Monday, January 14, 2013

အိပ်ငိုက်တိုင်း ကိလေသာလော



ကိုယ်ပင်ပန်းလို့ အိပ်ငိုက်တာကတော့ ကိလေသာမရှိတဲ့ ရဟန္တာမှာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် သစ္စကပရိဗိုဇ်ကြီးက “နေ့အခါ ကျန်းစက်ဖူးပါသေးသလား” လို့ မြတ်စွာဘုရားကို မေးတဲ့အခါ မြတ်စွာဘုရားက “နွေရာသီ နောက်ဆုံးလမှာ နေ့အခါ ကျိန်းစက်ဖူးကြောင်း” ဖြေကြားတော်မူပါတယ်။ အဲဒီတော့ သစ္စကပရိဗိုဇ်ကြီးက “အဲဒီလို ကျိန်းစက်တာကို အချို့က သမ္မောဟ၀ိဟာရ တွေဝေလျက်နေခြင်းလို့ ဆိုကြပါတယ်” လို့ လျှောက်တယ်၊ အဲဒီမှာ တချို့က ဆိုပေမယ့် သူကိုယ်တိုင်က ဆိုတာပါပဲ။ သူက မြတ်စွာဘုရားကို မောဟမကင်းသေးဘူးလို့ ဆိုလိုတာပါပဲ။ အဲဒီတော့ မြတ်စွဘုရားက ကျိန်းစက်တဲ့အတွက် တွေဝေတယ်လို့လည်း မဆိုရကြောင်း မတွေဝေဘူးလို့လည်း မဆိုရကြောင်း အာသဝေါ ကိလေသာ မကင်းသေးတဲ့သူမှာ တွေဝေခြင်း ရှိကြောင်း အာသဝေါ ကိလေသာ ကင်းပြီးသော ဘုရားမှာ တွေဝေခြင်း မရှိကြောင်းများကို ကရုဏာတော်ဖြင့် ရှင်းလင်းပြတော်မူပါတယ်။ အဲဒီမှာ မြတ်စွာဘုရားတောင်မှ ကျိန်းစက်တော်မူတဲ့အခါ ရှိသေးတယ်လို့ ဆိုတာကို ထောက်ဆကြည့်ရင် ကိုယ်ပင်ပန်းလို့ အိပ်ချင်တာကိုတော့ နီဝရဏထိနမိဒ္ဓလို့ မဆိုသင့်ပေဘူး။

(သလ္လေခသုတ် တရားတော်ကြီး)

ရုပ်မိဒ္ဓ၀ါဒ
ဒါကြောင့် ၀ိမုတ္တိမဂ် ဆိုတဲ့ကျမ်းမှာ “(၁) စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇမိဒ္ဓ၊ (၂) ပူအိုက်တဲ့ ဥတုကြောင့် ဖြစ်တဲ့ ဥတုဇမိဒ္ဓ၊ (၃) အစာဝလွန်းလို့ ဖြစ်တဲ့ အာဟာရဇမိဒ္ဓ လို့ ငိုက်မျဉ်းခြင်းဆိုတဲ့ မိဒ္ဓကို သုံးမျိုးခွဲပြီးတော့ စိတ်ကြောင့် ဖြစ်တဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓသာ နီဝရဏ ကိလေသာဖြစ်တယ်။ ကျန်တဲ့ ဥတုကြောင့် အာဟာရကြောင့် ဖြစ်တဲ့ ငိုက်မျဉ်းခြင်းများကတော့ နီဝရဏကိလေသာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုလျှင် အဲဒီဥတုကြောင့် အာဟာရကြောင့် ဖြစ်တဲ့ ငိုက်မျဉ်းခြင်းကတော့ ရဟန္တာမှာတောင် ဖြစ်နိုင်သောကြောင့်ပါပဲ” လို့ ဆိုထားပါတယ်။ အဲဒီအဆိုကို ၀ိသုဒ္ဓိမဂ်နှင့် အဋ္ဌသာလိနီ အဋ္ဌကထာများမှာ ပယ်ထားပါတယ်။ ဒါပေမယ့် ဥတုကြောင့် အာဟာရကြောင့် ဖြစ်တယ်ဆိုတဲ့ ရုပ်မိဒ္ဓကို မိလိန္ဒပညှာနှင့် ပေဋ္ဋကောပဒေသကျမ်းမှာလည်း တွေ့ရတယ်။ အဲဒီမှာ စိစစ်ကြည့်ရင် ရုပ်မိဒ္ဓရှိတယ်ဆိုတဲ့ ကျမ်း ၃ ခုက ဇမ္ဗုဒီပ ခေါ်တဲ့ အိန္ဒိယက ရေးတဲ့ကျမ်းများ ဖြစ်တယ်။ ရုပ်မိဒ္ဓကို ပယ်တဲ့ အဋ္ဌကထာတွေက သီဟိုဠ်က ရေးတဲ့ကျမ်းများ ဖြစ်တယ်။ ဒါကြောင့် ရုပ်မိဒ္ဓ ရှိတယ်ဆိုတဲ့ ၀ါဒကို ဇမ္ဗုဒီပမထေရ်တို့၏၀ါဒလို့ မှတ်ယူသင့်ပါတယ်။ မြတ်စွာဘုရားတောင် ရာသီဥတု အလွန်ပူအိုက်တဲ့လမှာ နေ့အခါ ကျိန်းစက်တော်မူတယ်ဆိုတော့ ရုပ်မိဒ္ဓ၀ါဒက သင့်တဲ့သဘော ရှိပါတယ်။ 

(သလ္လေခသုတ်)

သာမဏေကျော် ရေးသားသော မဟာစည်ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များ စာအုပ်မှ ကူးယူရေးသားပါသည်။

ခိုင်ခိုင်

No comments:

Post a Comment