ဒကာမများသည် ရဟန်းတော်များ၏ ပစ္စည်းလေးပါးဒကာမများပင်ဖြစ်ပေသည်။ တစ်ခါတရံ၌ အချို့သောဒကာမများသည် အရှက်အကြောက်နည်းပါးကြပြီး ရဟန်းတော်တို့၏အကျင့်သီလညစ်နွမ်းအောင် ပြုမူပြောဆိုနေထိုင်ကြတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။ ထို့သို့သောဒကာမများကို အကြောင်းပြု၍ အချို့သောရဟန်းများသည် လူထွက်သွားကြရတတ်ပါတယ်။ သို့ဖြစ်၍ "ဣတ္ထိ မလံ သာသနဿ- မိန်းမသည် သာသနာတော်၏ အညစ်အကြေး"ဟု ဆိုရိုးစကားထားခဲ့သည်ပင်မဟုတ်ပါလော့။ ဘယ်လိုပဲဖြစ်ဖြစ် ရဟန်းတော်များကလည်း ရဟန်းကျင့်ဝတ်နယ်ပယ်အတွင်းမှာနေ ဒကာမများကလည်း မိမိတို့ရဲ့ ကျင့်ဝတ်နယ်ပယ်အတွင်းမှနေပြီး ဆက်ဆံကြမယ်ဆိုလျှင် မည်သည့်ဘေးအန္တရာယ်မှ မဖြစ်နိုင်ပါ။ ထိုသို့ ပေါင်းသင်းဆက်ဆံကြမယ်ဆိုလျှင်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးများကြသည်မှာလည်းအမှန်ပင်ဖြစ်ပါလိမ့်မယ်။ သာသနာ့သမိုင်းတစ်လျှောက်တွင်လည်း ကျင့်ဝတ်နှင့်အညီဆက်ဆံခဲ့၍ နှစ်ဦးနှစ်ဖက်အကျိုးရှိပုံလေးကို တင်ပြပါဦးမယ်။
အယျမိတ္တမထေရ်သည် သီဟိုဠ်ကျွန်းကဿပလိုဏ်ဂူ၌ သီတင်းသုံးနေတော်မူပါတယ်။ ထိုမထေရ်၏ ဆွမ်းခံရွာ၌ ဥပါသိကာမတစ်ဦးသည် အယျမိတ္တမထေရ်ကို သားအရင်းပမာဆွမ်းဝတ်ပြုတော်မူပါတယ်။ တစ်နေ့သ၌ ထိုဥပါသိကာမသည် လယ်ယာသို့သွားခါနီး သမီးဖြစ်သူအား- "သမီးရေ ဒီနေရာမှာတော့ နှစ်ချို့ဆန်ဟောင်းတို့ရှိတယ်၊ ဟိုနေရာမှာတော့ နို့ရည်၊ တင်လဲတို့ရှိပါတယ်။ သမီးတော်ရဲ့ မောင်တော်အယျမိတ္တမထေရ်ကြွလာလျှင် ဆွမ်းကိုချက်ပြီး နို့ရည်၊ထောပတ်၊တင်လဲတို့နှင့်အတူ လောင်းလှူလိုက်ပါပေါ့၊ ပြီးရင် သမီးလည်း စားပါ၊ အမေကတော့ မနေ့ညက ကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်နှင့်အတူစားပြီးပြီး" ဟု ပြောဆိုလိုက်ပါတယ်။ ထိုစဉ်ခဏမှာပင် "အမေ.. နေ့ခင်းစာကို ဘာစားကြမလဲ "ဟု မေးလေရာ မိခင်ကြီးက" သမီး! ဟင်းရွက်ကိုထည့်၍ ဆန်ကွဲဖြင့်ရောနှောကာ ယာဂုကျိုထားလိုက်ပါ "ဟုပြန်ပြောလေသတဲ့။
