Thursday, July 5, 2012

စိတ်ချမ်းသာချင်လျှင် ဥပေက္ခာ ပြုတတ်အောင်နေ မေတ္တာထားတတ်အောင် ကျင့်

စိတ်ချမ်းသာချင်လျှင် ဥပေက္ခာ ပြုတတ်အောင်နေ မေတ္တာထားတတ်အောင် ကျင့် ပါရမီ မြောက်အောင်(လူတော်လူကောင်းများအလုပ် လုပ်နိုင်အောင်) ကျင့် ဟု ဆရာဦးမြသောင်း က ခဏခဏ သတိပေး ဘူးပါသည်။ ဆရာပြောပြသော ဥပေက္ခာ ပါရမီ နှင့် မေတ္တာ ပါရမီ မှတ်စုအတိုကို တင်ပြခွင့်ပြုပါ။

ဥပေက္ခာပါရမီ။ ။ မချစ် မမုန်း အလယ်အလတ်ကျင့်သုံးခြင်းကို ဥပေက္ခာ ဟုခေါ်ပါသည်၊ တည့်မတ်ခြင်းသဘော ၊ ဘက်မလိုက်ခြင်းသဘော သည် လူတော်လူကောင်းတို့၏ အလုပ်ဖြစ်သောကြောင့် ပါရမီလည်း မည်ပါသည်၊ ချစ်ခြင်းသဘောသည် လောဘသဘောကို ဆောင်ပါသည်၊ မုန်းခြင်းသဘောသည် ဒေါသသဘောကို ဆောင်ပါသည်၊ ထို့ကြောင့် ချစ်ခြင်း မုန်းခြင်းတို့၌ လောဘအပြစ် ဒေါသအပြစ် ရှိပါသည်၊ မုန်းခြင်းကို သည်းခံနိုင်အောင် လေ့ကျင့်အပ်သကဲံ့သို့ ချစ်ခြင်းကိုလည်း ရှောင်ကြဉ်နိုင်အောင် လေ့ကျင့်အပ်ပါသည်၊ ချစ်သဖြင့် ချစ်သောသူတို့နှင့် ပတ်သက်သော ဒုက္ခပေါင်းများစွာ ရှိပါသည်၊ မုန်းသဖြင့် မုန်းသောသူတို့နှင့် ပတ်သက်သော ဒုက္ခပေါင်းများစွာ ရှိပါသည်၊ မချစ် မမုန်း တည့်မတ်စွာ နေနိုင်လျှင် အပြစ်များစွာမှ လည်းကောင်း ဒုက္ခများစွာမှ လည်းကောင်း ကင်းဝေးသွားပါသည်၊ မုန်းခြင်း ချစ်ခြင်းကြောင့် ဘက်လိုက်ခြင်းများ ဖြစ်တတ်ပါသည်၊ ဘက်လိုက်ခြင်း အဂတိလိုက်ခြင်းသည် သူတော်ကောင်းတို့အကျင့် မဟုတ်ပါ ၊ ထို့ကြောင့် အဂတိလိုက်ခြင်း, ချစ်ခြင်း မုန်းခြင်း အပြစ်ကို မြင်ပြီး ဘက်လိုက်ခြင်း, အဂတိလိုက်ခြင်း ကင်းအောင် ကျင့်ကြံနေထိုင်ကြရပါမည်၊ ချစ်စရာ မုန်းစရာ များလှသော လောကကြီးတွင် ချစ်ခြင်း မုန်းခြင်း ကင်းအောင် နေခြင်း ဥပေက္ခာ သည် မြင့်မြတ် အထက်တန်းကျလှပါသည်၊ ဥပေက္ခာ ပါရမီဖြင့် ဘက်လိုက်မှုများ အဂတိလိုက်မှုများ ကင်းဝေးကြပါစေ ၊ ဥပေက္ခာ ပါရမီဖြင့် မိမိ သူတပါး ချမ်းသာအောင် ဆောင်ရွှတ်နိုင်ကြပါစေ ။

