ကိလေသာကို သတ်ခြင်းသည်ကား မဂ်၊
ရုပ်ဓာတ်နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက်၊
သို့တစေလည်း
သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမီ၊
မဂ်သဘာဝ၏ ချုပ်ပြတ်ပုံမျိုးကဲ့သို့သောမဂ်အတုများလည်း ပေါ်ပေါက်ကြသေး၏။
၎င်းတို့မှာ …
၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြုလွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊
၂။ ကြောင့်ကြပူပန်ခြင်းကင်းသော စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း
တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊
၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိန်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၎။ ၀ီရိယထား သမာဓိအားနှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားတော့ကာ တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၅။ အမြင်မတိုး ရိုးအီနေခြင်းကြောင့် ဆန္ဒအားများ ယုတ်လျော့နိမ့်ပါးသွားကာ ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၆။ နုလွန်သောအတွေ့၌ အသိက မလိုက်နိုင်တော့ခြင်းကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်းများပင်တည်း။
စင်စစ် ထိုခြောက်မျိုးတို့သည်
သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှဖြစ်သော မသိပြတ်မျိုးချည်းသာ ဖြစ်ကြရာ၏ ။
မဂ်၏ ချုပ်ပြတ်မှုကား စက္ခုံဥဒပါဒိ ဉာဏဥဒပါဒိ အစချီ ဓမ္မစက္ကပ၀တ္တနသုတ်တော်လာ အင်္ဂါငါးပါးနှင့်အညီ သိလျက်က ချုပ်ပြတ်သွားခြင်းမျိုးသာ။
မဂ်အစစ်ကား …
ယင်းမဂ် ကျသည်နှင့်တစ်ပြိုင်နက် ထပ်ချပ်မကွာ ဖိုလ်ခေါ် ကိလေသာ သေဆုံးသွားမှု၏ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ ဖိုလ်နှင့်မဂ် တစ်ဆက်တည်းသာ။
မဂ်အတုတို့ကား …
မလစ်လပ်ခင်ကတည်းက အေားလည်းအေး မှေးလည်းမှေးအဖြစ်ဖြင့် ဥပေက္ခာကပေးသော သာမန်အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာပြီ။
မဂ်ဆိုသည်မှာ သူ့ဆိုင်ရာ ကိလေသာကို သတ်ဖြတ်ချလိုက်ခြင်း၊
ဖိုလ်ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊
သို့ကြောင့် မဂ်နှင့်ဖိုလ် ထိုနှစ်ခင်းတို့သည်
အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက်မရစကောင်းသော အတွဲများသာ ဖြစ်ကြလေရာ …
မဂ်အစစ်ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။
