Friday, January 4, 2013

ပြုံးတဲ့ ကြယ်စင်



(စာရေးသူ – ဘုန်းထစ်ချုန်း)

ကျောင်းကနေ အိမ်ပြန် ရောက်တော့ ဧည့်ခန်းထဲမှာ မေမေနဲ့ ဘယ်က မှန်းမသိတဲ့ လူသုံးယောက်ကို တွေ့တယ်။ အဲဒီ လူသုံးယောက်က လေးဆယ်ကျော် အရွယ် ယောက်ျားကြီး နှစ်ယောက်နဲ့ ငါးနှစ်အရွယ် ကောင်လေးငယ် တစ်ယောက်။ မေမေက ကျွန်တော့်ကို တွေ့တော့ “သားရေ လာပါဦး။ ဒီမှာ မင်းအဖေရဲ့ အမွေတဲ့ကွယ်” တဲ့။ ဘာအမွေလဲ။ ဖေဖေ့ဆီက ဘာအမွေမှ ကျွန်တော် မလိုချင်ပါဘူး။ မေမေ့ မျက်နှာကို သေချာ ကြည့်လိုက်မိတော့ မျက်နှာကြော အတော် တင်းနေတယ်။ ဘာပြဿနာ ပေါ်နေတာ ပါလိမ့်။ မေမေ့ နားမှာ ကျွန်တော် သွားထိုင်လိုက်တယ်။ ဧည့်သည် ယောက်ျားကြီး နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး “သားက ဦးမျိုးခန့်ရဲ့သား မင်းမျိုးခန့်လား”တဲ့။ “ဟုတ်ပါတယ် ခင်ဗျ” “သြော် အေးအေး ဒီအရွယ်တောင် ရောက်နေမှကိုး။ သားကို ငယ်ငယ်လေးတုန်းက ဦး မြင်ဖူး ပါတယ်။ ဦးက သားဖေဖေရဲ့ မိတ်ဆွေ တစ်ဦးပါ။ အခု ဦးတို့နဲ့ ပါလာတဲ့ ဒီကလေးက သားဖေဖေရဲ့ နောက်အိမ်ထောင်က ကလေးပါကွယ်။ နေမျိုးခန့် လို့ခေါ်တယ် သားညီလေးပေါ့”

ဧည့်သည်ရဲ့ စကားကြောင့် အတူပါလာတဲ့ ကလေးကို ကျွန်တော် အံ့အားသင့်စွာ စူးစိုက် ကြည့်လိုက်တယ်။ ရုပ်ကလေးက သနားကမား။ သူ့မျက်လုံးတွေကတော့ ဖေဖေ့ မျက်လုံးတွေနဲ့ ချွတ်စွပ်ပါလား။ ဒီကလေးက ကျွန်တော့် ညီလေးတဲ့လား။ ကောင်လေးက ကျွန်တော့်ကို သုန်သုန်မှုန်မှုန်နဲ့ ပြန်ကြည့် နေတယ်။ သူ့ကို ကြည့်ရင်း သွားလေသူ အဖေ့ကို မြင်ယောင် လာမိတယ်။ ရင်ထဲက ဆန်တက်လာတဲ့ နာကျင်မှုကြောင့် ကျွန်တော့် မျက်လုံးတွေ မှုန်မှိုင်း ရီဝေ လာတယ်။ ကောင်လေးက ကျွန်တော့်ကို ကြောက်လို့ ထင်ပါရဲ့။ မျက်လွှာလေးချပြီး ခေါင်းလေးငုံ့သွားတယ်။

ဖေဖေ့ဆီမှာ နောက်အိမ်ထောင်နဲ့ ကလေး တစ်ယောက် ရှိတယ် ဆိုတာတော့ ကျွန်တော် သိပြီးသား။ ဒါပေမယ့် ဖေဖေ နောက်အိမ်ထောင် ပြုပြီး နောက်ပိုင်းမှာ ကျွန်တော်ဟာ ဖေဖေနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု သိပ်မရှိ တော့ဘူး။ ကျွန်တော့် မိသားစု ဘ၀ထဲကနေ ဖေဖေ ထွက်သွားခါစက ကျွန်တော် သုံးတန်း ကျောင်းသားပဲ ရှိသေးတာ။ အခု ကျွန်တော် ဆယ်တန်း ရောက်နေပြီ။ “အခု ဒီကလေးက မှီခိုရာ မဲ့နေလို့ သားရေ။ သားဖေဖေ မရှိတော့တဲ့နောက် သူ့အမေကလည်း မိခင် ပီပီ ရုန်းကန်ရှာဖွေ ကျွေးမွေးခဲ့တာပါပဲ။ သူ့အမေကလည်း ဆွေမရှိ၊ မျိုးမရှိ ဆိုတော့ အမေတစ်ခု သားတစ်ခု နေခဲ့ကြတာ။ လွန်ခဲ့တဲ့ လမှာတော့ ကလေးအမေဟာ ကားတိုက်ပြီး ဆုံးသွားရှာတယ်ကွယ်။ အဲဒီတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ကျန်ရစ်ခဲ့တဲ့ ဒီကလေးကို ဦးတို့က တတ်နိုင်သလောက် ကြည့်ရှု စောင့်ရှောက်ကြဖို့ ဆုံးဖြတ်တာပေါ့။ ဒါပေမယ့် ဒီကလေးနဲ့ ပတ်သက်ပြီး ရေရှည် စဉ်းစားကြည့်တော့ သူနဲ့ ညီအစ်ကို တော်တဲ့ သားတို့ဆီမှာ ထားတာက အသင့်တော်ဆုံးမို့ ကလေးကို ဦးတို့ လာအပ်တာပါ။ ကလေးနဲ့ ပတ်သက်တဲ့ မွေးစာရင်း စာရွက် စာတမ်းတွေလည်း ပါပါတယ်။။ သူက သားရဲ့ ညီလေးပဲဆိုတော့ သားလည်း ချစ်မှာပဲလေ”

