လူတွေမှာ တရားသဖြင့် ရှာဖွေလို့ရရှိတဲ့ ဥစ္စာကို “တရားသောဥစ္စာ”လို့ ခေါ်ပြီး မတရားသဖြင့်ရှာဖွေရရှိတဲ့ ဥစ္စာကို “မတရားသောဥစ္စာ”လို့ ခေါ်ပါတယ်။ သူများကို မလိမ်ညာ မကောက်ကျစ်ဘဲ၊ သူများကို မထိခိုက်စေဘဲ ဓမ္မလမ်းကြောင်းနဲ့အညီ အသက်မွေးတာဟာ “သမ္မာအာဇီဝ”ပါပဲ။ အဲလိုမဟုတ်ဘဲ လိမ်ညာကောက်ကျစ်ပြီး သူများကို ထိခိုက်စေခြင်းဖြင့် အသက်မွေးတာကိုတော့ “မိစ္ဆာဇီဝ”လို့ ခေါ်တာပါ။ ကောင်းစွာအသက်မွေးရင် ကောင်းတဲ့အကျိုးရရှိမှာဖြစ်ပြီး မကောင်းသဖြင့်အသက်မွေးရင်တော့ မကောင်းကျိုးခံစားရမှာ ဖြစ်ပါတယ်။
အလားတူပါပဲ သံဃာလောကမှာလည်းပဲ “တရားသောဆွမ်း”နှင့်
“မတရားသောဆွမ်း” ဆိုပြီး ရှိပါတယ်။ ဆွမ်းဆိုပေမယ့် အခြားသော သံဃာ အသုံးအဆောင် သင်္ကန်း၊ ကျောင်း၊ ဆေးများလည်း “တရားသော ပစ္စည်း၊ မတရားသောပစ္စည်း” ဆိုပြီး ရှိတာပေါ့။ “တရားသောဆွမ်း” ဘုန်းပေးရင် တရားသောကောင်းကျိုးတွေရမယ်။ “မတရားသောဆွမ်း” ဘုန်းပေးရင်တော့ ရဲရဲတောက်နေတဲ့ သံမီးခဲကို သုံးဆောင်နေရသလိုပါပဲ ။ မတရားသောအကျိုးကို ဖြစ်စေမှာပါ။
ဒါနဲ့ပတ်သက်ပြီး အောက်ပါဇာတ်လမ်းလေးက “တရားသောဆွမ်း”နဲ့ “မတရားသောဆွမ်း”ကို ခွဲခြားပြပါလိမ့်မယ်။
တစ်နေ့မှာ “အရှင်သာရိပုတ္တရာ”ကိုယ်တော်မြတ် ဇရပ်တစ်ခုမှ ဆွမ်းဘုန်းပေးနေစဉ် “သုခိမုခီ”လို့ခေါ်တဲ့ “ပရဗိုဇ်မ” ရောက်လာပြီး စူးစမ်းတဲ့ စိတ်နဲ့ မေးပါတယ်။ ပရဗိုဇ်ဆိုတာ “သာသနာပြင်ပက အခြားအယူ”ရှိတဲ့ သူပါ။ သူမက မေးတယ်။
“ရဟန်း”
“ဘာလဲ ဒကာမ”
“ရဟန်း အောက်ကြည့်ပြီး စားနေတာလား”
“ဒကာမ ငါ အောက်ကြည့်ပြီး စားနေတာမဟုတ်ဘူး”
“ဒါဆို အထက်ကြည့်ပြီး စားနေတာလား”
“အထက်ကြည့်စားနေတာလဲ မဟုတ်ဘူး”
“ဒါဆို အရှေ့အနောက်တောင်မြောက် အရပ်မျက်နှာတွေ ကြည့်စားနေတာလား”
“အဲဒီ အရပ်မျက်နှာတွေ ကြည့်စားနေတာလဲမဟုတ်ဘူး”
“ဒီလိုမဟုတ်ရင် အထောင့်အရပ်တွေကို ကြည့်စားနေတာလား”
“အဲဒါလည်း မဟုတ်ဘူး”