အတုအစစ် ခွဲခြားနည်း မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။
မဂ်မသိ ဖိုလ်နှင့်ညှိစကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်သည်။
ကိုယ့်အတွင်းရှိကို ကိုယ်ကိုယ်တိုင် ထိုးထွင်းသိဖြင့် သိနိုင်သော ကိန်းသေနည်းပင်တည်း။
ထိုမဂ်အကြောင်းခံ၏ ဖိုလ်အကျိုးပေး အအေးသည် သင်္ခါရုပေက္ခာရှိသမာဓိပဿဒ္ဓိအေးများထက် အဆများစွာ သာလွန်သည်ကိုလည်း သတိပြုလေဦး။ သို့မဟုတ် ဆောင်းအေးနှင့် ဆောင်းရေသောက်အေး နှစ်တွဲခွဲသိကြည့်လိုက်ပါ…။
ခရီးသွားနှင့် စမ်းရေနှင့်
ထိုဖိုလ်အရသာ၏ အေးမြပုံကို ခံစားလိုက်ရသော ယောဂီ၌ကား …
နွေခေါင်ခေါင် တလင်းပြောင်ပြောင် နေပူကျဲကျဲထဲဝယ် ခရီးခဲတရကြမ်းနှင်လျက်က ရန်သူ့လက်မှ ရုန်းထွက်လာခဲ့ရလေသူတစ်ယောက်ရန်သူနှင့်လည်းဝေး တောအုပ်စမ်းရေအိုင်ဘေးလည်းအရောက် တစ်ဖန် စမ်းချောင်း၏အစပ် စမ်းရေနှင့်မပြတ်ဖြစ်နေသော ရွံ့နွံဖတ်ဖတ် တွေ့လေရာ
က။ ရန်သူ၏ နှိပ်စက်ခံထားရမှုကြောင့် နွမ်းနယ်ခြင်း၊
ခ။ ခရီးခဲလမ်းကြမ်း၏ ညှင်းပန်းခံရမှုကြောင့် ပင်ပန်းခြင်း၊
ဂ။ နေပူလေပူဒဏ် အဖန်ဖန်ခံထားရမှုကြောင့် ညှိုးနွမ်းခြင်း၊
ထိုဒဏ်တို့ကို ပြေပျောက်လိုမှုအား ကြီးလာရကား ထိုစမ်းနွံပေါ်သို့လည်း စိတ်ချလက်ချ ပစ်လှဲထိုင်ချ စမ်းရေအေးအေးလေးကိုလည်း သောက်ချလိုက်သည်ပမာ … သည့်အတူသာလျှင်
ကိလေသာ၏ ဒဏ်၊ ရုပ်နာမ်ဖြစ်ပျက်တို့၏ဒဏ်၊ အတွင်းဓာတ်အချင်းချင်း အာရုံနှင့် အကြည်ဓာတ်အချင်းချင်း စစ်ခင်းကြရာမှဖြစ်သောဒဏ် …
ထိုဒဏ်ဤဒဏ်များ အလူးအလဲခံထားရရှာသော အသိကလေးသည်လည်း မဂ်၏အဆိုက် ဖိုလ်အအေးဓာတ်ကြီးကလည်း လိုက်၍လာချေသောအခါ အငြိမ်းဓာတ် အအေးဓာတ်ကြီးထဲသို့ ခြေစုံပစ်၍ ထိုင်ချလိုက်လေတော့သည်။
ထိုအသိစိတ်နှင့် ထိုအအေးဓာတ် ထပ်မိသွားသောအခါတွင်ကား …
ထိုစိတ်မှတစ်ဆင့် တစ်ကိုယ်လုံးကြီးသို့တိုင်အောင်
ငယ်ထိပ်မှတောက်လျှောက် အောက်သို့လည်း စုန်ဆင်းစေလေပြီ။
ခါးဆစ်ရိုးမှတက် အထက်ထက်သို့လည်း ပျံ့နှံ့စေလေပြီ။
ထိုသို့ခံစားနေရစဉ် ..
ချုပ်ပြတ်မှုကို သိသောအသိကား တစ်စက္ကန့်တစ်ချက်စာမျှသာတည်း၊
အအေးဓာတ် အငြိမ်းဓတ် ခံစားသိအသိကား နှစ်စက္ကန့် သုံးစက္ကန့်မျှအထိတည်း၊
ထိုတွင်
၁။ ချုပ်ပြတ်မှုကား နိရောဓ သို့မဟုတ် နိဗ္ဗာန်တည်း၊
၂။ ချုပ်ပြတ်မှုအပေါ် သိခြင်းကား မဂ်ဉာဏ်တည်း၊
၃။ ချုပ်ပြတ်မှု၏ အငြိမ်းဓာတ်ကို ခံစားနေခြင်းကား ဖိုလ်ဉာဏ်တည်း။
