Sunday, July 1, 2012

ငါ့မကြိုက်နဲ့

ဗန်းမော်ဆရာတော်သည် မင်းတုန်းဘုရင်မင်းမြတ်၏ နန်းတော်သို့ ဆွမ်းစားရန် ရောက်ခဲ့ပြန်လေပြီ။ မင်းတရားကလည်း မကြာမကြာပင့်၍ ဆွမ်းကပ်သည်။ ဗန်းမော်ဆရာတော်ကလည်း နန်းတော် ဆွမ်းစားရောက်တိုင်း ဒကာတော်မင်းမြတ်ကို ပုံပြင်လက်ဆောင်တစ်ခု အမြဲပေးခဲ့သည်။ ယခုအကြိမ်ဘုရင်မင်းမြတ်က ဆရာတော်ကို လျှောက်ထားသည်မှာ…

“ဆရာတော်ဘုရား မဂ်ဖိုလ်နိဗ္ဗာန်ကို ရက်တိုတိုနှင့် ရောက်နိုင်သည့် တရားဓမ္မများ ဟောကြားတော် မူပါဘုရား” ဟုလျှောက်ထားတောင်းပန်လေသည်။ ထိုအခါ ဗန်းမော်ဆရာတော်ထံ အောက်ပါ ပုံပြင်ဖြင့် ဟောကြားတော်မူလေသည်။

ရှေးကရွာတရွာတွင် တောင်သူလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ကြိုးကြိုးစားစား လုပ်ဆောင်နေသည့် တောင်သူဦးကြီးတစ်ယောက်ရှိလေသည်။ ထိုသူမှာ တောင်သူလုပ်ငန်းတွင် အလွန်အဆင်ပြေပြီး ပဲ၊ ပြောင်း၊ နှမ်း၊ စပါး စသော သီးနှံများမှာ ထင်သည်ထက်ပို၍ပို၍ ထွက်နေသည်။ ထိုတောင်သူကြီးမှာ ငွေပိုငွေလျှံတွေ အတော်ရရှိလာ၍ “စီးပွားအတက်မြန်လျှင် အပျက်မြန်တက်သည်”ဟူသော ရှေးသူဟောင်းတို့၏အယူအဆကို ခံယူထားသူပီပီ ကုသိုလ်ကောင်းမှူတစ်ခုခု လုပ်မှတော်မည်ဟု ယုံကြည်နေပေသည်။

သို့အတွက် ထိုတောင်သူကြီးမှာ မိမိတို့ရွာဦးမှာ ကျောင်းတစ်ကျောင်းဆောက်လုပ်ပြီး ဘုန်းကြီးတစ်ပါးအား လှူဒါန်းထားလေသည်။ နေ့စဉ်ပင် ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေးဟူသော ပစ္စည်းလေးပါးကိုလည်း တာဝန်ယူ၍ လှူဒါန်းသည်။ ထိုတောင်သူကြီးတွင် အလိုလိုက်ထားသည့် တဦးတည်းသော သမီးတစ်ယောက်ရှိလေသည်။ နေ့စဉ်ပင် ကိုးကွယ်ထားသည့် ကျောင်းသို့ ဆွမ်းအုပ်ပို့ရန် မိဘနှစ်ပါးက တာဝန်ပေးထားသည်။ ကျောင်းသို့ ဆွမ်းအုပ်ပို့ရောက်တိုင်း ဘုန်းကြီးကို မေးခွန်းတစ်ခု အမြဲမေးသည်။

“ဒီကျောင်း ဘယ်သူ့ကျောင်းလဲဘုရား” ဟု ကျောင်းဒကာ၏ သမီးကလေးကမေးသည်။

“နင့်မိဘများက ငါ့ကိုရေစက်ချ လှူထားတာပဲ၊ ငါ့ကျောင်းပေါ့ဟ”ဟု ဘုန်းကြီးက ဖြေသည်။ ကျောင်းဒကာ၏ သမီးကလေးသည် ဆွမ်းပို့ရောက်တိုင်း မေးခွန်းတစ်ခုကို အမြဲမေးသည်။ ဘုန်းကြီးကလည်း အရွယ်ရောက်စဖြစ်နေသော ကျောင်းဒကာ၏သမီးကို စကားတာရှည်မပြောလို၊ “ဣတ္ထိ မိေဿာ ကုတောသီလံ” မိန်းမနှင့်နီးစပ်သော ရဟန်းသီလမရှိနိုင်ဟူသော နီတိစကားအရ ကျောင်းအမသမီးနှင့် နီးနီးစပ်စပ်တာရှည်မနေလိုပေ။

