Wednesday, November 14, 2012

အစားစာကြောင့် ကုသိုလ်ဖြစ်ပုံနှင့် အကုသိုလ်ဖြစ်ပုံ

ကောင်းမွန်တဲ့ အစားစာများကို တွေ့ကြုံတဲ့အခါ ရဟန်းသံဃာ ဆရာမိဘ စသည်တို့ကို ကျွေးချင်သောစိတ်ဖြင့် သတိရသော် အစား အစာကြောင့် စိတ်ထဲမှာ ကုသိုလ်ဖြစ်ပါတယ် ။ စားကြပါ ၊ သောက်ကြပါ စသည်ဖြင့် ပြောမိသောအခါ နှုတ်ထဲမှာ ကုသိုလ်ဖြစ်ပြန်တယ် ။ ကြည်ကြည်ဖြူဖြူ နှင့် အစားအသောက် ကျွေးမွေးလှူဒါန်းရန်အတွက် ကိစ္စကြီးငယ်များကို ဆောင်ရွက်တဲ့အခါ ကိုယ်ထဲမှာ ကုသိုလ်ဖြစ်ပြန်တယ် ။ အထူးသဖြင့် အစားအသောက်ကို စားတိုင်းသောက်တိုင်း စားတယ်၊ စားတယ် ၊ ၀ါးရင်လည်း.. ၀ါးတယ်၊ ၀ါးတယ် ၊ မျိုရင်လည်း.. မျိုတယ် ၊ မျိုတယ်၊သောက်ရင်လည်း.. သောက်တယ် သောက်တယ် ၊ စားနေဆဲ ၊သောက်နေဆဲမှာ ပစ္စုပ္ပါန်အခိုက်အတန့် ကျကျ မှတ်၍ မှတ်၍ စားသောက်ရင် အလွန်တန်ဖိုး ရှိတဲ့ ၀ိပဿနာကုသိုလ်စိတ်ဖြစ်ပါတယ်။ မှတ်ခါစ အရှိန်မရသေးသူ ခြောက်ကပ်ကပ်နှင့်
မည်သည့် အရာမျှ အကျိုးမပြီးစီး အချည်းနှီးသာဖြစ်တယ် ထင်ရပေမယ့်လည်း သဘောရင်း အမှန်မှာ အလွန်ထူးမြတ်တဲ့ ကုသိုလ်ကို ရနေပါတယ်။

ဥပမာ ။ ။ ရွှေရှိတဲ့ မြေကြီးကို ကျုံးပြီး ရွှေကျင်တဲ့သူမှာ အစပိုင်းမှာတော့ မြေကြီးကို ကျုံးအခါစ ရွှေကို မမြင်ရပေမယ့် မြေကြီးထဲမှာ ရွှေရှိတယ်ဆိုတာကတော့ သေချာပါတယ် ။ တစတစရွှေရအောင်  ကျင်ထုတ်လိုက်တဲ့အခါ ရွှေမှုံ့ ရွှေခဲတွေကို မြင်ရမှ ၀မ်းသာခြင်းဆိုတဲ့ပီတိဖြစ်ခဲ့တယ် ။ အဲဒီလိုဘဲ စားနေတဲ့ခိုက် ၊ ၀ါးနေတဲ့ခိုက် မှတ်ခါစ အချိန်မှာလည်း မြေထဲမှာရွှေပါသလို အမှတ်ထဲမှာ အလွန်အဖိုးတန်တဲ့ဝိပဿသနာ ဉာဏ်ရှိနေပါတယ် ။ အမှတ်မသန့်ရှင်းသေးတဲ့အတွက်ကြောင့်သာ သိသာထင်ရှားမှု မဖြစ်ပေမယ့် အမှတ်သန့်ရှင်းတဲ့အခါမှာ သိသာထင်ရှားလာပါလိမ့်မယ်။

အစားအစာကြောင့်အကုသိုလ်ဖြစ်ပုံကတော့ ............. အစားအစာနှင့် ပတ်သတ်ပြီး အလွန်အကောင်းကြိုက်ပြီး လောလုပ္ပတဏှာ နှင့် မိမိသာ စားချင်ပြီး သူတပါးစားမည့်ကို မနာလိုသော အရေးနှင့် တွေးမိတိုင်း တွေးမိတိုင်း စိတ်ထဲမှာ အကုသိုလ်ဖြစ်တယ်။ အစားအသောက်ပေါ်မှာ သာယာတက်မက် မှု နှင့် လောဘစိတ်ဖြစ်နေရင်လည်းအကုသိုလ်စိတ်ဖြစ်ပြန်တယ် ။ အဲဒီစိတ်ကို အရင်းခံပြီး ပြောတိုင်း ပြောတိုင်း နှုတ်ထဲမှာ အကုသိုလ်ဖြစ်ပြန်တယ် ။ ပြုမူ ဆောင်ရွတ်တိုင်း ဆောင်ရွတ်တိုင်းမှာလည်း ကိုယ်ထဲမှာ အကုသိုလ်ဖြစ်ပြန်တယ်။ အစားအစာကြောင့် အကုသိုလ်ဖြစ်တဲ့
သဘာဝကတော့ အစာငတ်သူတွေ ၊ ရှားပါးသူတွေများမှာ ဖြစ်များကြပါတယ်။ အစားအစာနဲ့ပတ်သတ်ပြီး
ကုသိုလ်စိတ်ဖြစ် ဆင်ခြင်စားသောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
ထားဝယ်ဆရာလေး
Shared from Ma Moenge Aung (FB)

No comments:

Post a Comment