အိုဗျာ မချစ်နိုင်ပါဘူး။ ဖေဖေ့ကို ကျွန်တော် လက်လွှတ် ဆုံးရှုံးရတာ သင်းတို့ကြောင့်ပဲ မဟုတ်လား။ ဖေဖေရဲ့ မေတ္တာတွေကို လုယူ သွားတဲ့ သင်းတို့ လက်ထဲမှာ ဖေဖေကရော ပျော်နေခဲ့လို့လား။ “ဦးမျိုးခန့်က ဒုတိယ အိမ်ထောင်နဲ့ကျမှ အရက်သမားကြီးလုံးလုံး ဖြစ်လို့”ဆိုတဲ့ စကားသာ ဖေဖေ့ သမိုင်းမှာ အဖတ်တင်တယ် မဟုတ်လား။ စိတ်ညစ်လို့ အရက်သောက်တတ်တဲ့ ဖေဖေက အရက်က သူ့ကို ပြန်သောက် လာတော့ သက်ဆိုး မရှည်ရှာပါဘူး။ မနှစ်ကပဲ ဖေဖေ ဆုံးတယ်။ ဖေဖေ့ အသုဘကို မေမေက လုံးဝ မသွားပါဘူး။ မာနတရားကို အသက်ထက်ချစ်တဲ့ မေမေဟာ ဖေဖေ ဆုံးပြီဆိုတော့ ၀မ်းနည်းဖို့ နေနေသာသာ “ငါ့အပေါ်မှာ သစ္စာမဲ့တဲ့လူဟာ ဘယ်တော့မှ အသက် မရှည်ပါဘူး” ဆိုတဲ့စကားကို ပကတိ မျက်နှာထားနဲ့ ဆိုခဲ့တာ။ မေမေ့ ရင်ထဲမှာ ရှိတဲ့ အမုန်းတရားတွေက ဖေဖေ့ အပေါ် တယ်လည်း ကြီးတာကိုး။

ကျွန်တော်ကတော့ ဖေဖေရဲ့ နောက်ဆုံး ခရီး ကို သားကောင်း တစ်ယောက် အနေနဲ့ ကျေကျေ ပွန်ပွန် လိုက်ပို့ခဲ့တယ်။ ဖေဖေ့ အုတ်ဂူရှေ့မှာလည်း ဆို့နင့်ကြေကွဲတဲ့ နှလုံးသားနဲ့ ဖေဖေဆိုတဲ့ ဝေါဟာရကို ဆွဲဆွဲငင်ငင် မြည်တမ်းပြီး ၀မ်းပန်း တနည်း ငိုကြွေး မိခဲ့သေးတယ်။ ဖေဖေ့ကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူး ဆိုတဲ့ အမှန်တရားရဲ့ သေချာမှုမှာ ကျွန်တော် ခံနိုင်ရည် ကင်းမဲ့ခဲ့တာလေ။ မေမေက ဖေဖေ့ကို ကွာရှင်း စာချုပ်မှာ လက်မှတ် ထိုးခိုင်းတဲ့ နေ့က ဖေဖေ ပြောခဲ့တဲ့ စကားကို ကျွန်တော် အခုထိ မှတ်မိနေသေးတယ်။

“ဖေဖေ့ရဲ့ တစ်ဒင်္ဂ အမှားကြောင့် ဖေဖေ အိမ်ထောင်ပျက်ရတဲ့ အဆင့်ထိရောက်တာ သိပ်ဝမ်းနည်းတယ်။ ဘာပဲဖြစ်ဖြစ် ဖေဖေ့ ရင်ထဲမှာတော့ သားမေမေနဲ့ သားဟာ အမြဲတမ်း အနက်ရှိုင်းဆုံး တည်ရှိနေမှာပါ”တဲ့။

မေမေ့ ရင်ထဲမှာတော့ ဖေဖေ့အတွက် အမုန်းတရားတွေက လွဲလို့ ဘာမှ ရှိတော့ဟန် မတူဘူး။ ဖေဖေပြောတဲ့ တစ်ဒင်္ဂအမှား ဆိုတာကို မေမေရဲ့ နှလုံးသားခုံရုံးက လုံးဝ ခွင့်လွှတ်ဖွယ် မရှိတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကြီး အဖြစ် ဆုံးဖြတ်ခဲ့ပြီး ပြစ်ဒဏ်အဖြစ် ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးခိုင်းခဲ့တာ။ ဖေဖေနဲ့ မေမေ တရားဝင် ကွဲကွာပြီး နောက်ပိုင်း ကျွန်တော့်ကို မကြာခဏ လာတွေ့တတ်တဲ့ ဖေဖေ့ကို “ရှင့်ကို မမြင်ချင်ဘူး။ သားဆီလည်း မလာပါနဲ့။ ကျွန်မ သားကို ရှင့်လို သစ္စာမဲ့တဲ့ လူမျိုးဖြစ်မှာ စိုးလို့”ဆိုတဲ့ စကားနဲ့ ကြိုဆိုတတ်ခဲ့တာ။ ဖေဖေလည်း နောက်မလာ တော့ပါဘူး။ သူနဲ့ ပတ်သက်ခဲ့မိတဲ့ မိန်းမနဲ့ အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့ သတင်းပဲ ကြားလိုက်ရတော့တယ်။ ကျွန်တော်လည်း ဖေဖေ့ကို စိတ်ကုန်သွားတယ်။ ကျွန်တော့် ဘ၀ထဲကနေ ဖေဖေ့ကို နုတ်ချလိုက်တယ်။ မေမေပဲ ကျန်တော့တာပါ။ ဒီတော့ မေမေ့ကိုပဲ ချစ်တော့တယ်လေ။

ဟော အခု ဖေဖေ့ရဲ့ နောက်ထပ် မျိုးဆက်လေးဟာ ညီဆိုတဲ့ ချစ်ခံထိုက်သူ လူသားတစ်ယောက် အနေနဲ့ ကျွန်တော့် မျက်စိရှေ့မှောက်ကို ကျွန်တော့် ဖိတ်ခေါ်မှုမပါဘဲ အလိုလို ရောက်လို့လာပြီ။ ကိုယ့်အဖေရဲ့ သွေးသားဆိုတော့လည်း လက်မခံလို့မှ မကောင်းပဲ။ သူ့ခမျာ ဆွေမဲ့မျိုးမဲ့ ဖြစ်ရတော့မှာ။ အခုချိန်မှာ ကျွန်တော်က သူ့ရဲ့တစ်ဦးတည်းသော ဆွေမျိုး ရင်းချာလေ။ အင်းလေ… ညီဖြစ်လာမှတော့ မချစ်သော်လည်း အောင့်ကာ နမ်းရတော့မှာပေါ့။ ဒီတော့ ကျွန်တော်ကပဲ…

“မေမေရယ် သားညီလေး ဆိုတော့လည်း လက်ခံရမှာပေါ့”လို့ ပြောလိုက်တယ်။ မေမေက ကျွန်တော့်ကို မျက်မှောင်ကြုတ်ကြည့်ပြီး… “အေးလေ သားလက်ခံရင် ပြီးတာပါပဲ” တဲ့။ “ညီလေးကို ကျွန်တော်တို့ ဆီမှာ စိတ်ချ လက်ချထားခဲ့ပါ ဦး” “အေးကွယ် ဒီလိုဆို ဦးတို့ ပြန်မယ်နော်” “ဟုတ်ကဲ့”

ဧည့်သည်တွေ ပြန်သွားတော့ ကောင်လေးကို ကျွန်တော် ကောင်းကောင်း ကြိမ်းလိုက်တယ်။

“ဟေ့ကောင် ဒီနေ့ကစပြီး ငါ့ကို ကိုကိုလို့ ခေါ်ရမယ် ကြားလား။ ငါ့စကားကိုလည်း နား ထောင်ရမယ်။ အဲဒီလို မဟုတ်ရင်တော့ နာပြီ သာမှတ်”

“ဟုတ်ကဲ့ ကိုကို”

မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ သနားစရာ ကောင်းအောင်တော့ လုပ်တတ်သား။

ကျွန်တော်တို့အိမ်ကို ကောင်လေး ရောက်လာတာ တစ်ပတ် ရှိသွားပါပြီ။ သူ့ရဲ့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး အားလုံးကိုတော့ အိမ်ဖော်ဒေါ်ကြီးစိုးရဲ့ လက်ထဲ အပ်လိုက်တယ်။ ဒေါ်ကြီးစိုးက သူ့ကို အချိန်တန် ကျွေး၊ အချိန်တန် ရေချိုးပေးတယ်။ အိပ်တော့လည်း ဒေါ်ကြီးစိုးနဲ့ အတူအိပ်တာပဲ။
ကောင်လေးက ငြိမ်တော့ ငြိမ်ပါတယ်။ ဆော့လည်း မဆော့ဘူး။ သူ့ကြည့်လိုက်ရင် အမြဲတမ်း မျက်လုံးလေး ကလယ်ကလယ်နဲ့။ ဘာမှလည်း မပြောဘူး။ နားအေးတာပေါ့လေ။ ကလေးတစ်ယောက်ကို ပြောရဆိုရနဲ့ ထိန်းကျောင်းရတာ လွယ်တာမှတ်လို့။

ဒီနေ့ညတော့ ဒေါ်ကြီးစိုးက သူ့အိမ်သူ ပြန်သွားတယ်။ ဒေါ်ကြီးစိုးရဲ့ အစ်မ နေမကောင်း လို့ဆိုလား။ ဒီတော့ ဒီနေ့ညမှာ ကောင်လေးကို ကျွန်တော့် အိပ်ရာမှာပဲ သိပ်ဖို့ အခြေအနေက ဖြစ်လာတယ်။ မေမေနဲ့လည်း မဖြစ်ဘူးလေ။ မေမေက သူ့မျက်စိရှေ့ ကောင်လေး ရောက်လာတာတောင် ကြိုက်တာ မဟုတ်ဘူး။ ဖေဖေ့ မျက်လုံးနဲ့ တူတဲ့ ကောင်လေး မျက်လုံးတွေ ကြည့်ပြီး ဖေဖေရဲ့ ၀ိညာဉ် ပူးကပ်နေတဲ့ မှင်စာဆိုးလေးလို့တောင် ပြောထားတာ။ အခု ကျွန်တော့် အိပ်ရာထဲ ကောင်လေး ရောက်နေပြီ။ အချိန်က ည ၈ နာရီရှိပြီလေ။ ကောင်လေးက အိပ်တော့ မအိပ်သေးဘူး။ ထုံးစံအတိုင်း မျက်လုံးလေး ကလယ်ကလယ်နဲ့ပဲ။ ဒီကောင် အိပ်ရာထဲ သေးပေါက်တတ် သလားမသိ။ မေးကြည့်ဦးမှ။

“မင်း အိပ်ရာထဲ ရှူးရှူးပေါက်တတ်လား” ကောင်လေးက ခေါင်းခါတယ်။ “အေး ပြီးရော။ ပေါက်ရင်တော့ အသေပဲ ကဲ…. အိပ်တော့”

ကျွန်တော်က ဆယ်တန်းကျောင်းသား ပီပီ စာတွေ ကျက်ရဦးမယ်။ အရင်ဆုံး အိမ်စာ တချို့ကိုပြီးအောင် လုပ်နေလိုက်တယ်။ တအောင့်လောက်ကြာတော့ သင်းက အီခနဲ ငိုပါရောလား။

“ဟေ့ကောင် ဘာဖြစ်လို့ ငိုနေတာလဲ”

“မေမေ့ကို တွေ့ချင်လို့”

“ရော် ခက်ပြီ မင်းအမေကို မင်းဘယ်တော့မှ မတွေ့နိုင်တော့ဘူးလေ။ နောက်ဆို အမေကို မတွေ့ချင်နဲ့တော့ ကြားလား။ မင်း ငိုရင် ငါစာလုပ်လို့ ရမှာ မဟုတ်ဘူး နားလည်လား”

သူ့ပါးပေါ်က မျက်ရည်စတွေကို လက်ဖမိုးနဲ့ သုတ်ပြီး ခေါင်းညိတ်တယ်။

“ကဲ့ အိပ်တော့ ထပ်မငိုနဲ့တော့”

“ဟုတ်ကဲ့”