ကျောင်းအမ သမီးကလေးသည် နောက်တနေ့ ကျောင်းသို့ ဆွမ်းအုပ်ပို့ ရောက်ပြန်သည်တွင် ဘုန်းကြီးအား မေးပြန်သည်။

“ဘုန်းကြီး ဒီသင်္ကန်းတွေက ဘယ်သူ့သင်္ကန်းတွေလဲ”

“ငါ ၀တ်နေတာတွေ ငါ့သင်္ကန်းတွေပေါ့ဟ”

“ဒီသပိတ်ကကော”

“သပိတ်လဲ ငါ့သပိတ်ပေါ့”

ဘုန်းကြီးက “တော်တော်စပ်စုတဲ့ ကလေးမပဲ၊ မြန်မြန်ပြန်ရင်ကောင်းမယ်”ဟု အောက်မေ့နေစဉ်မှာပင် ကလေးမကဆက်၍…”ဒါဖြင့်ရင် ဒီကျောင်းဝိုင်းထဲက အပင်တွေကကော”ဟု မေးပြန်လေသည်။ “ငါ့ကျောင်းဝိုင်းထဲရှိတဲ့အပင်တွေ ငါ့အပင်တွေပေါ့ဟ”ဟု ဘုန်းကြီးက ပြန်ဖြေလိုက်သည်တွင်…” ဒါဖြင့် ငါ့မကြိုက်နဲ့ပေါ့” ဟု ခပ်ဆတ်ဆတ်ပြောဆိုပြီး လှယ်ထားသော ဆွမ်းအုပ်ကို အသာခေါင်းပေါ်ပင့်ရွက်ကာ အိမ်သို့ ပြန်ခဲ့လေသည်။ ဘုန်းကြီးကား ငါ့မကြိုက်နဲ့ပေါ့ ဟူသော ကျောင်းအမသမီး၏ စကားကို စဉ်းစားကာ ငေးကျန်နေရစ်သည်။ ဘုန်းကြီးကား စဉ်းစားရကြပ်နေသည်။ ငါလဲ အတက်နိုင်ဆုံး မနီးစပ်အောင်ရှောင်သည်။ သည်ကြားထဲ ငါ့မကြိုက်နဲ့လို့ ပြော၍ သွားသည်။

ထိုနေ့ ညဥ့်နက်သည်အထိ အိပ်မပျော်တော့ပေ။ နံနက်ပြုကျင့်နေကြတံမြက်လှည်းခြင်းစသော ၀တ်များလည်း ပျက်၍နေသည်။ ဆွမ်းစား၍လည်းမရ၊ အိပ်၍လည်းမပျော်နိုင်၊ သစ်ရွက်မှိုက်တွေကလည်း ကျောင်းဝိုင်းထဲတွင် တသောသော ဖြစ်နေပေသည်။ ထိုအကြောင်းစုံဖြစ်ရပ်များကို ကျောင်းရှိ ကပ္ပိယကြီးက ရိပ်မိသည်။ ဘုန်းကြီးကလည်း ကျောင်းအမကြီးသမီးက ရိတိတိပြောသွားကြောင်းမချန်ဘဲ ကပ္ပိယကြီးအားပြောပြသည်။ ဘုန်းကြီးက သူရာဂစိတ်ဖြင့် ကလေးမအပေါ် သဘောမထားကြောင်းလည်း ပြောပြသည်။ ကပ္ပိယကြီးက ဒီကိစ္စကို ကျောင်းဒကာ ကျောင်းအမတို့နှင့်ရှင်းမှဖြစ်မည်ဟုယူဆပြီး ကျောင်းဒကာနှင့် တွေ့ဆုံရှင်းသည်။ အဖြစ်စုံပြောပြသည်။ ကျောင်းဒကာက သမီးကိစ္စ မိခင်နှင့်သာဆိုင်သည်ဆိုပြီး သူ့ဇနီးအား အဖြစ်စုံပြောပြသည်။ မိခင်က သမီးကို ချော့တခါ ငေါက်တလှည့်မေးသည်။

“အို…အမေကလဲ ကျမက ဘုန်းကြီးကို တရားပြခဲ့တာပါ”