စိတ်မည်းမပြူ အဖြူချည်းသက်သက်ဖြစ်ရကား အဖြူစင်ဆုံး အတောက်ပဆုံး၊ ညစ်ကြေးမတင် ပကတိဖြူစင်လျက်ရှိသေးသော တွင်းထွက်ရွှေ၊ တွင်းထွက်ငွေသားများပမာသာ။
သို့မဟုတ်
ပန်းထိမ်ဆရာသည် ရွှေမှ အညစ်အကြေးများကို သန့်စင်ကာ လက်ရာမြောက်စွာ ရတနာအဖြစ် ထုလုပ်ပြီး မှန်လုံခန်းကြီးထဲ ထည့်ပြထားသည့်ပမာတည်း။
ညစ်ကြေးမတင် ပကတိစင်ကြယ်နေသော နှလုံးသာအကြားမှ ဖြစ်ပေါ်လာသည့် ထို စိတ်တန်ခိုး စိတ်သတ္တိများ၏ အရောင်ကား ဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍ မရစကောင်းပြီ။
အသစ်တည်ပြီးစ တိုက်အိမ် တိုက်ခန်းလေးတစ်ခု
ထိုဖိုလ်စိတ်များ ဖြစ်ပွားပြီးနောက်
စိတ်သည် မိမိရှုလက်စ ရုပ်နာမ်ဖြစ်ပျက်ကိုသာ ကောက်ကိုင်ရတော့၏ ။
ထိုသို့သာ ကောက်ကိုင်လိုက်ရသော်လည်း
ဖိုလ်ဇောကျရာရှိ စေတနာ၏ စေ့ဆော်အားသည် အလွန် အင်အားကြီးမားသည်ကတစ်ကြောင်း မည်သည့်ကမ္ဘာ မည်သည့်သံသရာ မည်သည့်ဘ၀မှာမှ မရဖူး၊ မတွေ့ဖူးခဲ့သော အတွေ့အထိကြီး ဖြစ်နေသည်က တစ်ကြောင်းများကြောင့် စိတ်သည် ဖိုလ်ဇောကျရာ အတိတ်အာရုံဆီသို့သာ ပြေးသွားချေတော့သည်။
ဖိုလ်စိတ်ကျစဉ်တုန်းက ခံစားခဲ့ရပုံများကိုသာ တသသ သတိရနေချေတော့သည်။
၎င်းကိုကား ပစ္စ၀က္ခဏဉာဏ်ဟူ၍ ခေါ်ဆိုရချေ၏ ။
သို့မဟုတ်
ရပြီးဖိုလ်ချမ်းသာကို ပြန်လည်ခံစာနေပါသည်ဟု၏ ။
၎င်းပုဂ္ဂိုလ်ကို ဖလသမာပတ် ၀င်စားနေသောသူဟူ၍ ခေါ်ဆိုရပါ၏ ။
စိတ်ဖြူစင်မှုဖြင့် ထိုသို့ခံစားနေစဉ် …
စိတ်သည် တွေးစိတ်လည်းမသွင်း ပြေးစိတ်လည်း မပင်းဘဲ အလွန်ရှင်းလင်းသောအမြင်ဖြင့် အထူးကြည်လင်လျက်က တည်၏။
ဆောက်ပြီးစ တိုက်သစ်တစ်ခု၏ အတွင်းခန်းထဲဝယ်
တစ်ယောက်ထီးတည်း အေးချမ်းငြိမ်သက်စွာ ထိုင်နေရသည့်ပမာ အရှုပ်အထွေး ကင်းရှင်းစွာ ပကတိအသိ ပကတိအကြည့်ဖြင့် အမြင်ကြည်လျက်ပင် ရှိချေ၏ ။
ထို ဖိုလ်ချမ်းသာ ခံစားရမှုကား အာရုံပေါ်တိုင်းလည်း ဖြစ်ပွားနေတတ်လှ၏ ။ ကိုယ်ဝင်ချင်သလိုဝင်၍ရသော ကိုယ်ပိုင်အိမ်ကဲ့သို့ပင်ဖြစ်၏ ။
ဖိုလ်ဇောကျစဉ် အားကြီးမှုစိတ်စဉ်သို့လိုက်၍
အချို့ကား ရှုပွားနေကျ ဖြစ်ပျက် ရှုလျက်ကပင် ဖိုလ်ဇောဆီသို့ ထိုးဝင်ပြေး၏ ။
အချို့ကား ဖလသမာပတ် ၀င်စားလိုချိန် အာရုံပြုသည်နှင့် အဆင့်ဆင့် ကူးဝင်၏ ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ တရစ်ဝဲ၀ဲခံစားနေခြင်းသည်ကား ရှေ့ခရီးဆက် တစ်ကွေ့ထွက်ရန်၏ အဟန့်အတားဆိုသည်ကိုလည်း သတိ ရှိပါလေ။
ရပြီး ဖိုလ်ချမ်းသာကိုချည်း ထိုသို့ အလယ်ကွက်ကွက် အတွေ့ဖက်နေခြင်းသည်ကား ရောင်းရာဝယ်ရာတို့မှ အမြတ်ထွက်လာသောငွေကို အခါခါထုတ် ရေတွက်နေပုံမျိုး ဆိုသည်ကိုလည်း သတိရှိပါလေ။
