Sunday, July 1, 2012

လူ့ဘဝ(သို့)လူ့ပြည်သို့တစ်ခေါက် စီးပွားရှာရောက်လာတယ်ဆိုပါက

ဘဝဆိုတာ မသိတာကစခဲ့တယ်။ မသိတာနဲ့ နေခဲ့တော့ မသိတဲ့ဘဝထဲလည်ခဲ့ရတယ်။ ဘဝကို ဘဝမှန်း မသိတော့ ဘဝကို တွယ်တာနေကြတယ်။ ဘဝကို တွယ်တာနေသမျှ ဘဝကွန်ရက်က ထွက်ရတော့မည် မဟုတ်။ဘဝဟောင်းက ဘဝကောင်းဆုတွေ ပန်ဆင်၍ ကောင်းမှုကံကြောင့် လူ့ဘဝသို့ တစ်ခေါက် ရောက်ခဲ့တယ်။ လူဘဝကိုတော့ ခက်ခဲမှုပေါင်းများစွာကို ဖြတ်ကျော်၍ ရောက်လာခြင်း ဖြစ်တယ်။ ခက်ခဲတဲ့ ခရီးကြမ်းကို တစ်ယောက်တည်း လှမ်းခဲ့တယ်။

လူ့ဘဝကို ရောလာခြင်းဟာ လိပ်ကန်းထမ်းပိုးပေါက်စွပ်မိသည်ထက် ခက်ခဲ၍ “မနုဿတ္တဘာဝေါ ဒုလ္လဘော” ဟု မြတ်စွာဘုရားရှင်ဟောတော်မူခဲ့သည့်အချက်က သက်သေပြပါတယ်။ လူ့ဘဝဆိုတာ မြင့်မြတ်တဲ့ကုသိုလ် ကြောင့် ရခဲ့တယ်။ ဤကုသိုလ်ဟာ သတ္တဝါတိုင်းအတွက် အဖြစ်နည်းခဲ့တယ်။ ရခဲသောလူ့ဘဝ ရခဲ့သော်လည်း နေခွင့်ရတဲ့ ရက်၊ လ၊ နှစ်က ဘယ်လောက်ရှိပါသလဲ။ လက်ရှိ သက်တမ်း(၇၅)နှစ်အားဖြင့်တွက်ကြည့်ပါက ရက်အားဖြင့်(၂၆၅၅၀)၊ လအားဖြင့်(၉၀၀)၊ နှစ်အားဖြင့် (၇၅) နှစ်မျှသာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ လူ့ဘဝနေခွင့် ကား ဤမျှထက်ပိုကနည်းနည်းသာ။ နေခွင့်ရက်က အလွန်ပင်နည်းလှပါတယ်။

“မြတ်စွာဘုရားရှင်က ချစ်သားတို့ လူတို့ရဲ့ သက်တမ်းဟာ နည်းလှတယ်။ တိုတောင်းတယ်။ ထိုအသက်ကို သူတော်ကောင်းသည် ကဲ့ရဲ့ရှုတ်ချရာတယ်။ဦးခေါင်းမီးလောင်သောသူကဲ့သို့ မြန်မြန်ကျင့်ရတယ်။သေမင်းမလာ တဲ့နေရာမရှိဘူးဟု ဟောကြားထားပါတယ်။”

ဘဝဟူသည်မှာ သမုဒ္ဒရာရေထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်းဟု ဆိုရိုးအတိုင်း ခဏတာလေးမျှသာ နေခွင့်ရပါတယ်။ နတ်ဗြဟ္မာတို့သက်တမ်းနှင့်နှိုင်းစာလျှင် မြန်လွန်းလှတယ်။ သံသရာ သက်တမ်းနှင့်နှိုင်းစာပါက မပြောပလောက်သော တစ်ခဏတာလေးသာ နေခွင့်ရပြီး သေမိန့်ပါလာတယ်။ နေရန်လာခဲ့ပေမယ့် သေဒဏ်နဲ့တွေ့ရတယ်။ လူ့သက်တမ်း ၊ နတ်သက်တမ်း၊ စကြာဝဠာသက်တမ်း၊ ကမ္ဘာသက်တမ်းတွေဟာ သူ့သက်တမ်းနှင့်သူ ရှိသော်လည်း သက်တမ်းမကုန်မီမှာ ပျက်စီးနိုင်ပါတယ်။

သဗ္ဗေသင်္ခါရာ အနိစ္စ - အရာအားလုံးတို့သည် ပျက်ချိန်တန်ပျက်ရတယ်။ ဖြစ်ချိန်တန် ဖြစ်ရတယ်။ သဘာဝ ဓမ္မအတိုင်း ဖြစ်ချင်သလိုဖြစ်၊ ပျက်ချင်သလိုပျက်နေရတယ်။ ဓမ္မနိယာမအတိုင်းဖြစ်ပျက်နေတာကို မိမိလိုချင်တဲ့ အတိုင်း ဖြစ်ချင်နေတာ အတ္တသမားဖြစ်တယ်။ အနတ္တတရားကို အတ္တအမှားနှင့်ကြည့်နေပါက အပါယ်သွားရမှာ အသေအချာဖြစ်ပါတယ်။ သင်၏ လူ့ပြည်ရောက်ရခြင်းဟာ ခဏလာတဲ့ ဧည့်သည်မျှသာဖြစ်တယ်။ နေခွင့်ရက် ကုန်ဆုံးလျှင်ပြန်ရမှာဖြစ်ပါတယ်။ သင်နေခွင့် သိလျက် သင်သိလျက် အခွင့်သိ- အသိခွင့်သာ ရပါတယ်။

သင်ဟာ- အပျော်ခရီး ဧည့်သည်လား၊ စီးပွားရှာဧည့်သည်လား၊ အပျော်ခရီးသွား ဧည့်သည်ဖြစ်ပါက လူ့ပြည်ကြီးမှာ အပျော်အပါးမျိုးစုံ ကာမဂုဏ် တွေနှင့်ပျော်ပျော်ပါးပါးနှင့် နေ့ရက်တွေလည်းကုန်၊ ပါလာပစ္စည်း တွေလည်းကုန်ပြီး လူဘုံခရီးမှ အပြန် လူဖြစ်စေနိုင်တဲ့ ကံတွေပါ ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ အပျော်ခရီး ဆိုလျှင် အဖော်မှီးနေတာနဲ့ အချိန်ကုန်လိမ့်မယ်။ ရောက်တုန်းရောက်ခိုက် ခွင့်သာခိုက်မှာ စီးပွားရှာနိုင်ပါက လမ်းစရိတ်လည်းကြေ၊ ကိုယ့်ပြည်အပြန်လည်းလှ အမြတ်လည်းရမှာဖြစ်ပါတယ်။

လူ့ပြည်သို့တစ်ခေါက် စီးပွားရှာရောက်လာတယ်ဆိုပါက

တစ်နပ်စာ အတွက်လား
တစ်ရက်စာအတွက်လား
တစ်လစာအတွက်လား
တစ်ဘဝစာအတွက်လား
တစ်သံသရာလုံးအတွက်လား သို့မဟုတ်
ဓနအတွက်လား
ကာမအတွက်လား
ဘဝအတွက်လား
ဓမ္မအတွက်လား

သင်စဉ်းစားပါ။ ကြပ်ကြပ်တွေးပါ။ တစ်နပ်စာ၊ တစ်ရက်စာ၊ တစ်လစာ၊ တစ်နှစ်စာ၊ တစ်ဘဝစာများနှင့် ဓနအတွက်၊ ကာမအတွက်၊ ဘဝအတွက်တွေဟာ အဆက်ဆက် မပျက်မကွက် ရှာခဲ့ရပြီ မဟုတ်ပါလား။ ဓမ္မအတွက် သံသရာအတွက်အဆုံးထွက်ဖို့ ရှာဖို့ဟာ ယနေ့ ယခုအချိန်ဟာ အကောင်းဆုံးဖြစ်ပါတယ်။

မှတ်ချက်။ ။(ဗုဒ္ဓေါရသ)- အရှင်ဣန္ဒာစရိယ၏ အဆိုအမိန့်။ ။
ဆက်လက်ရေးသားပါဦးမည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာနိုင်ပါသည်။
Posted by ashinwimalawuntha on March 25, 2012 at 4:33pm
အပြုံးပန်းဈေးခင်း

No comments:

Post a Comment