ဟင်း သင်းကို ချော့ရတာက အလုပ် တစ်လုပ်။ သူ့ကို ကျွန်တော့် အိပ်ရာထဲ သိပ်မိတာတော့ မှားပြီ ထင်ပါတယ်။ ဒေါ်ကြီးစိုးနဲ့ အိပ်တော့လည်း ဒီလိုပဲ ထငိုနေသလား မသိ။
ည ၁၁ နာရီလောက်မှာ ကျွန်တော် စာကျက်ပြီး သွားတယ်။ အိပ်ရာထဲ လှမ်းကြည့်လိုက်တော့ ကောင်လေးက ဟိုဘက်လှည့်ပြီး စောင်းအိပ် နေတယ်။ တော်သေးတာပေါ့။ အငိုတိတ်ပြီး အိပ်ပျော်သွားလို့။ နို့မဟုတ်ရင် စိတ်မရှည်တာနဲ့ သင်းကလေးတော့ မလွယ်ဘူးမှတ်။ ကျွန်တော် အိပ်ရာပေါ် တက်လိုက်တော့ သူ့ခန္ဓာကိုယ်လေး ရုတ်တရက် လှုပ်ရှားသွားတယ်။ ဟင် ဒီကောင် မအိပ်သေးဘူးလား။ သူ့မျက်နှာကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်တယ်။ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် အံ့အားသင့်သွားတယ်။ ကျွန်တော် တွေ့လိုက်ရတာက မျက်ရည် စီးကြောင်းတွေနဲ့ စိုစွတ်နေတဲ့ သူ့မျက်နှာလေးလေ။ မျက်လုံးလေးကတော့ မှိတ်လို့။ မျက်ခွံလေးကတော့ မသိမသာ လှုပ်လှုပ် သွားတယ်။ တကယ်တော့ သူက အသံမထွက်ဘဲ ငိုနေတာပဲ။ ဘုရားရေ မင်း ဒီလိုလည်း လုပ်တတ်ပါလား။

“နေမင်းခန့် နေမင်းခန့်”

သူ့နာမည်ကို ကျွန်တော် ခပ်တိုးတိုး ခေါ်လိုက်တော့ သူက ချက်ချင်း ဆိုသလို ငုတ်တုတ် ထထိုင်တယ်။ ငိုထားတဲ့ အရှိန်ကြောင့် မျက်လုံးလေးတွေက နီလို့။

“မင်း မအိပ်ဘဲ ဘာလို့ ငိုနေရတာတုံး”

“သား မငိုပါဘူး”

“ဟေ မင်းမငိုဘူးတာ ပြောတယ်။ မင်း မျက်နှာမှာလည်း မျက်ရည်တွေနဲ့ ပါလား”

“ဒါတော့ သားမသိဘူး။ မငိုနဲ့ဆိုလို့ သား မငိုမိအောင် နေတာပဲ။ မျက်ရည်တွေက သူ့ဟာ သူ ကျလာတာ”

သူ့အဖြေကြောင့် ကျွန်တော် သနားသွားတယ်။ အင်းလေ သူ့ခမျာ ဒီအရွယ်လေးနဲ့ မိမဲ့ဖမဲ့ ဖြစ်ရရှာတော့ ကြေကွဲဝမ်းနည်းရှာမှာပေါ့။ ကျွန်တော်တောင် ဘ၀ထဲမှာ အဖေ ပျောက်ဆုံးသွားတဲ့ ကာလများက အလွန်တရာ စိတ်ထိခိုက် ကြေကွဲခဲ့သေးတာပဲ။ သူ့ကို ကျွန်တော် စာနာ နားလည် နိုင်ပါတယ်။

“မေမေ့ကို တွေ့ချင်နေတုန်းပဲလား ဟင် နေမင်းခန့်”

“ဟင့်အင်း အခု သားတွေ့ချင်တာက ဖေဖေ့ကို”

ဖေဖေဆိုတဲ့ စကားလုံးမှာ ကျွန်တော့် ရင်ထဲ လှုပ်ခတ်သွားတယ်။ သူပြောတဲ့ ဖေဖေဆိုတာ ကျွန်တော့် ဖေဖေပဲ မဟုတ်လား။ သူပြောမှ ဖေဖေ့ကို လွမ်းသွားတယ်။ စိတ်ထဲ အလိုလို ၀မ်းနည်းလာတယ်။

“ဖေဖေက လောကကြီးထဲမှာမှ မရှိတော့တာပဲကွာ။ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ ဘူးလေ”

သံသရာခရီး တစ်လျှောက်မှာတော့ ဖေဖေ့ကို ပြန်တွေ့ကောင်း တွေ့နိုင်မယ် ထင်တယ်။ သံသရာမှာ ပြန်တွေ့စရာ အကြောင်းတရားတွေ ရှိဦးမယ် ဆိုရင်ပေါ့လေ။ “သားကို ချစ်တဲ့သူတွေ သားအနားမှာ မရှိကြတော့ဘူး။ အဲဒါကို သား မုန်းတယ်။ ကိုကိုက သားကို မချစ်ပါဘူး။ ကိုကို့မျက်လုံးတွေကို ကြည့်တာနဲ့ သားသိတယ်။

ကောင်လေးရဲ့စကားမှာ ကျွန်တော် ရုတ်တရက် မျက်နှာ ပျက်သွားမိတယ်။ သူက ကျွန်တော့်ကို ကလေးတစ်ယောက်ရဲ့ စင်ကြယ်မှုအတိပြီးတဲ့ မျက်လုံးတွေနဲ့ မော်ကြည့်လို့ နေတယ်။ အဲဒီ အကြည့်တွေက မေတ္တာကို ငံ့လင့် တောင်းခံနေတဲ့ ပုံမျိုး။ နောက်ပြီး ကိုယ့်ညီကိုယ် ချစ်ရကောင်းမှန်း မသိဘူးလားလို့ မေးနေ သလိုလို။ တစ်ဒင်္ဂအတွင်း ကျွန်တော့် စိတ်တွေဟာ နူးညံ့ ပျော့ပျောင်းလာပြီး သူ့အပေါ် ကြင်နာ လိုစိတ်လေးတွေ တဖွားဖွား ပေါ်ပေါက်လာတော့ တယ်။ သွေးက စကားပြောပြီထင်ရဲ့။

“ညီလေးကို ကိုကို ချစ်ပါတယ်ကွာ။ ညီလေးက ကိုကို့ ညီလေးပဲဟာ”

အဲဒီစကားက ကျွန်တော် ပြောသင့်တဲ့ စကားပဲ မဟုတ်လား။ ကျွန်တော့် စကားကို နားထောင်နေတဲ့ သူ့မျက်နှာလေး ပြုံးသွားတယ်။

“သားကို ညီလေးလို့ ခေါ်ပြီနော်”

“အေးလေ ကိုကို့ညီမို့ ညီလေးလို့ ခေါ်တာပေါ့”

“စောစောတုန်းကတော့ ကိုကိုက သားကို မင်းလို့ပဲ ပြောတာလေ။ အခု ညီလေးလို့ ခေါ်တော့ သား သိပ်ပျော်တာပဲ။ သားရဲ့ နားထဲမှာ နားထောင်လို့ သိပ်ကောင်းတာပဲ။ သားကို ညီလေးလို့ အမြဲခေါ်ပါနော်”

ဒီတစ်ကြိမ်မှာတော့ ပြုံးမိသူက ကျွန်တော်ပါ။

“အေးပါကွာ ညီလေးကို ညီလေးလို့ အမြဲ ခေါ်ပါ့မယ်နော်။ ကဲ ညီလေး အိပ်တော့နော်။ အိပ်ချိန် ရောက်နေပြီ”

“မအိပ်ခင် ကိုကို့ကို သား ကန်တော့မယ်နော်”

ကျွန်တော့်ရှေ့မှာ ဦးသုံးကြိမ်ချပြီး ကန်တော့နေတဲ့ ညီလေးကို ကြည့်ရင်း ကျွန်တော် အံ့သြ မှင်တက်သွားတယ်။ ရင်ထဲမှာလည်း အတိုင်းထက်အလွန် ၀မ်းသာကြည်နူးမှုနဲ့ တနင့်နင့် ဆို့တက်လာတယ်။ ခံစားမှုကို မထိန်းချုပ်နိုင် တော့တဲ့ အဆုံး ကျွန်တော့် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလို့ လာပါရောလား။

“ဟင် ကိုကို ငိုနေတယ် ဘာဖြစ်လို့လဲ”

“ကိုကို ကျေနပ်လွန်းလို့ပါ ညီလေးရာ။ ဒီလောက် လိမ္မာတဲ့ ညီလေးကို ကိုကို ရတဲ့ အတွက်လေ”

“သားကိုတော့ မငိုနဲ့ပြောပြီး ကိုကိုကတော့ ငိုတယ်။ ကိုကို မတရားဘူး”

ညီလေးစကားကြောင့် ကျွန်တော် ရှက်ရှက်နဲ့ ရယ်မောမိတယ်။

“ဟုတ်သားပဲ ကိုကို မတရားဘူးနော်။ ညီလေးက ကိုကို့ကို ကန်တော့တယ် ဆိုတော့ ဆုပေးရမှာပေါ့”

“သားက ဆုတစ်ဆုပဲ လိုချင်တယ်”

“ဘာဆုလဲ”

“သားဘေးမှာ သားကို ချစ်တဲ့လူတွေ ရှိပါစေဆိုတဲ့ ဆု”

“အဲဒီဆုက ညီလေး အမြဲပြည့်မှာပါ။ ကိုကိုက ညီလေးကို အမြဲတမ်း ချစ်မှာ သေချာသွားပြီလေ”

“ဟေး”

ညီလေးက ကလေးပီပီ ၀မ်းသာအားရ ထအော်တယ်။ သိပ်ချစ်စရာ ကောင်းတဲ့ ညီလေး ပါလား။ အတန်ကြာတော့ ညီလေး အိပ်မောကျ သွားတယ်။ ညီလေး မျက်နှာ ကြည့်ရတာ အပြစ် သိပ်ကင်းတာပဲ။ ညီလေးရဲ့ နဖူးကို ကျွန်တော် ခပ်ဖွဖွ နမ်းလိုက်တယ်။ ရင်ထဲမှာ နွေးထွေး ကြည်နူး သွားလိုက်တာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ သွေးသားဆိုတဲ့ အသိတရားကို ဗဟို ပြုလို့ မေတ္တာထားပြီး ချစ်ရတာဟာ အဲဒီလောက် ချိုမြိန်သလား။

ညီလေးက ကျွန်တော်မရှိတဲ့ အချိန်တွေဆို ပျင်းနေပုံရတယ်။ ဒေါ်ကြီးစိုးကလည်း သူ့ကို အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ သူ့အလုပ်နဲ့ သူ ရှုပ်နေတာ။ မနေ့က ညီလေးအတွက် ကစားစရာ အရုပ် တချို့ဝယ်ပေး ဖြစ်သေးတယ်။ ဒါကို မေမေက “သားရယ် အပိုကုန်အောင် လုပ်နေပြန်ပါပြီ”တဲ့။ ကျွန်တော်က ညီလေးအပေါ် မေတ္တာပြတဲ့ အနေနဲ့ ၀ယ်ပေးခဲ့တာ။ ညီလေးက မေတ္တာဖြန်းမှ လန်းဆန်းခွင့်ရမယ့် ကလေးသူငယ်လေး ဆိုတာ ကျွန်တော် နားလည်ထားပြီ မဟုတ်လား။

ညီလေးက ငယ်သာ ငယ်တာ။ စကားတော့ အတော် တတ်တယ်။ ကျွန်တော် ၀ယ်ပေးတဲ့ အရုပ်တွေကို ကြည့်ပြီး ဘာပြောတယ် မှတ်လဲ။
“သား ဒီအရုပ်တွေကို ရတော့ သိပ်ပျော်တာ ပဲ။ ဒါတွေကို ကြိုက်လို့ မဟုတ်ပါဘူး။ သား အပေါ် ကိုကို ကောင်းတာကို ကြိုက်လို့” တဲ့လေ။
ညီလေးက ချစ်အောင်တော့ နေတတ်ရှာတယ်။ ကျွန်တော်က ချစ်နေပြီမို့ ကိစ္စမရှိဘူး။ အဓိကက မေမေ ချစ်ဖို့။ ကျွန်တော်တောင် ညီလေးကို ချစ်သွားသေးတာပဲ။ မေမေလည်း နောက်တော့ ချစ်သွားမှာပါ။
ဟော ကျွန်တော် ကျောင်းသွားဖို့ အချိန် ရောက်ပြီ။ ညီလေးက ကျွန်တော် ကျောင်းသွားတော့မှာ သိလို့ “ကိုကို တာ့တာ”တဲ့။

“အေး ညီလေး တာ့တာ။ ကိုကို့ အခန်းထဲမှာ ဆော့နေနော်။ တစ်ခုခု လိုချင်ရင် ဒေါ်ကြီးစိုးကိုပြော ဟုတ်လား”

