ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ “နှိမ်ကြည့်တတ်တဲ့” မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ “လူ”ကို အဲဒီမျက်လုံးတွေက “အထင်အမြင်” မှားစေတတ်တယ်။
ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။
တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး “ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။
တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ “ကြိုတင် ရှုတ်ချမဲ့” မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် “ဘောင်”ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး “သူက လူဆိုး”“သူက လူကောင်း” “နောက်မီးလင်းနေတာ” “သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ” လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။
နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ “ဒါ ကျွန်မရဲ့ ထီး” ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။
ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ “ မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ” လို့ ပြောလိုက်တယ်။
တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို “အကောင်း” သို့မဟုတ် “အဆိုး” လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် “အကောင်း” လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် “အဆိုး” လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို “Halo Effect” (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။
တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ “နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်” လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား...
Posted by zarthaweknwe on December 19, 2011 at 10:09pm
Shared from အပြုံးပန်းဈေးခင်း
No comments:
Post a Comment