပ်တင် ခံရတတ်တယ်” ဟု မိန့်တော်မူသည်။
လျှပ်တစ်ပြက်မျှသာ ဖြစ်၍ ဖြစ်၍ ပျောက်ဆုံးငုပ်ကွယ်သွားပြီဟု ထင်ရသော်လည်း ကောင်းမကောင်း စိတ်ကူးအကြံအစည်မအျားကို စိတ္တနုပဿနာဖြင့် မရှုမှတ်နိုင်ပါက အစွဲနာလျှင် နာသလောက် တစ်ချိန်ချိန်တွင် အကျိုးသက်ရောက် တတ်ပေ၏ ။ ထို့ကြောင့်လည်း မေတ္တာအကျိုး စသည်ကိုပြရာ၌ “နွားနို့ တစ်ညှစ်ခန့် ၊ တစ်ရှူ တစ်ရှိုက်ခန့် ၊ လက်ဖျစ်တစ်တွက် ၊လျှပ်တစ်ပြက် ၊ မျက်စိတစ်မှိတ်ခန့် ” တို့ဖြင့် တိုင်းတာ ဟောပြောတော်မူသည်ကို သတိပြု၍ ကောင်းဆိုးနှစ်တန် စိတ်ကူး အကြံမျှကိုပင်လျှင် သေးငယ်သည်ဟု အအောက်မေ့ရာ ၊ ဝစီကံ ၊ ကာယကံ တို့ကား ဆိုဖွယ်ရာမရှိပြီ ။
အာရုံနှင့် အာရမ္မဏိက ပေါင်းဆုံ ထိခိုက် မှု (ဖဿ) ကြောင့် ကောင်း - မကောင်း ခံစားမှု (ဝေဒနာ) ဖြစ်ပေါ်လာရာ ထိုခံစားမှုကို ရှုမှတ်ပစ်ရသည်။ မရှုမှတ်မိပါက တဏှာသို့ကူး၍ ဥပါဒါန်ဘဝ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် လည်တော့၏ ။
ပဋ္ဌာန်းအမြင် ဝီထိစိတ်အစဉ်အရ ဝုဋ္ဌော၏ အခြားမဲ့ဇောသို့ အကူးမခံရ ။ ရှုပါရုံစသည်ကို ဝင်လာလျှင် ကောင်းမကောင်း စဉ်းစား၍ အရသာခံမှု (ဇော) မဖြစ်မီက သတိဖြင့် ရှုမှတ်ပစ်ရ၏ ။ ဇောအဖြစ်သို့ရောက်လျှင် ဇော၏ရိုက်ခတ်မှု အရှိန် အနည်းအများအလိုက် ဒိဋ္ဌဓမ္မစသည် အကျိုးပေးတော့မည်။ ပထမ ဇောအခိုက်၌ ရာဂစိတ်ဖြစ်သည်ဟု သိလျှင် သိသည်နှင့် တပြိုင်နက် ဒုတိယဇောက နေ၍ သတိဖြင့် ရှုမှတ် ဖြတ်ချရမည်။ “နိုင်နင်းလာပါလျှင်” သတိဖြစ်ရသည်ကမှ ကြာသေးသည် ။ ပယ်စွန့်နိုင်မှုက မြန်၏ ဟူ၍ ( သဠာယတန - ဒုက္ခဓမ္မသုတ်ပါဠိ အဋ္ဌကထာတို့၌) ဟော ကြားဖွင့်ဆိုကုန်၏ ။
ထိုထို သုတ္တန် ပါဠိတော်တို့၌ “ ရှုပါရုံစသည်ကိုမြင်လျှင် အသေးစိတ်မလိုက်ရ ၊ မြင်ကာမတ္တသာ ရပ်ရမည် ။ ယောဂီကား ရုပ်နာမ်တရားတို့ ဖြစ်ပေါ်သမျှကို သတိဖြင့် အမြဲတမ်းကပ်၍ ရှုမှတ်သိမြင်နေလျှင် ကိစ္စပြီးတော့သည် ။
ဓမ္မာစရိယဦးဌေးလှိုင်ရေးသားပူဇော်သော ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်မှ ထုတ်နှုတ်တင်ပြပါသည်။
*****တရားအသိဥာဏ်များတိုးပွါးနိုင်ကြပါစေ*****
***မေတ္တာဖြင့်***
Shared from Ma Aye Aye Cho (FB)
No comments:
Post a Comment