“ဟုတ်ကဲ့”

ညီလေးက ကျွန်တော် ကျောင်းပြန်လာချိန် ဒါမှမဟုတ် ကျူရှင်က ပြန်လာချိန်တွေမှာလည်း နှုတ်ဆက် တတ်သေးတာ။ ဒီတော့ အချိန်တို အတွင်းမှာ ညီလေးဟာ ကျွန်တော့်ရဲ့ အချစ်တုံးလေး ဖြစ်လာ တော့တယ်။ အင်း ကျောင်းကပြန်ရင် ညီလေးအတွက် ဂျယ်လီ တစ်ထုပ် ၀ယ်ခဲ့ဦးမှပါ။ ဒေါ်ကြီးစိုးက ပြောတယ်။ မနေ့ညက တီဗီမှာ ဂျယ်လီ ကြော်ငြာလာတော့ ညီလေးက “သားသား ကြိုက်ကြိုက်”လို့ ထအော်နေသတဲ့။ မေမေက “ဟဲ့ ကလေး နားငြီးတယ်”လို့ အော်လိုက်မှ ငြိမ်သွားတာတဲ့လေ။ ကျောင်းရောက်တော့ အချစ်ဆုံး သူငယ်ချင်း ကောင်းထက်ကို ညီလေး အကြောင်း ပြောပြဖြစ်တယ်။ ကောင်းထက်က ညီလေးကို တွေ့ချင်တယ်တဲ့။ ကျောင်းခန်းထဲမှာ စာသာသင်နေရတာ ကျွန်တော့်စိတ်က ဒီအချိန် ညီလေး ဘာလုပ်နေမှာလဲ ဆိုတဲ့အတွေးနဲ့ စပ်ယှက်လို့နေတယ်။
ကျောင်းလည်း ဆင်းရော ညီလေး ကြိုက်တဲ့ ဂျယ်လီကို ကျောင်းမုန့် ဆိုင်လေးမှာ အပြေး သွားဝယ်လိုက်တယ်။ အိမ်ရောက်လို့ ကျွန်တော့် လက်ထဲက ဂျယ်လီမြင်ရင် “သားသား ကြိုက်ကြိုက်”လို့ အော်မှာ မြင်ယောင် သေး။

ကျွန်တော့် ခြေလှမ်းတွေ အိမ်တံခါးဝဆီ အရောက် မထင်မှတ်ထားတဲ့ မြင့်ကွင်း တစ်ခုကို တွေ့လိုက်ရတယ်။ မေမေက ညီလေး လက်ဆွဲပြီး အထုပ် အပိုး တစ်ခုနဲ့ အိမ်ထဲက ထွက်လာတာလေ။ ညီလေး မျက်နှာကြည့်လိုက်တော့ မကောင်းဘူး။ ငိုထားပုံပဲ။

“မေမေ ဘယ်သွားမလို့လဲ”

“သူ့ကို ဒီမှာမထားချင်လို့ ဘကြီးထွေးတို့အိမ် သွားပို့မလို့”

ကျွန်တော့်ရင်ထဲ ရုတ်တရက် ဗလောင်ဆူဝေသွားတယ်။

“အဲဒီလို မလုပ်ပါနဲ့ မေမေရာ။ တကယ်တော့ သူက သားညီလေးပဲ ဟာ။ သားညီလေးကို သားနဲ့ပဲ အတူထားပါ”

“အို မဖြစ်နိုင်ဘူး။ မေမေ ဒီကလေးကို မမြင်ချင်ဘူး။ သူ့ကို မြင်ရင် မေမေ ဒေါသထွက်တယ်။ စိတ်မချမ်းသာဘူး”

“မေမေရယ် ဖေဖေလည်း လောကထဲမှာ ရှိရှာတော့တာ မဟုတ်ဘူး။ မေမေ့ ရင်ထဲက အမုန်းတရားတွေနဲ့ မေမေ ကိုယ့်ကိုယ်ကို မနှိပ်စက်သင့် တော့သလို မေမေ့ရဲ့ စိတ်ခံစားချက်ကြောင့် သားရဲ့ စိတ်ဆန္ဒကို လျစ်လျူ မရှုသင့်ပါဘူး။ မေမေ့ရဲ့ အမုန်းတရား အောက်မှာ ဖေဖေ့ကို အချိန်အတော်ကြာ သားမုန်းတီး တတ်ခဲ့ပြီးပါပြီ။ အခုတစ်ခါ ညီလေးကို မုန်းတတ်အောင် ထပ်မလုပ်ပါနဲ့တော့ မေမေရယ်။ မေတ္တာတရားနဲ့ ပတ်သက်ပြီး သားနောက် =ထပ် ၀မ်းမနည်းပါရစေနဲ့တော့။ သား ဖေဖေ့ကို ခွင့်လွှတ်တယ် မေမေ။ သား ငရဲမယူချင်ဘူးလေ။ မွေးချင်းမဲ့တဲ့ သားဆီ ညီလေး ရောက်လာတာကို တကယ့်စိတ်ရင်းနဲ့ သား ကျေနပ်နေပါပြီ။ အဲဒီအတွက် ဖေဖေ့ကိုလည်း ကျေးဇူးတင်တတ် နေပါပြီ။ ညီလေးက သားအတွက် တစ်လောကလုံးမှာ တစ်ယောက်တည်းရှိတဲ့ ညီလေးပဲလေ။ ညီလေး ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ပြီး မေတ္တာ ငတ်မွတ်နေရတာ သား သနားတယ်။ ကိုယ်ချင်း စာတယ်။အစ်ကိုကြီး အဖအရာဆိုသလို ညီလေးကို အဖမေတ္တာနဲ့ တူတဲ့ မေတ္တာမျိုး ပေးဖို့ သား ဆုံးဖြတ် ထားပြီးပါပြီ။ မေမေ သားကို ချစ်ရင် ညီလေးကိုလည်း သားအရင်းလို ချစ်ပေးပါနော်။ မေတ္တာငတ်တဲ့ ခံစားမှုဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးပါ မေမေ။ ညီလေးကို သား မေတ္တာ မငတ်စေချင်ဘူး။ သူများလက်ထဲလည်း မထည့်နိုင်ဘူး။ သားနဲ့ ညီလေးအတွက် စဉ်းစားပေးပါဦး မေမေရယ်”