“ရဟန်း ငါတော့ နားရှုပ်သွားပြီ။ ဘယ်လိုမှတ်ရမှာလဲ”
“ကောင်းပြီဒကာမ သေချာနားထောင်။
♦လောကမှာ အချို့ရဟန်း၊ ပုဏ္ဏားတွေဟာ “မြေယာအတတ်” ဆိုတဲ့ မိစ္ဆာဇီဝအသက်မွေးမှုမျိုးတွေနဲ့ အသက်မွေးကြတယ်။ အေး သူတို့ဟာ
“အောက်ကြည့်စားနေတဲ့သူ”တွေ ပဲ။
♦အချို့ဟာ ကောင်းကင်ကြည့်ပြီး “နက္ခတ်ဗေဒင်အတတ်”နဲ့
အသက်မွေးကြတယ်။ သူတို့ဟာ “အထက် ကြည့်စားတဲ့သူ”တွေ။
♦အချို့ရဟန်း၊ ပုဏ္ဏားတွေကတော့ လူတွေရဲ့ အစေအခိုင်းခံပြီးတော့ လူသာမန်တွေလိုပဲ ဟိုသွား ၊ဒီသွားနဲ့ အမှုကိစ္စတွေ ဆောင်ရွက်ပေးကြတယ်။ သူတို့ကတော့ “အရှေ့အနောက် တောင်မြောက်”ခေါ်တဲ့ အရပ်တွေကို ကြည့်စားနေကြတာ။
♦အချို့ရဟန်း၊ ပုဏ္ဏားတွေကတော့ “အင်္ဂ၀ိဇ္ဇာ”လို့ခေါ်တဲ့
“ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ပြီး ဟောတဲ့အတတ်”
တွေနဲ့ အသက်မွေးကြတယ်။ သူတို့ကတော့ “အထောင့်အရပ်”တွေကို
ကြည့်ပြီး စားနေကြတာပါ။
အေး ငါကတော့ အဲလိုမဟုတ်ပါ။ တရားသဖြင့် ဆွမ်းကို ရှာမှီးပါတယ်။
ဒကာ၊ ဒကာမတွေ “သဒ္ဓါတရား နဲ့ လောင်းလှူတဲ့ဆွမ်း”ကို
ငါကိုယ်တိုင် တတ်နိုင်သလောက် အပြစ်ကင်းအောင်နေပြီးမှ
ဆွမ်းခံပြီး သုံးဆောင်တော်မူတယ်။ ဒါကြောင့် ငါဟာ ဘယ်ကိုမှ မကြည့်ပဲ တရားသဖြင့် သုံးဆောင်တယ်။”
ဒီတော့မှ ပရဗိုဇ်မလည်း ကျေနပ်အားရပြီး ရဟန်းတွေဟာ တရားသဖြင့် ရှားမှီးလို့ ရလာတဲ့ ဆွမ်းကိုပဲ သုံးဆောင်တယ်ဆိုတာ လက်ခံသွားတယ်။
ဒါနဲ့ အရပ်တကာလိုက်ပြီး “ရဟန်းတွေဟာ တရားသောဆွမ်း ကို ဘုန်းပေးကြတယ်။
ဒါကြောင့် ဆွမ်းလောင်းကြပါလို့” လိုက်အော်ပါတော့တယ်။
အရှင်သာရိပုတ္တရာထုံးကို နှလုံးမူပြီး ရဟန်းတော်များ တရားသော ဆွမ်းကိုပဲ ဘုန်းပေးသုံးဆောင်နိုင်ကြပါစေ။ ရဟန်းတင်မကပါဘူး ။
♦“လူ” တွေလည်း လူ့ကျင့်ဝတ်နဲ့အညီအသက်မွေးပြီး ၊
“တရားသောပစ္စည်း ဥစ္စာ”များကို စိတ်ချမ်းချမ်းသာသာ
သုံးစွဲနိုင်ကြပါစေ။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment