မြတ်စွာဗုဒ္ဓကိုယ်တော်တိုင်ပင် မေတ္တာဓာတ်ဖြင့် ဆန့်ကျင်ဘက်များကို အေးမြစေခဲ့၏။ မြတ်ဗုဒ္ဓ၏ အောင်နိုင်ခြင်းများကို ကြည်ညိုကြည့်ပါက မေတ္တာဖြင့် အောင်နိုင်ခြင်းများကိုသာ တွေ့ရမည်ဖြစ်၏။ အလွန်ကြမ်းတမ်းသည့် အင်္ဂုလိမာလကဲ့သို့သော သူများ၊ ဒေါသအလွန် ပြင်းထန်သည့် သစ္စကကဲ့သို့သော ပုဂ္ဂိုလ်များ၊ ခွန်အားကြီးမားသည့် နာဠာဂိရိကဲ့သို့သော ဆင်ပြောင်ကြီးများ စသည့် အာဂစွမ်းအားရှင်များကိုလည်း မေတ္တာဓာတ်များ ဖြန့်လွှမ်းကာ ကရုဏာတရားများဖြင့် နူးညံ့မှုကို ဖြစ်ပွားစေခဲ့၏။ အလွန်အဆဲသန်သည့် အက္ကောသ ဘာရဒွါဇကဲ့သို့သော ပုဏ္ဏားများကိုလည်း မေတ္တာဖြင့် အဆဲငြိမ်းအောင် ပြုလုပ်ပေးခဲ့ဖူး၏။ ဒေါသဖြင့် အနိုင်ယူလိုသူကို မြတ်ဗုဒ္ဓက မေတ္တာဖြင့် ငြိမ်းအေးစေခဲ့၏။ ဒေါသဖြင့်တိုက်ခိုက် ပြောဆိုလာလျှင်လည်း တန်ပြန်ဒေါသထွက်ခြင်း မရှိဘဲ မေတ္တာဓာတ်ဖြင့် ပျော့ပြောင်းစေခဲ့၏။ မေတ္တာ၏ အစွမ်းသည် ထိုမျှလောက် အားကြီးလှ၏။ ထို့ကြောင့် အရာရာတွင် မေတ္တာသည်သာ အအေးမြဆုံးသော အရာဖြစ်ပြီး မေတ္တာဖြင့်သာ ပူလောင်မှုများကို ငြိမ်းအေးစေနိုင်ကာ မေတ္တာအားသည်သာ အကြီးမားဆုံးသောအား ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။
မေတ္တာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ မြန်မာလူငယ်များအကြား တစ်ခါတရံ ကြားတတ်သည့် စကားလေးများ ရှိတတ်၏။ “ဒို့က မင်းအပေါ်မှာ ဘယ်လို မေတ္တာရှိနေလို့ပါ၊ ဒို့မေတ္တာကို လက်ခံပေးပါ” စသည်ဖြင့် ပြောဆိုလေ့ရှိကြ၏။ ထိုလူငယ်များ၏ မေတ္တာဟူသည် ချစ်ခင်ခြင်းဟု အဓိပ္ပါယ်ရ၏။ စင်စစ် ထိုသဘောသည် မေတ္တာမဟုတ်၊ ပီယခေါ် ပေမ၏ သဘောပင်ဖြစ်၏။ ပေမသည် ချစ်ခြင်းဟု အဓိပ္ပါယ်ရပြီး ထိုပေမကိုလည်း တစ်ခါတရံ တဏှာဟု ဖွင့်ဆိုရှင်းပြတတ်ကြ၏။ သို့ဆိုလျင် ယနေ့ခေတ် လူအချို့ အသုံးပြုနေကြသည့် မေတ္တာဟူသော အသုံးအနှုန်းသည် မေတ္တာစစ်မဟုတ်သည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ အမှန်အားဖြင့် ထိုမေတ္တာ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ အကျိုးလိုလာခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိအတွက်မပါ သူတပါးအကျိုးကို လိုလားခြင်းသက်သက်သာ ဖြစ်ပါ၏။ ထိုသို့ မိမိအတွက်မပါ စစ်မှန်သည့် စေတနာဖြင့် သူတပါးအကျိုးကို လိုလားခြင်း သဘောရှိနေသဖြင့် ထိုမေတ္တာသည် ငြိမ်းအေးခြင်းသဘော၊ ငြိမ်းချမ်းခြင်း သဘောရှိသည်ဟု ဆိုခြင်းဖြစ်ပါ၏။ သတ္တဝါများသည် မိမိအကျိုးကို လိုလားမှု အားများလာလျင် မေတ္တာဓာတ်များလည်း ခေါင်းပါးလာတတ်ပြီး အကျိုးစီးပွား မဲ့မှုများသာ အဖြစ်များတတ်သဖြင့် မေတ္တာများများ ထားနိုင်ရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။
မှန်၏။ မေတ္တာသည် အကျိုးလိုလားခြင်းဟု အဓိပ္ပါယ်ရ၏။ မေတ္တာ၏ သဘောသည် စစ်မှန်သည့်မနောဖြင့် သူတပါးအပေါ် အကျိုးဖော်ပေးခြင်း ဖြစ်သဖြင့် မေတ္တာထုံထားလျှင် ချစ်စရာ အကုန်ပွားပြီးသာ ဖြစ်နေပေ၏။ မိမိက မေတ္တာပွားထားလျှင် သူတပါးကလည်း သစ္စာထားကာ ချစ်သဒ္ဓါလည်း ပွားလာမည်သာ ဖြစ်ပါ၏။ မေတ္တာနှင့်သစ္စာသည် အကျိုးလိုလားခြင်းနှင့် အမှန်တရားကို ပေါင်းစပ်ထားခြင်း ဖြစ်သဖြင့် စစ်မှန်သည့် မေတ္တာသာထားနိုင်လျှင် သစ္စာတည်ကာ ချစ်သဒ္ဓါလည်း တည်လာကြမည်သာ ဖြစ်ပါ၏။ လူအများ၏ အပေါ်တွင်ဖြစ်စေ၊ တိရိစ္ဆာန်အများ၏ အပေါ်တွင်ပင် ဖြစ်စေ အကျိုးလိုလားသည့် မေတ္တာဓာတ်ဖြင့် မှန်ကန်စွာ ပြုမူဆက်ဆံကြည့်ပါက မေတ္တာ၏ ရောင်ပြန်ဟပ်မှုသည် တိရစ္ဆာန်များ အထံမှပင်လျှင် တန်ပြန်သက်ရောက်မှုကို ရစေနိုင်မည်သာ ဖြစ်ပါ၏။ အရေးကြီးသည်မှာ မည်သူ့အပေါ်တွင်ဖြစ်စေ မှန်ကန်သည့် သစ္စာတရားဖြင့် အကျိုးလိုလားသည့် မေတ္တာထားနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။
စစ်မှန်သည့် စေတနာဖြင့် အကျိုးလိုလားသည့် စိတ်ဖြင့် သတ္တဝါများအပေါ် မေတ္တာပွားနိုင်လျှင် အကျိုးတရား အလွန်ကြီးမားကြောင်း အင်္ဂုတ္တရနိကာယ်တွင် ဘုရားရှင်ဟောတော်မူထားသည့် မေတ္တာသုတ် တစ်သုတ်ရှိ၏။ ထိုသုတ်တော်တွင် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ဆန့်ကျင်ဖက်မှ လွန်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်၊ ကြိမ်ဖန်များစွာပြုအပ်၊ ယာဉ်ကဲ့သို့ပြုအပ်၊ တည်ရာကဲ့သို့ပြုအပ်၊ ရှေးရှုတည်စေအပ်၊ လေ့လာအပ်၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော် ရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ
၁။ ချမ်းချမ်းသာသာ အိပ်ရ၏
၂။ ချမ်းချမ်းသာသာ နိုးရ၏
၃။ အိပ်မက်ဆိုးကို မမြင်အပ်
၎။ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၅။ သားရဲဘီးလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၆။ နတ်တို့ စောင့်ရှောက်ကုန်၏
၇။ ထိုမေတ္တာကို ပွားများသောသူအား မီးအဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်
၈။ လွန်မြတ်သော အရဟတ္တဖိုလ် တရားကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။ ရဟန်းတို့ မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ဤရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏”ဟု မိန့်တော်မူ၏။ ထို့အပြင် ထိုမေတ္တသုတ်တော်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ
“အကြင်သူသည် အဖန်ဖန် သတိရသည်ဖြစ်၍ အတိုင်းအရှည်မရှိသော မေတ္တာတရားကို ပွားများ၏၊ ဥပဓိတရား၏ တည်ရာ မေတ္တာဈာန်ကို ရှုမြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။
ဒေါသစိတ် မရှိမူ၍ သတ္တဝါ တစ်ဦးတစ်ယောက်ကိုသော်လည်း အကယ်၍ မေတ္တာပွားငြားအံ့၊ ထိုသို့ မေတ္တာပွားခြင်းကြောင့် ကုသိုလ်တရားနှင့် ပြည့်စုံရ၏၊ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့်သနားကြင်နာခြင်းရှိသော သူတော်သူမြတ်သည် များပြားသော ကုသိုလ်တရားကို ပြုသည်မည်၏။
အကြင်ရသေ့နှင့်တူသော မင်းတို့သည် သတ္တဝါအပေါင်းနှင့် ပြည့်နှက်နေသော မြေအပြင်ကို ဒဏ်လည်းမဖက် လက်နက်လည်းမဆောင် အောင်နိုင်ကြကုန်၍ လှူဒါန်းပေးကမ်းကုန်လျက် တိုင်းသူပြည်သားတို့ အိမ်တံခါးဖွင့်၍ နေနိုင်ကြောင်းဖြစ်သော ဆယ်ခိုင့်တစ်ခိုင် အခွန်တော်ကောက်ယူခြင်း သဿမေဓ၊ အမှုထမ်းအရာထမ်းတို့အား လခရိက္ခာပေးခြင်း ပုရိသမေဓ၊ ဆင်းရဲသားတို့အား ဥစ္စာထုတ်ပေးခြင်း သမ္မာပါသ၊ ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း ဝါဇပ္ပေယျတည်းဟူသော သင်္ဂဟဝတ္ထုလေးခုတို့ဖြင့် ချီးမြှောက်ကာ အစဉ်လှည့်လည်နေကုန်၏၊ ထိုမင်းတို့၏ ထိုလှူဒါန်းပေးကမ်း ချီးမြှောက်မှုတို့သည် ကောင်းစွာပွားများအပ်သော မေတ္တာစိတ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင်ကုန်၊ ဥပမာသော်ကား အလုံးစုံသော ကြယ်တာရာ အပေါင်းတို့၏ အရောင်သည် လ၏အရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်သကဲ့သို့တည်း။
အကြင်သူသည် သတ္တဝါအားလုံးတို့အား မေတ္တာကို ပွားများသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မသတ်ဖြတ်၊ သူတပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတပါးကိုလည်း အနိုင်မယူစေ၊ ထိုသူအား တစ်စုံတစ်ယောက်နှင့်မျှ ရန်မရှိနိုင်” (အင်္ဂုတ္တရနိကာယ်၊ ပဌမပဏ္ဏာသက၊ မေတ္တသုတ်) ဟူ၍ ဖြစ်ပါ၏။ ဤကား ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူသည့် မေတ္တာဆိုင်ရာ အကျိုးအာနိသင် တရားတော်ပင် ဖြစ်ပါ၏။
ဤဒေသနာတော်အရကြည့်လျှင် မေတ္တာ၏ စွမ်းအားကို ကောင်းစွာသိနိုင်မည်ဖြစ်၏။ သူတပါးအကျိုးကို လိုလားသည့်စိတ်ဖြင့် “သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ခန္ဓာဝန်ကို ချမ်းသာစွာ ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် မေတ္တာပွားများနိုင်လျှင် ပွားများနိုင်သည်နှင့်အမျှ သူတပါးလည်းချမ်းသာ မိမိလည်း ချမ်းသာမည်သာ ဖြစ်ပါ၏။ မပြောင်းလဲသည့် နိယာမ သဘောတရားအရ ကြည့်လျှင်လည်း သူတပါးအပေါ် မညှင်းစဲ၊ မနှိပ်စက်၊ အနိုင်မယူဘဲ နေလေ့ရှိသူ၊ ကြီးပွားချမ်းသာစေကြောင်း ပွားများလေ့ရှိသူအား မိမိသည် ထိုတန်ပြန်သက်ရောက်မှု အကျိုးကို မမျှော်မှန်းသော်လည်း အလိုလို ပြည့်စုံပြီးသာ ဖြစ်စေနိုင်ပေ၏။ သေချာသည်မှာ မီးသည်ရေဖြင့်ညှိမ်းလျှင် ငြိမ်းသွားသကဲ့သို့ ဒေါသသည်လည်း မေတ္တာဖြင့် ညှိမ်းလျှင်ငြိမ်းတတ်သဖြင့် ရန်လိုသူ၊ ပျက်စီးမှုကို လိုလားသူများအား မေတ္တာဖြင့်သာ ငြိမ်းအေးမှုရှိအောင် ပြုလုပ်နိုင်ကြမည် ဖြစ်ပါ၏။ ထိုကြောင့် မေတ္တာနှလုံး ကိုယ်စီသုံးလျှင် ရွှင်ပြုံးနိုင်ကြမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။
ဆိုလိုသည်မှာ မေတ္တာသည် သူတပါးအကျိုးကို လိုလာခြင်းဖြစ်သဖြင့် လူတိုင်းလူတိုင်း မေတ္တာစိတ်ဖြင့် အကျိုးကိုယ်စီ လိုလားနေကြမည်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ပြဿနာဖြစ်ဖွယ် အကြောင်းမရှိသကဲ့သို့ မငြိမ်းချမ်းဖွယ် အကြောင်းလည်း မရှိနိုင်သဖြင့် စစ်မှန်သည့် စိတ်စေတနာမှန်ဖြင့် မည်သူတရားပျက်ပျက် မိမိမပျက်စေရန် ကြိုးစားရင်း မေတ္တာတရားသာ များများထားကြရမည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိက သူတပါးအပေါ် အကျိုးဖြစ်စေမှုကို ရှေ့ရှုကာ မေတ္တာထားရန် လိုသကဲ့သို့ မိမိအပေါ် သူတပါးက အကျိုးပျက်စီးစေလာလျှင်လည်း စိတ်စေတနာ မပျက်ဘဲ မှန်ကန်သည့် သစ္စာတရားဖြင့် ထိုသူတို့အား မေတ္တာသာ များများပွားပေးရန်လည်း လိုအပ်လှကြောင်း၊ အချိန်တန်လျှင် မိမိ၏မေတ္တာအစွမ်းဖြင့် မိမိ၏ပျက်စီးမှုကို ရှေရှုလိုလားသူများသည် အလိုလိုပင် စိတ်စေတနာပြောင်းကာ မိမိ၏ မေတ္တာအရိပ်အောက်တွင် သစ္စာနိမိတ်ကောက်လာကာ ချစ်သဒ္ဓါအရိပ် ရောက်လာကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် သူတပါးအကျိုး ပျက်စီးမှုများကို လိုလားသူများ များပြားလှသည့် ယနေ့ခေတ်တွင် သစ္စာတရားများလည်း လျော့နည်းကာ ချစ်သဒ္ဓါအားများပါ ပျောက်ပျက်လာနေပြီး မေတ္တာတရားပါ ခေါင်းပါးလာနေသဖြင့် အများတရားပျက်သော်လည်း မိမိမပျက်အောင်၊ အများကို မပြုပြင်ခင် မိမိကိုယ်ကိုမိမိ ရှေးဦးစွာ ပြုပြင်ကာ သူတပါးကိုလည်း တန်ပြန်ပြုပြင်နိုင်အောင် သူတပါးအကျိုးကို လိုလားခြင်း မေတ္တာဓာတ်များဖြင့် တစ်ဦးအပေါ်တစ်ဦး ငြိမ်းချမ်းရာမှ အများတကာ ငြိမ်းချမ်းရာသို့ လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရင်း မေတ္တာနှလုံး ကိုယ်စီသုံးနိုင်အောင်သာ ကျင့်ကြံအားထုတ်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ဓမ္မရသစာစုမှ ဖော်ပြပါသည်
Posted by ashinmunainda on November 28, 2011 at 3:44pm
အပြုံးပန်းဈေးခင်း
No comments:
Post a Comment