“အံမယ်…ကြီးကြီးကျယ်ကျယ် ညည်းကလား ဘုန်းကြီးပြန်ပြီးတရားပြခဲ့တာက ဘာတရားတွေများ ပြခဲ့သလဲ” ဟု မိခင်က မေးလေသည်။ “ဒီလိုပါ အမေရယ်….ဘုန်းကြီးက ဒီကျောင်းဘယ်သူ့ကျောင်းလဲလို့ မေးရင် ငါ့ကျောင်း၊ ဒီသပိတ် ဘယ်သူ့သပိတ်လဲ မေးရင် ငါ့သပိတ်၊ ဒီသင်္ကန်း ဘယ်သူ့သင်္ကန်းလဲလို့မေးရင် ငါ့သင်္ကန်း ဒီလိုချည့် တငါထဲ ငါနေတာနဲ့ ကျမက ငါ့မကြိုက်နဲ့ပေါ့ လို့ ငါစွဲ၊ အတ္တစွဲ၊ သက္ကာယစွဲတွေမရှိနဲ့လို့ပြောခဲ့တာပါ အမေရယ်” ဟု သမီးဖြစ်သူက တရားကြောင်းနှင့်ပြောပြတော့မှ အားလုံးသဘောပေါက်ကြပြီး ကျောင်းသို့သွားရောက် ရှင်းပြကြသည်။ ဘုန်းကြီးကလည်း အကြောင်းစုံရှင်းပြတော့ ဟုတ်ပေသားဘဲ ဟု ၀န်ခံသည့်သဘောဖြင့် ပြုံးရှာတော်မူလေသည်။

“အခုလဲ…ဒကာတော်ရေမြေ့ရှင်မှာ ငါ့စည်းစိမ်၊ ငါ့နန်းတော်၊ ငါ့မိဖုရား၊ ငါ့အခြွေအရံဆိုတဲ့ ငါစွဲ၊အတ္တစွဲ၊ သက္ကာယစွဲ ပြုတ်အောင်ဖြုတ်ပေါ့၊ ဒါမှ မဂ်ဖိုနိဗ္ဗာန်ကို ရက်တိုတိုနှင့် ရောက်မှာ” ဟု ဗန်းမော်ဆရာတော်က မင်းတုန်းမင်းကြီးအား မိန့်ကြားလေရာ မင်းကြီးမှာ များစွာနှစ်ခြိုက်၍ သဘောတွေ့သွားပြန်လေသည်။(ဗန်းမော်ဆရာတော် ဥပမာပုံပြင်ဝတ္ထုများ)

ကဲ..စာဖတ်သူရေ နိဗ္ဗာန်ကို မြန်မြန်ရောက်ချင်ရင် ငါစွဲ၊အတ္တစွဲ၊သက္ကာယစွဲအတွေကို ဖြုတ်ပေးနိုင်ဖို့ပါပဲ၊ ကိုယ်က ဒီတရားတွေကိုမှ မဖြုတ်နိုင်သေးရင်တော့ ပါးစပ်ကနေ နိဗ္ဗာန်ကို ရက်တိုတိုဖြင့် မျက်မှောက်ပြုရပါလို၏ဟု ဆုတောင်းနေရုံဖြင့်လည်း မရောက်နိုင်သေးပါ။ တိုတိုပြောရရင်.. မိမိဘ၀ကို သံသရာကြီးနဲ့တွက်ကြည့်လိုက်ပါက တိုတိုလေးပါ၊ ယာယီပိုင်ဆိုင်ထားတဲ့ဘ၀လေးမှာ ကိုယ်ပိုင်တာဘာတစ်ခုမှ မရှိပါဘူး။ လူ့ဘ၀ဆိုတာကလည်း နေဖို့၊ ထိုင်ဖို့၊ စားဖို့ အတွက်ပဲရှာကြံကြရင် နိဂုံးချုပ်ကြရမှာပါ။ ဒိလိုနိဂုံးချုပ်သွားတာတောင် တင်းတိမ်ရောင်ရဲ့မှူမရှိဘဲ လောကကြီးထဲကနေထွက်ခွာကြရဦးပါ။ မိမိက ဒီလိုအသိလေးတွေရှိပြီး ကျင့်ကြံနေထိုင်သွားတတ်မယ်ဆိုရင်…….

လပြည့်ဝန်း (သာစည်)
ဘ၀အရေးစိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
Posted by လပြည့်ဝန်း on September 10, 2011 at 12:13am
အပြုံးပန်းဈေးခင်း

No comments:

Post a Comment