အသစ်လာလျှင် အဟောင်းကွာရန်ကြိုးစားပါ
အကယ်တိတိ
သင်သည် ရှေ့ခရီးအထွက် ဆက်ချင်ခဲ့သော်
ရပြီးဖိုလ်ချမ်းသာသို့ စိတ်မရောက်စေရန် အဓိဋ္ဌာန်ဖြင့် ဖြတ်တောက်ချအပ်၏ ။
ဤနေရာသည် ငါ့အတွက် ဘေးရန်မကင်းသေးပြီ ။
ဝိသာခါမ လင်တော်ကိုပုည၏ အသုံးတော်ခံဘ၀မှ မထရသေးသည်ကို အောက်မေ့ရာ၏ ။
ဝိသာခါမ အတွင်းရှိ ရာဂသွေး ဒေါသသွေးတို့က ကလိခံနေရသည်ကို သတိရှိရာ၏ ။
သောတာပန် အနာထပိဏ်ဘ၀ မယားပုညလက္ခဏ၏ လက်မှ မထွက်သေးသည်ကို အမှတ်ရရာ၏ ။
အနာထပိဏ်၏ဘ၀ မယားကိစ္စသားကိစ္စ လက်မှမချရသေးသည်ကိုလည်း အမှတ်ရရာ၏ ။
ငါသည် လေးဘက်သွားမှလွတ်သော်လည်း နှပ်မစင်သေး၊
ငါသည် နှပ်ပင်စင်သော်မှလည်း သင်္ခါရ၏ ပြုပြင်မှုအောက်က မလွတ်မြောက်သေး။
ဤသို့သော(သူ့ဖိုလ်ချမ်းသာ၌ အမုန်းဝင်စေသော) ဆင်ခြင်ဉာဏ်တို့ဖြင့် ဖြတ်တောက်အပ်၏ ။
ဖြတ်တောက်တတ်ပါမှလည်း ရှေ့ခရီးဆက်၍ ရ၏ ။ မိမိရှိ ရုပ်နာမ်ဖြစ်ပျက်သို့ ယခင်ရှုနေကျအတိုင်း ရှုမှတ်ခြင်းဖြင့်သာ အဆင့်တက်ရပါသည်ကို အားကိုးတတ်ပါမှလည်း ရှေ့ခရီး ဆက်၍ ရ၏ ။
ထိုသို့မဟုတ်ပါက
မတွေ့စဖူး အတွေ့ထူးကြီး ဖြစ်နေ၍ ငြိတွယ်နေသည်က တစ်ကြောင်း၊
ကမ္ဘာ့ကမ္ဘာ သာသနာနှင့် ကြုံတိုင်း တောင့်တခဲ့သည်ကို ရနေသည်က တစ်ကြောင်း၊
ကာမအရသာထက်ကောင်းသော ဓမ္မအရသာ၌ ခံကောင်း ကောင်းနေသည်က တစ်ကြောင်း၊
ထိုအကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် လမ်းကြောင်း ထစ်ငေါ့နေတတ်လှချေသည်။
ငါတို့ခေတ် တစ်မဂ်မှ တစ်မဂ်သို့ မကူးဆက်နိုင်ခြင်းသည်
ယင်းအကြောင်းခံတရားများကြောင့်ဆိုက မမှားတန်ရာပြီ။
မယားငြိ သားငြိကမှ တရားမမိသည်မဟုတ်၊
တရားအငြိကလည်း တရားမမိသည်ကို သက်သေထူနေခြင်းတည်း ။
ဤသို့ ငြိကပ်နေခြင်းကပင် မိမိ၌ ကိလေသာအား ကြီးလှပါကြောင်း ၀န်ခံချက်ပေးခြင်း မဟုတ်လော။
ခရီးမဆုံးမီ ခါးတောင်းကျိုက် မဖြုတ်လေနှင့်ဦး
စိတ်ဓာတ်မည်းသူ ဖြူလိုမူ တူရှုခရီးဆက် ၊
ဤသို့ ဆိုအပ်ခဲ့ပြီးသော အစီရင်ဖြင့်ပင် သစိတ္တ ပရိယောဒါပနံအရ စိတ်ဓာတ်ဖြူစင်ပုံ အခြင်းအရာ ရိပ်မိနိုင်လောက်ရာ၏ ။
ထို့ထက်ဆက်၍ ဖြူစင်လိုပါသော်ကား…
တစ်မဂ်မှတစ်မဂ်သို့ တက်၍တက်၍သော်လည်းကောင်း၊
တစ်ဖိုလ်မှတစ်ဖိုလ်သို့ ထွက်၍ထွက်၍သော်လည်းကောင်း၊
ဖြူစင်သည်ထက် ဖြူစင်စွာ ကြိုးစားကြကုန်ရာ၏ ။
တစ်မဂ်မှ တစ်မဂ်သို့ တက်ကြရာတွင်
သင့်မှတ်ချက်တစ်ချက်လျှင် အမည်း တစ်စက်တစ်စက်ပျောက် အဖြူတစ်ချက်တစ်ချက်တောက်စေ၏ ။