မေတ္တာပါရမီ။ ။ အများအပေါ် ရန်သူလို သဘောမထားပဲ မိတ်ဆွေလို သဘောထားခြင်း ( အများအပေါ်ချစ်ခင်ခြင်း ) ကို မေတ္တာ ဟုခေါ်ပါသည်၊ မေတ္တာ ထားခြင်းသည် လူတော်လူကောင်းတို့၏ အလုပ်ဖြစ်သောကြောင့် ပါရမီလည်းမည်ပါသည် ၊ ရန်ငြိုးထားခြင်း မုန်းတီးခြင်း ပျက်စီးစေလိုခြင်း စသည်တို့သည် ရန်ကို တိုးပွားစေပြီး ဆုတ်ယုတ်ခြင်းကို ဖြစ်စေပါသည်၊ ချစ်ခြင်း ခွင့်လွှတ်ခြင်း ကျန်းမာချမ်းသာစေလိုခြင်း မေတ္တာ သည် ရန်ကို ငြိမ်းစေပြီး တိုးတက်ကြီးပွားခြင်းကို ဖြစ်စေပါသည်၊ သတ္တ၀ါတို့အပေါ် ( သူတပါးတို့အပေါ် ) ကျန်းမာ ချမ်းသာပါစေ ဟူသော မေတ္တာ စိတ်ကို အထပ်ထပ် အခါခါ လေ့ကျင့်ပွားများရပါသည်၊ မေတ္တာစိတ် ကိန်းအောင်းလာလျှင် မိတ်ဆွေစိတ် ဖြစ်လာပါသည်၊ အများအပေါ် မိတ်ဆွေစိတ် ဖြစ်လာလျှင် ရန်မူလိုစိတ်များ တဖြည်းဖြည်း ကင်းဝေးသွားပါသည်၊ မေတ္တာ ဟူသော မိတ်ဆွေစိတ် ရင့်ကျက်သွားပါက သနားချစ်ခင်ခြင်း မိခင်စိတ် ဖြစ်လာတတ်ပါသည်၊ မိတ်ဆွေစိတ်ကို မေတ္တာ ဟုခေါ်သကဲံ့သို့ မိခင်စိတ်ကို လည်း မေတ္တာဟု ခေါ်ပါသည်၊ မိတ်ဆွေစိတ် အဆင့်သည် နုသော မေတ္တာ ဖြစ်ပါသည်၊ မိခင်စိတ် အဆင့်သည် ရင့်ကျက်သော မေတ္တာ ဖြစ်ပါသည်၊ မိတ်ဆွေစိတ်မွေး၍ သတ္တ၀ါတို့အပေါ် မိတ်ဆွေကဲ့သို့ စောင့်ရှောက်နိုင်ပါစေ ၊ မိခင်စိတ်မွေး၍ သတ္တ၀ါတို့အပေါ်သားသမီးကဲ့သို့ ချစ်ခင် မြတ်နိုးနိုင်ပါစေ ကြည်ဖြူခွင့်လွှတ်နိုင်ပါစေ။ မေတ္တာပါရမီဖြင့် မိမိ သူတပါး ချမ်းသာအောင် ဆောင်ရွှက်နိုင်ကြပါစေ ။ ။

ဒီ မှတ်စုကို ဖတ်မိသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ၊ မဖတ်မိသူများလည်း ကျန်းမာချမ်းသာအောင် မိမိကိုယ်ကိုမိမိ ဆောင်ရွှက်နိုင်ကြပါစေ။

Shared from Ko Kyaw San

2 comments:

  1. ဆရာ့ ဦးမြသောင်း နံမည်နှင့် ကျွန်တော့်နံမည်ဖော်ပြပေးတာ ကျေးဇူးပါ

    ReplyDelete
  2. ကိုကျော်ဆန်းလား မသိဘူး။ ဟုတ်ကဲ့ ရပါတယ်... ဘယ်သူ့ဆီက ရှယ်ခဲ့တာလဲဆိုတာလည်း မှတ်မိနေအောင်၊ credit လည်းပေးတဲ့သဘောပါ :)

    ReplyDelete