ထိုသို့ပြောသောအသံကို အယျမိတ္တမထေရ်က ကြားမိခဲ့ပါတယ်။ အယျမိတ္တမထေရ်ကလည်း မိမိကိုယ်ကို ပြန်မေးမိသတဲ့- "ငါ့ကိုမှီ၍ ဒကာမကြီးသည် လယ်ကိုတောင့်တသည်မဟုတ်၊ ယာဂုကိုလည်းတောင့်တသည်မဟုတ်၊ ထမင်းကိုလည်း တောင့်တသည်မဟုတ်၊ အ၀တ်အစားကိုလည်းတောင့်တသည်မဟုတ်။ အမှန်စင်စစ်အားဖြင့် သုံးပါးသောလူ့စည်းစိမ်၊ နတ်စည်းစိမ်း၊ နိဗ္ဗာန်စည်းစိမ်တို့ကို တောင့်တ၍ လှူရှာတယ်။ ငါသည် ထိုဒကာမကြီးအား ထိုစည်းစိမ်တို့ကို ပေးရန် စွမ်းနိုင်ပါ၏လော့၊ စွမ်းနိုင်မည်မဟုတ်ချေ" ဟုအကြံဖြစ်မိခဲ့ပါတယ်။ အယျမိတ္တမထေရ်ကလည်း ဤဆွမ်းကို ရာဂ၊ ဒေါသ၊ မောဟတို့နှင့်တကွ မခံယူကောင်းပေဟု မိမိကိုယ်ကိုဆုံးမကာ ပြန်လှည့်ပြီး ကဿပလိုဏ်ဂူသို့သွားခဲ့ပါတယ်။ ထို့နောက် လိုဏ်ဂူအတွင်း၌ ငါသည် အရဟတ္တဖိုလ်သို့ မရောက်မချင်း ဤလိုဏ်ဂူမှ မထွက်တော့အံ့ ဟု ဆုံးဖြတ်ခဲ့ပါတယ်။ ထိုမထေရ်၏အားထုတ်မူသည့် ကြာမြင့်စွာသော ကာလပတ်လုံးမမေ့မလျော့ဘဲ နေခဲ့သောကြောင့် နောက်ဆုံး၌ အရဟတ္တဖိုလ်သို့ရောက်ခဲ့ရပါလေတော့သတည်း။ ထိုလိုဏ်ဂူတံခါးဝအနီးတွင်ရှိသော သစ်ပင်၌ စိုးအုပ်၍နေသောနတ်သားက- "အရှင်ဘုရား အရှင်ဘုရား၏ အာသဝေါတရားတို့သည် ကုန်ခြင်းသို့ရောက်ပါပြီ။ အာသဝေါတရား ကုန်ခန်းပြီးသော အရှင်ဘုရားသည် အလှူခံခြင်းငှာ ထိုက်ပါပေ၏။ ယောင်္ကျားအာဇာနည် ပီသပါပေသော အရှင်ဘုရား အရှင်ဘုရားအား တပည့်တော်ရိုသေစွာ ရှိခိုးပါ၏။ ယောက်ျားမြတ်ဖြစ်တော်မူသောအရှင်ဘုရား အရှင်ဘုရားအား ရှိခိုးပါ၏ ဟု ဥဒါန်းကျူးရင့်ပြီး အရှင်ဘုရား ဆွမ်းအလို့ငှာ ၀င်ကုန်သော အရှင်ဘုရားကဲ့သို့ရှုအပ်ကုန်သော ရဟန္တာတို့အား ဆွမ်းကိုပေးလှူ၍ အိုမင်းသောမိန်းမတို့သည် ဆင်းရဲမှ လွတ်မြောက်ကြပါလိမ့်မည်"ဟုလျှောက်ကြားလေ၏။
မထေရ်မြတ်လည်း အချိန်စောသေးကြောင်းသိရှိသဖြင့် သပိတ်သင်္ကန်းကိုဝတ်ရုံကာ ရွာတွင်းသို့ဆွမ်းခံဝင်ခဲ့ပါတယ်။ သမီးဖြစ်သူသည်လည်း ဆွမ်းကိုပြင်ဆင်၍ ယခုအခါ၌ ငါ၏မောင်တော်လာလိမ့်မည်ဟု တွေး၍ တံခါးကို ကြည့်လျက်ထိုင်စောင့်နေပါတယ်။ ထိုမထေရ်ကြွလာသည့်နှင့်တစ်ပြိုင်နက်ထဲ သပိတ်ကိုယူကာ ထောပတ်၊တင်လဲတို့ဖြင့် ရောနှောထားသော နွားနို့ဆွမ်းဖြင့် ပြည့်စေ၍ မထေရ်မြတ်အား ဆက်ကပ်လေ၏။ ထိုအခါမထေရ်မြတ်က "ချမ်းသာခြင်းဖြစ်ပါစေတသည်း" ဟု ဆုပေးပြီကြွသွားလေ၏။ သမီးဖြစ်သူသည် မထေရ်မြတ်ကိုကြည့်လျှက် ရပ်နေ၏၊ ထိုအခါ မထေရ်မြတ်၏ အရေအဆင်းသည် အရင်ကနှင့်မတူ စင်ကြယ်နေတာကို သတိထားမိခဲ့ပါတယ်။ ထို့နောက် မိခင်ဖြစ်သူလယ်ယာမှပြန်လာကာ "သမီးရေ ဒီနေ့ သမီးရဲ့မောင်တော် ဆွမ်းခံကြွသလား "ဟုမေးလေ၏ သမီးဖြစ်သူကလည်း ဒီနေ့ မထေရ်မြတ်၏ထူးခြားပုံအခြင်းအရာကို ပြောပြလိုက်ပါသတဲ့။ ထိုအခြင်းအရာကို မိခင်ဖြစ်သူက- "ယနေ့ ငါ့သားတော်၏ရဟန်းကိစ္စအပြီးအဆုံးသို့ရောက်ပြီးဟု သိ၍ သမီး သင်၏မောင်တော်သည် ဘုရားသာသနာတော်၌ အလွန်မွေ့ လျော်၏။မည်သည့်အခါမျှ မငြီးငွေ့နိုင်တော့ပေ"ဟု ပြောဆိုနေလေ၏။ ဇာတ်လမ်းလေးကတော့ ပြီးဆုံးခြင်းသို့ရောက်ပါပြီ။ အထက်ဖော်ပြခဲ့သော အရာကိုပြန်လည်းသုံးသပ်ကြည့်သော် သားအမိနှစ်ယောက်သည် အယျမိတ္တမထေရ် ရဟန္တာတစ်ပါးဖြစ်လာအောင် ဆွမ်းဝတ်ပြု၍ အထောက်ပံ့ပေးခဲ့တာပါ။ ထိုသို့အထောက်ပံ့ပေးခဲ့ရာတွင်လည်း ဒကာမကြီးသည် မထေရ်မြတ်အား အလေးအမြတ်ထားကာ မွန်မြတ်သောခွဲဖွယ်ဘောဇဉ်တို့ဖြင့် ထောက်ပံ့ခဲခြင်းဖြစ်ပါတယ်။ မိမိမှာမူ ထမင်းကြမ်း၊ ဆန်ကွဲ၊ယာဂုစသည်တို့ဖြင့် ဖြစ်သလိုစား၍ အယျမိတ္တမထေရ်အား သဒ္ဓါတရားအစစ်အမှန်ဖြင့် လှူဒါန်းခဲ့ခြင်းလည်းဖြစ်ပါတယ်။ မထေရ်မြတ်အနေဖြင့်လည်း ထိုသို့ သဒ္ဓါတရားစစ်စစ်ဖြင့်လှူဒါန်းသောဆွမ်းကို ပြီးစလွယ်မခံယူဘဲ ရဟန်းကိစ္စကို ပြီးဆုံးအောင်အားထုတ်ပြီးမှသာ အလှူခံခဲ့ခြင်းဖြစ်ပါတယ်။ တဖန် မထေရ်မြတ်ကလည်း သားအမိနှစ်ယောက်အပေါ် မောင်နှင့်နှမ သားနှင်အမိကဲ့သို့ ဖြူစင်ရိုးသားသော စိတ်ထားများဖြင့်သာ ဆက်ဆံခဲ့ကြခြင်းဖြစ်ပါတယ်။ မိခင်ကြီးကလည်း မထေရ်မြတ်အပေါ် သား ဟူသောအမှတ်သညာဖြင့် ပြောဆိုဆက်ဆံတယ်။ မထေရ်မြတ်ကလည်း မိခင် ဟူသောအမှတ်သညာ၊ နှမ ဟူသောအမှတ်သညာများဖြင့် ဆက်ဆံခဲ့ခြင်းဖြစ်ပါတယ်။ ထိုသို့ မိမိတို့ကျင့်ဝတ်နယ်ပယ်အတွင်းက ဆက်ဆံခဲ့ကြသဖြင့် မည်သည့်အန္တရာယ်မျှ ဖြစ်ပေါ်လာခြင်းမရှိဘဲ အကျိုးတရားများသာ ဖြစ်ထွန်းခဲ့တာလေးက ဖော်ပြခဲ့သော သာဓကလေးကပင် ယနေ့တိုင်းထင်ရှာရှိနေဆဲပါ။သို့ဖြစ်၍ ရဟန်းတော်များကလည်း အယျမိတ္တမထေရ်ကဲ့သို့လည်းကောင်း၊ ဒကာမများကလည်း သားအမိကဲ့သို့လည်းကောင်း အတုယူကာ ဖြူစင်ရိုးသားသော စိတ်ထားများဖြင့်သာဆက်ဆံသွားမည်ဆိုလျှင်ဖြင့်……….
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
Posted by လပြည့်ဝန်း on July 28, 2011 at 9:47pm
အပြုံးပန်းဈေးခင်း
No comments:
Post a Comment