ကျွန်တော့် စကားကို နားထောင်နေတဲ့ မေမေ့ မျက်ဝန်းတွေ ခဏလေးအတွင်း တရိပ်ရိပ် ညှိုးနွမ်းလာတယ်။ ကျွန်တော့် စကားလည်း ဆုံးရော အသက်လေးဆယ်ကျော် မေမေ့မျက်နှာဟာ မီးစာကုန် ဆီခန်း သွားသလို ဗြုန်းဆို အိုမင်း ရင့်ရော်သွားတယ်။ မကြာဘူး။ မေမေက သူ့ လက်ဖ၀ါးတွေမှာ မျက်နှာအပ်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တယ်။

“မငိုပါနဲ့ မေမေရယ်။ သားက မေမေ ၀မ်းနည်းအောင် ပြောတာ မဟုတ်ပါဘူး”

ကျွန်တော့်ကို မေမေ ဘာမှပြန်မပြောဘဲ အိမ်ထဲဝင်သွားတယ်။ ညီလေးက ကျွန်တော်ဆီ လာပြီး ဖက်ငိုတယ်။

“ကိုကိုနဲ့ပဲ အတူတူနေမယ် အီးဟီး”

“နေရမှာပေါ့ ညီလေးရာ”

ညီလေးကို ကျွန်တော် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တယ်။ ကိုကို ရှိနေသရွေ့ မေတ္တာ မငတ်စေရပါဘူး ညီလေးရယ်။ ကိုကို ကတိပေးတယ်။

ဒီနေ့ည ထမင်းဝိုင်းကို မေမေ ရောက်မလာဘူး။ ဒေါ်ကြီးစိုး ပြောပြချက်အရ မေမေက နေ့လယ်ကတည်းက သူ့အခန်းထဲကနေ အပြင် ထွက်မလာဘူးတဲ့။ ကျွန်တော့်ကို မေမေ စိတ်ဆိုးသွားပြီ ထင်တယ်။ မေမေ့ကို သား အပြစ်တင်ပြီး ပြောခဲ့တာ မဟုတ်ပါဘူး မေမေရယ်။ သား ခံစားချက်နဲ့ သားပြောမိတာမို့ သားပြောခဲ့တဲ့ စကားတွေမှာ အမှားတွေလည်းပါ ပါလိမ့်မယ်။ အဲဒီ အတွက် မေမေ သားကို ခွင့်လွှတ်နိုင်ပါရဲ့လား။
မေမေ့ကို တောင်းပန်ဖို့ မေမေ့အခန်း တံခါးဝဆီ ညီလေး လက်ကိုတွဲပြီး ထွက်လာမိ တယ်။ မေမေ့ အခန်းတံခါးဝ ရောက်တော့ အခန်းတံခါးက ကျွီခနဲပွင့်ပြီး မေမေ ထွက်လာ တယ်။ မေမေ့ မျက်ဝန်းတွေနဲ့ ထိပ်တိုက်တွေ့မိတဲ့ အခါ မေမေ့ မျက်ဝန်းတွေမှာ ကျွန်တော် ထင်ထားသလို နူးညံ့မှုကင်းမဲ့ မနေဘူး။ မေမေ့ လက်ထဲမှာ ညီလေးရဲ့ အ၀တ်တချို့ ရှိနေတယ်။

“သြော် သား ညစာစားဖို့ လာခေါ်တာလား။ သားညီလေးရဲ့ အင်္ကျီတချို့ ပြဲနေတာတွေ့ လို့ မေမေ ချုပ်ပေးနေတာ နည်းနည်းကြာသွားတယ်”

မေမေ့ဆီက မမျှော်လင့်ထားတဲ့ စကား ကြားလိုက်ရတာမို့ ကျွန်တော် အံ့သြ ၀မ်းသာသွားတယ်။ ဒါဆို မေမေ ညီလေးအပေါ် သဘောထား ပြောင်းသွားပြီပေါ့။ ကျေးဇူး တင်လိုက်တာ မေမေရယ်။ မေမေက ကျွန်တော့် မျက်နှာပေါ်က ခံစားမှုတွေကို ဖတ်ရင်း ချိုကြည်စွာ ပြုံးနေတယ်။ အဲဒီ အပြုံးက သားကို မေမေ နားလည်ပေးလိုက်ပြီ လို့ ပြောနေတာ ကျွန်တော်သိတယ်။

“သားသားလာ မန်မန်း သွားစားမယ်”

ညီလေး လက်ကိုဆွဲပြီး ထမင်းစာခန်းဆီ ဦးတည် ထွက်သွားတဲ့ မေမေ့ကိုကြည့်ရင်း ကျွန်တော့်စိတ်ဘ၀င်ဟာ အတိုင်းမသိ ၀မ်းမြောက် ပျော်ရွှင်သွားပုံများ။ ထမင်းစားဝိုင်းမှာ မေမေက ညီလေးကို ငါးအရိုးနွှင်ပြီး ကျွေးတာတွေ့ရတော့ ကျွန်တော့် ရင်ထဲ ထူးထူးခြားခြား ကျေနပ်နေမိတယ်။ မေမေ့ ရဲ့ ပကတိ အဖြူရောင် စိတ်ထားလေးဟာ အတ္တ မာန အခွံကျွတ်လို့ နိုးကြား ရှင်သန်လာခဲ့ပါပြီ။ ဒီတော့ မေမေဟာ ကျွန်တော့် စိတ်ထဲမှာ အလှဆုံး မိခင် ဖြစ်လို့သွားတယ်။

“သားသား ငါးကြိုက်လား”

“သားသား ကြိုက်ကြိုက်”

“ငရုတ်သီးရော”

“သားသား မကြိုက် မကြိုက်”

ညီလေးရဲ့ စကားကို ကျွန်တော်နဲ့ မေမေ ပြိုင်တူ ရယ်မောမိကြတယ်။ ကျွန်တော့် ဘ၀ထဲမှာ ရယ်သံတွေ ပျောက်ဆုံးနေခဲ့တာ အတော်လေး ကြာပါပြီ။ မိသားစု ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး မှောင်အတိ ကျသွားခဲ့တဲ့ ကျွန်တော့်ရဲ့ အရုဏ်ဦး တွေ နိုးထလာတော့မယ်ထင်ရဲ့။ ကျွန်တော်တို့ ညစာ စားပြီးတော့ ညခုနစ် နာရီ ထိုးပြီ။ အပြင်မှာ မိုးစုံးစုံးချုပ်နေပြီ။ အဲဒီ အချိန်မှာ ညီလေးက ကျွန်တော့်ကို “ကိုကို ကောင်းကင်ကကြယ် ကြည့်မယ်”တဲ့။ ထူးထူး ဆန်းဆန်း သူကကြယ် ကြည့်မယ် ဆိုပါလား။