မဂ်ကျ ဖိုလ်ဝင် အရိယာဇာတ်ဝင်ပြီး သူတစ်ဦး၏ လက်ဝယ်ရှိ ရှုမှတ်ချက်တစ်ချက်ဟူသော မဂ္ဂအရာသည် ငွေစင်တစ်မတ်ပမာ ကြေးစွာ၏။ အစစွာသော ၀ိပဿနာရှင်လက်ဝယ်ရှိ မှတ်အားကဲ့သို့ ငါးပြားတစ်စေ့ မဟုတ်တော့ပြီ။
တစ်မဂ်တစ်မဂ်သို့ ခရီးပေါက်သွားလျှင်ကား အဖြူတစ်ချက်အတောက် အမည်းလည်း တစ်ကွက် အသက်ပျောက်စေ၏။
မဂ်ကျဖိုလ်ဝင်စဉ်ရှိ အရိယာဇာတ်သားတစ်ဦး၏ ရှုမှတ်ချက်ဟူသော မဂ်အရာသည်ကား ငွေစင်တစ်ကျပ်ပမာ ကြေးစွာ၏။ မဂ္ဂင်အရာရှိမှတ်အားကဲ့သို့ မတ်စေ့တစ်စေ့ မဟုတ်တော့ပြီး။
က။ အစစွာသော ၀ိပဿနာရှင်၏ မှတ်ချက်တစ်ချက်သည် မဂ္ဂင်အရာဝင်ရာ၏ အခြေခံမျှသာဆိုသည်ကို သတိရှိရာ၏ ။
ခ။ အရိယာဇာတ်သား၏ မှတ်ချက်တစ်ချက်သည် မဂ်ဝင်ရာ၏ မဂ္ဂင်အရာဆိုသည်ကို သတိရှိရာ၏ ။
ဂ။ မဂ်ကျဆဲကာလ၏ မှတ်ချက်တစ်ချက်သည်ကား ရှေ့မဂ်သွားရာ ဖ၀ါး နောက်မဂ် အထပ်ထားသောမဂ်အရာ၏ မဂ်ဆိုသည်ကို သတိရှိရာ၏ ။
ထိုသို့ ပျောက်သော အစက်အကွက်တို့ ကုန်ခန်းသော်
ပေါက်သောအဖြူ ချက်တို့ချည်း အာရုံတိုင်း၏ နေရာအပြည့်လင်းမည်ကိုလည်း တစ်ထစ်ချ ယုံကြည်အပ်၏ ။
သစိတ္တပရိယောဒါပနံ၏ စိတ်အဖြူစင်ဆုံးကာလသည်
အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို အကြွင်းမဲ့ လက်ကျန်မရှိ ပယ်ဖက်ပြီးသော အရိယာအရှင်သခင်ကြီးများ၏ အရိုက်အရာခံချိန်ကာလပင်တည်း။
ထိုအချိန်မျိုးနှင့် ထိုအချိန်မျိုး၏ နောက်ပိုင်းရှိ စိတ်တော်များသည်
အသိရှိနေသည့်အလျောက် မသိမရှိပြီ ။
မသိမရှိတော့သည့်အလျောက် အသိရှိနေပြီ ။
သို့ကြောင့်
မသိရာမှဖြစ်သော ပူပန်နောက်ကျုခြင်း ဥဒ္ဓစ္စ ကုက္ကစ္စများ မလာပြီ။
မသိရာမှဖြစ်သော မြတ်နိုးတက်ကြွ မာန်ထခြင်းမာန ကင်းပပြီ။
မသိရာမှဖြစ်သော စိတ်မခန့် ကိုယ်မကြံ့မှု ထိနမိဒ္ဓများလည်း ဖယ်ရှားသွားပြီ။
ချစ်မုန်းနှစ်ပါး ငါစွဲများနှင့် ကျန်အယုတ်တရားများ ယခင်ကပင် ရှောင်ရှားသွားပြီ ။
ထိုစိတ်မျိုးမှမဖြူ မည်သည့်စိတ် ဖြူမည်နည်း။
သို့ပါသောကြောင့် သစိတ္တပရိယောဒါပနံဟူ၍ ဘုရားရှင်တိုင်း၏ အဆုံးအမကို လိုက်နာလိုကြပါကုန်သော အရိယာလောင်းလျာ သူတော်စွာတို့သည် ထို အရဟတ္တဖိုလ်သို့အရောက် ခရီးပေါက်အောင် တောက်လျှောက်သွားကြပါလေကုန် …
ရွှေကျောင်းကုန်းဆရာတော်(မဟာဗောဓိမြိုင်ဆရာတော်) ၀န၀ါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ်ပူဇော်ပါသည်။
_/\__/\__/\_
Shared from Ko Thein Naing Ohn (FB)
No comments:
Post a Comment