Tuesday, November 27, 2012

နေရာ

မကြာခင် အခုနေရာကနေ အခြားတစ်နေရာကို ပြောင်းရွှေ့ရတော့မယ်လို့ ပြောသံတွေကြားနေတော့ နေရာ အကြောင်းလေးတွေ ဆက်တွေးမိတယ်။ ရန်ကုန်ရောက်တော့ အန်တီသစ္စာအလင်း (ဒေါက်တာသန်းသန်းစိန်) နဲ့တွေ့ပြီး စကားတွေပြော၊ အန်တီတိုက်တဲ့ သရက်သီးဖျော်ရည်သောက်လို့ အချိန်ကုန်ခဲ့ရတယ်။ အန်တီက ဆရာတော်ဦးသာဓိန ဆီ သွားဖို့ တိုက်တွန်းတာနဲ့ပဲ ဆရာတော်ကျောင်းကို ရောက်ဖြစ်တယ်။ ဆရာတော်နဲ့ အတိတ်တုန်းက အကြောင်း၊ အခု အခြေအနေတွေ အကြောင်း ဆက်စပ် ပြောဖြစ်ခဲ့ကြတယ်။

ဟိုအရင်ကတော့ ကျောင်းပညာရေးသပ်သပ် ဖြစ်နေတာမလို့ တရားအလုပ်ကို တစိုက်စိုက်မတ်မတ် လုပ်ကိုင်နိုင်ကြတယ်။ အခုအချိန်မှာ တာဝန်ယူနေရတဲ့ အပိုင်းတွေ ရှိနေကြလို့ အရင်လို မလုပ်ဖြစ်တော့တဲ့ အကြောင်း၊ မခိုင်မြဲတဲ့အတွက် ပြောင်းလဲသွားတတ်တဲ့ အကြောင်းလေးတွေပြောရင်း ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မိတာ အကြိမ်ကြိမ်ပါပဲ။

လွန်ခဲ့တဲ့နှစ်က မနှစ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေခဲ့ရတယ်။ နေ့စဉ် မနက်မိုးလင်းကစလို့ စိတ်မချမ်းမြေ့စရာနဲ့ပဲ ကြုံရတယ်။ တခါတလေတော့လည်း လောကဓံတရားလို့ အမြဲနှလုံးသွင်းပြီး စိတ်ကျေနပ်အောင် နေတတ်ပေမယ့် တခါတလေကျတော့လည်း ညစ်နွမ်းမိတယ်။ ကိုယ့်စိတ်ဘာဖြစ်နေလဲဆိုတာတော့ သတိလက်လွတ် မဖြစ်သွားခဲ့ပါဘူး။ တခါတလေ အန်တီသစ္စာအလင်းဆီ ဖုန်းဆက်ပြီး သားကိုတရားဟောပါဦးလို့တောင် ပြောမိတယ်။ အန်တီကပြောတယ်။ တချိန်က တကယ့်စာမေးပွဲ ဖြေတာမဟုတ်သေးဘူးတဲ့။ အခုမှ တကယ့်စာမေးပွဲ ဖြေနေရတာ။ အရင်က ကျက်မှတ်ခဲ့တာတွေကို အခုမှ ပြန်ဖြေရတာတဲ့။ အခုတော့ တကယ်ဖြေနိုင်အောင် သားကြိုးစားနေပါလို့ အသိပေး ပြောခဲ့ဖူးတယ်။

အတူတူနေကြတဲ့ အစ်ကိုတစ်ယောက်က ပြောကြတယ်။ ရောမရောက်ရင် ရောမလိုကျင့်လိုက် ညီလေးတဲ့။ အဲဒါနဲ့ “ကောင်းတဲ့နေရာရောက်လို့ ကောင်းတာတွေကို လိုက်ကျင့်ရရင် တော်သေးတာပေါ့။ မကောင်းတဲ့နေရာကို ရောက်လို့ မကောင်းတာတွေကို လိုက်ကျင့်ရင်တော့ ဘ၀တွေ ခါးသီးရတော့မယ်” လို့ ပြန်ပြောမိခဲ့တယ်။ “မသင့်တော်တဲ့နေရာကို ရောက်နေခဲ့ရင်တောင် သင့်တော်တဲ့အကျင့်တွေကို ဖျောက်မပစ်ပါနဲ့” လို့ မှာကြားဆုံးမတော်မူတဲ့ ဆရာတော်အရှင်ဆေကိန္ဒရဲ့ တရားစကားကို နားထဲမှာ အထပ်ထပ်ကြားယောင်ခဲ့ပါတယ်။

