လွန်လေပြီးသည်ကို ကြံ၍ စိုးရိမ်တတ်သောသူ၊ လာလတ္တံ့သော အနာဂတ် ကို ကြံ၍ စိုးရိမ်တတ်သောသူ၊ ဤသူ မလိမ္မာတို့သည်လည်း နှလုံး အသင့်အတင့် မထားတတ်ခြင်းကြောင့် ကျူရိုးကျူပင် ကို ကောင်းကင် သို့ နှုတ်ပစ်လိုက်သကဲ့သို့ မိမိတို့ အဆင်းကိုပင် မိမိတို့ဖျက်၏။
ခမည်းတော်၊ ငါမူကား ဤရုန့်ကြမ်းစွာသော မြက်အခင်း၌ အိပ်လျက်ပင် လည်း ဤအခင်းထက်သာ၍ နူးညံ့သော အိပ်ယာကိုရသော် ကောင်းလေ၏ ဟု တောင်တ စိုးရိမ်ခြင်း ငါမရှိ။ အခင်း၌ အဆိုးအကောင်း အမှတ်မပြုလေခြင်းကြောင့် ကြမ်းသည်ဟူ၍ ငါမထင်။ ဤအခင်းဖြင့်ပင် ငါ၏ အဆင်းကား အလွန်ကြည်ညိုဖွယ်ဖြစ်၏။
ဤကျောင်းသင်ခန်း၌ သင်္ကန်း သပိတ်စသော ရဟန်းအသုံးအဆောင် ပရိက္ခရာတို့ကို မပျောက်မပျက်စေခြင်းငှါ ထီးနန်းမှာ ရွှေလှံ၊ ရွှေဓား အစောင့်အရှောက်ထားသကဲ့သို့ တစ်စုံတစ်ခုသော အစောင့်အရှောက် ကိုမျှလည်းမထား။ သူတစ်ပါး ဖျက်ဆီးလတ္တံ့ ဟူ၍လည်း နှလုံးမရှိ။ ထိုပစ္စည်းပရိက္ခရာ၌ စိုးရိမ်ခြင်းမရှိသဖြင့်လည်း ငါ၏အဆင်းသည် ကြည်ညိုဖွယ်ကို ဆောင်သည် ဖြစ်ရာ၏။
ငါသည် ဆွံ့ယောင် အ,ယောင် မဆောင်ဘဲ ကာမဂုဏ် စည်းစိမ်ကို ခံ၍ ယခုအရွယ် တစ်ဆယ့်ခြောက်နှစ်ကျော်လျှင် ရဟန်းပြုရလေသော် မင်းဖြစ်ကျိုးလည်းရှိလေ၏ စသည်ဖြင့် လွန်ခဲ့ပြီးသော အမှုကိုလည်း မသင့်သောအရာ၊ သင့်သောအရာ၌ပင် အဖန်တလဲလဲ ကြံအောက်မေ့၍ စိုးရိမ်ခြင်းမည်သည် မဖြစ်။
ယနေ့ ဤအစာကိုစားရပြီ။ နက်ဖြန် အဘယ်အစာကို စားရပါမည်နည်း စသည်ဖြင့် အိပ်ရာနေရာ၊ အစား၊ အဝတ်၊ အသုံးအဆောင်၊ အဖော်အရွေ စသည်တို့ကိုမှီ၍ အနာဂတ်၌ ဖြစ်လတ္တံ့သည်ကို အဖန်တလဲလဲ ကြံအောက်မေ့သဖြင့် စိုးရိမ်ခြင်းမည်သည်မဖြစ်။ ယနေ့သော် ယနေ့အလျောက်၊ နက်ဖြန်သော် နက်ဖြန်အလျောက် ရသမျှ ပစ္စည်းဖြင့်သာ ရောင့်ရဲစေ၏။ ထိုသို့ စိုးရိမ်ခြင်းမရှိ၊ ရသမျှဖြင့် ရောင့်ရဲ လွယ်ခြင်းကြောင့်လည်း ငါ၏အရောင်အဆင်းသည် ကြည်ညိုဖွယ် ကို ဆောင်သည်ဖြစ်ရာ၏။
ခမည်းတော်၊ နူးညံ့သောအာရုံ ကာမဂုဏ်နှင့် မစပ်မယှဉ်ဘဲ အဆင်းအရောင် ကြည်ညိုဖွယ်နှင့် ပြည့်စုံခြင်းကို ခမည်းတော်မြင်ရသဖြင့် ငါ့သားကား လွန်ခဲ့ပြီးသည်ကို လည်းကောင်း၊ လာလတ္တံ့သည်ကိုလည်းကောင်း၊ အကျိုးမဲ့ အဖန်တလဲလဲကြံ၍ စိုးရိမ်ပင်ပန်းတတ်သော မလိမ္မာသူ အပြိန်အဖျင်း မဟုတ်ချေဟူ၍ အံ့ဖွယ်သရဲ၏ အကြောင်းကို ရှာကောင်းသည် မဟုတ်လောဟု ဆို၏။
(ဆရာတော်ဦးသြဘာသ၊ တေမိယဇာတ်တော်ကြီး၊ ခမည်းတော်နှင့် စကားဆိုခန်းမှ)
Shared from Ashin Visarada (FB)
No comments:
Post a Comment