“အင်း..ကြည့်ကြတာပေါ့ကွာ”

ညီလေးကို အိမ်ခြံဝင်းထဲက ပန်းခြံလေးဆီ ကျွန်တော် ခေါ်သွားတယ်။ ပန်းခြံထဲမှာ လူနှစ်ယောက် ထိုင်နိုင်တဲ့ ဒန်းလေး ရှိတယ်လေ။ ဒန်းပေါ်ထိုင်ပြီး ကောင်းကင်ထဲက ကြယ်စင်တွေကို မော်ကြည့်ကြတယ်။ ဒီည ကောင်းကင်မှာ မိုးသား ကင်းစင်ပြီး ကြယ်တွေလည်း စုံတယ်။ ကြယ်တွေက မဟူရာ ကော်ဇောပြင်ပေါ်က စိန်ပွင့်လေးတွေလို တလက်လက်။

“ဟေး ဖေဖေ့ကို တွေ့ပြီ”

ညီလေးရဲ့ ၀မ်းသာအားရ အော်သံကြောင့် ကျွန်တော် ကြောင်သွားတယ်။

“ဘယ်မှာလဲဟ”

“ဟိုမှာလေ မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကြယ်ကြီးလေ”

ညီလေးက ကောင်းကင်ထဲက ခပ်ကြီးကြီး ကြယ်တစ်ပွင့်ကို လက်ညှိုးထိုးပြတယ်။ အဲဒီ ကြယ်ကို ဘာကြယ်လို့ခေါ်မှန်း ကျွန်တော် မသိဘူး။ ကြယ်တွေအားလုံးထဲမှာတော့ သူက အတောက်ပဆုံး။

“အဲဒီကြယ်က ဘယ်လိုကြောင့် ဖေဖေ ဖြစ်ရတာလဲ ညီလေးရဲ့”

“ဖေဖေက ပြောတယ် ကိုကိုရဲ့။ နောင်ဘ၀မှာ ကြယ်လုပ်မယ်တဲ့”

ဟင် ဖေဖေက ဒီလောက် ကလေးဆန်တဲ့ စကားကို ဘာဖြစ်လို့ ပြောခဲ့တာပါလိမ့်။

“သားက ဖေဖေနဲ့ ကြယ်တွေ ခဏခဏ ကြည့်တာလေ။ သားက ကြယ်တွေကို ချစ်တော့ ဖေဖေက ကြယ်လုပ်မယ်လို့ ပြောတာ။ ဟိုမှာ သားတို့ကို ဖေဖေ ကြည့်နေတယ် ကိုကို။ ဖေဖေရေ သား ဖေဖေ့ကို လွမ်းတယ်”

ကောင်းကင်ကကြယ်ကို အဖေအမှတ်နဲ့ အော်နေတဲ့ ကလေးဟာ ကျွန်တော့် ညီလေးတဲ့ လေ။ ပကတိ ကလေးဆန် လှတဲ့ ညီလေးရဲ့ အပြုအမူကြောင့် ကျွန်တော် နှစ်ခြိုက်စွာ ပြုံးလိုက်မိတယ်။

“ကိုကို ကိုကိုလည်း ဖေဖေ့ကို စကားပြောလေ”

“သြော် အေး စဉ်းစား လိုက်ဦးမယ်ကွာ နေဦး”

ကျွန်တော့် ညီလေးလိုပဲ ကြယ်လေးကို ဖေဖေအမှတ်နဲ့ စကားတွေ ပြောခွင့်ရရင် ပျော်စရာတော့ ကောင်းမယ်ထင်ပါရဲ့။ ဒါဆို ဘာပြောရမလဲ။ အင်း သိပြီ။

“ဖေဖေရေ သား ဖေဖေ့ကို ကျေးဇူးတင်တယ်။ သားကို ချစ်စရာ ကောင်းတဲ့ ညီလေး တစ်ယောက်ပေးတဲ့ အတွက်”

ကျွန်တော့် စကားအဆုံးမှာ ညီလေးက ဟက်ခနဲ အသံလေးထွက်အောင် ရယ်ပြီး ကြယ်လေးဆီ ပြန်အော်တယ်။

“ဖေဖေရေ သားလည်း ဖေဖေ့ကို ကျေးဇူးတင်တယ်။ သားအပေါ် အရမ်းကောင်းတဲ့ အစ်ကို တစ်ယောက် ပေးတဲ့အတွက်”

တတ်လိုက်တဲ့ ညီလေး။ ညီလေးပါးပြင်ကို ကျွန်တော် နှစ်လိုမှုအပြည့်နဲ့ မွှေးကြူ လိုက်တယ်။ ပြင်ပက လေအေးကြောင့် ညီလေးပါးပြင်က အတန်ငယ် အေးစက်လို့ နေတယ်။

“ညီလေး အပြင်မှာ အေးတယ်။ အိမ်ထဲ ၀င်စို့နော်”

“ဖေဖေ့ကို နှုတ်ဆက် ရဦးမယ်လေ”

ညီလေးက သူ့ရဲ့ ညာလက်ညှိုးလေးကို နှုတ်ခမ်းမှာ ထိနမ်း လိုက်ပြီးတော့ ကြယ်လေးဆီ ဦးတည် ထိုးညွှန်လိုက်တယ်။

“ဖေဖေ တာ့တာ”

ကျွန်တော်လည်း ညီလေးကို ပွေ့ချီရင်းက ကြယ်လေးကို နှုတ်ဆက်လိုက်တယ်။

“ဖေဖေ တာ့တာ”

ကြယ်လေးက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ပြုံးလို့ ကြည့်နေရဲ့။


ဘုန်းထစ်ချုန်း
Posted on Dec 30, 2011 by mkaonline-admin
Shared from www.myitkyinaonline.com

No comments:

Post a Comment