တခါတလေတော့လည်း ဘ၀မှာ မိမိနှစ်သက်တဲ့ ပတ်ဝန်းကျင်ရောက်ရင်ပျော်လိုက်၊ မနှစ်သက်တဲ့ ပတ်ဝန်းကျင် ရောက်တော့ စိတ်ညစ်လိုက်နဲ့ ရောထွေးနေတာပါပဲ။ သံသရာအနေနဲ့ ကြည့်ရင် သုဂတိဘ၀အဖြစ်နဲ့ ကျင်လည်လိုက် ဒုဂ္ဂတိဘ၀အဖြစ်နဲ့ ကျင်လည်လိုက်နဲ့ ဘ၀သံသရာ လည်နေကြရတာပါ။ မိမိရောက်နေတဲ့ နေရာကို ပြန်ကြည့်လိုက်တော့ သံသရာခရီးမှာ ရွေးချယ်ရမယ့် လမ်းတွေရဲ့ လမ်းဆုံလေး တစ်ခုအဖြစ် မြင်ယောင်လာမိတယ်။ လူ့ဘ၀မှာ ကျင့်ကြံအားထုတ်နိုင်ခွင့်ရှိတာကို။ ဒါ့ကြောင့်လည်း ဗုဒ္ဓမြတ်စွာက လူ့ဘ၀ရဖို့ ခဲယဉ်းကြောင်း ဟောတော်မူခဲ့ခြင်းပဲ လို့ ယုံကြည်မိပါတယ်။

အခုဆို တို့ဘ၀တွေလည်း သက်တမ်းတစ်ဝက်နီးပါး ရောက်နေပြီပေါ့။ ကံကောင်းလို့ ကျန်နေတဲ့ လက်ရှိအချိန်နဲ့ မိမိတို့ နှစ်သက်ရာ ကျင့်ကြံအားထုတ်နိုင်တဲ့ နေရာမှာ ဘယ်လို နေထိုင်သွားကြမလဲ စဉ်းစားသင့်တယ်။ ခက်တာက တရားအလုပ်ဆိုတာနဲ့ ဆရာစွဲတွေ နည်းစနစ်စွဲတွေ ဝေဖန်နေတာနဲ့ လိုရင်းကို မရောက်နိုင်ကြဘူးဖြစ်နေတယ်။ တရားအကြောင်း ဆွေးနွေးရင် ငြင်းခုန်ချင်ကြတာ။ ကိုယ်ပြောတာမှ အမှန်၊ ကိုယ်ကြံတာမှ အဟုတ်လို့ စွဲကိုင်ချင်ကြတာ။ စာပေလေ့လာ၊ တရားနာတာကို ထိုင်ပြီးအားထုတ်တာလောက် ခရီးမရောက်နိုင်ဘူးလို့ ယူစွဲတာ စသဖြင့် ကြုံတွေ့ဖူး ပါတယ်။


ငြင်းခုန်တာနဲ့ ပတ်သတ်လို့ -

ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။

ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထို မသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်း နိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။ ဟု ဗုဒ္ဓမြတ်စွာက မိန့်ကြားတော်မူခဲ့ပါတယ်။

တချို့က ငြင်းရခုန်ရတာ၊ ကုတ်ကပ်ပြောရတာ၊ အနိုင်ယူပြောချင်တာ ၀ါသနာဖြစ်နေတယ်။ သတိရှိစေဖို့ပါ။

အမှန်တော့ တို့တွေအားလုံး (၇)ရက် (၇)လီ မိုးမှောင်ကျနေတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သတ္တ၀ါတွေနဲ့ တူပါတယ်။ မိုးမှောင်ကလဲကျ အလင်းရောင်ဆိုတာလဲ မရှိတဲ့ တောကြီးထဲမှာ ထွက်လမ်းကို ရှာကြရမှာက တို့အားလုံးရဲ့ အလုပ်ပါ။ မှောင်နေတဲ့ အတွက် လမ်းတွေ့ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ အဲဒီအချိန်မှာ လျှပ်စီးလေးတချက် လက်လိုက်တဲ့ အချိန်မှာ တို့တွေအတွက် တောထဲက လွတ်မြောက်နိုင်မယ့် လမ်းစကို တွေ့လိုက်တာပါပဲ။

ဒီသဘောတရားလေး အတိုင်းပါပဲ။ တို့တွေအားလုံးက ၃၁ ဘုံဆိုတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေ တဲ့ သူတွေပေါ့။ ဘုရား အဆူဆူပွင့်ခဲ့သော်လည်း သာသနာနဲ့ မတွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်၊ တွေ့ကြုံခဲ့သော်လည်း သာသနာကို ကျောခိုင်းခဲ့သူတွေ ဖြစ်ခဲ့တာကြောင့် ယနေ့တိုင် ဘ၀တွေရပြီး ဒုက္ခတွေနဲ့ တွေ့ကြုံနေရတာပါ။ ဓမ္မအလင်းရောင်နဲ့ ဝေးခဲ့ရတာပေါ့။ ဒါကြောင့် မိုးမှောင်ကျနေတဲ့ ညအချိန်ကြီးက ရှည်လျားခဲ့ပါပြီ။ ယခုလို သာသနာတော်နဲ့ တွေ့ကြုံလိုက်တာသည် လျှပ်စီးလက်လိုက်တဲ့ အချိန်ပမာဏမျှသာ ရှိပါတယ်။ ကျန်တဲ့အချိန်က သာသနာကွယ်နေတဲ့ အချိန်တွေနဲ့ တူပါတယ်။

လျှပ်စီးလက်တာကို မြင်လိုက်တဲ့ သူက တောထဲမှာရှိတဲ့ ချောက်၊ သစ်ပင်၊ ချုံ၊ ထွက်လမ်း စသဖြင့် သိလိုက်သလို၊ ဒါတွေက ကုသိုလ်၊ ဒါတွေက အကုသိုလ်၊ ဒါတွေက အပါယ်လမ်း၊ ဒါတွေက သံသရာက လွတ်လမ်း ဆိုတာကို သိခွင့်ရတာလည်း သာသနာနဲ့ကြုံရပြီး သိနားလည်နိုင်တဲ့ နေရာမှာ ရောက်နေလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းသိတဲ့ သူက ခရီးသွားတွေကို နှိုးဆော်ပြောပြသလို တရားဓမ္မကို သိမြင်သူတွေကလဲ သံသရာခရီးသွားတွေကို အချင်းချင်းသတိပေး တိုက်တွန်းခြင်းပါ။ တို့တွေ လျှပ်စီးအလင်းရောင်နဲ့ တူသော ဘုရှားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နာကြားလိုက်နာပြီး သံသရာကလွတ်လမ်းကို လျှောက်လှမ်းကြရမှာပါ။ အဲဒီလမ်းကတော့ မဂ္ဂင်လမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စီ သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ကြည့်ပြီး လျှောက်လှမ်းကြဖို့ အသိပေးပါတယ်။

တန်ဖိုးရှိတဲ့ လူ့ဘ၀နေရာမှာ လူတိုင်း အခွင့်အရေး ကိုယ်စီရှိကြပါတယ်။ အဲဒါကတော့ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားပိုင်ခွင့်ပါ။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားပိုင်ခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံစားရပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ကောင်းမှုအတွက် အသုံးချသူဟာ ခံစားပိုင်ခွင့်ကိုလည်း ကောင်းမှုအကျိုး ခံစားရပါတယ်။ ဒါသည် သမ္မာဒိဌိငါးမျိုးအနက် အခြေခံ ကမ္မဿကတာ သမ္မာဒိဌိ (ကံ၊ ကံ၏အကျိုး) ရဲ့ လမ်းစဉ်မှန်ပဲ ဖြစ်ပါတယ်။

သံသရာတစ်ခုလုံးနဲ့ ယှဉ်ရသော် နေရာကောင်းတစ်ခု အကြောင်းပြုလို့ အသက်ရှင်တုန်း၊ ဉာဏ်ရွှင်တုန်းမှာ ဘ၀ခရီးကို မှန်ကန်သောရွေးချယ်မှုနဲ့ နေထိုင်သွားတတ်ဖို့ပါပဲလို့ ကိုယ့်ကိုကိုယ် သတိပေးနေပါတယ်။

အားလုံးသတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြပါစေ…


အောင်ဦး

(ချွတ်ချော်မှားယွင်းမှုများပါခဲ့သော် အပြစ်ဖော်ပြ ဆုံးမပေးပါရန် တောင်းပန်ပါတယ်)

Shared from Aung Oo (FB)

No comments:

Post a Comment