ထိုအခါ ဗုဒ္ဓက - “ ဟယ် . . . ဒေဝဒတ် ၊ သင့်တောင်းဆိုချက်တို့သည် တစ်ခုမှ မသင့်လျော် ၊ တောရကျောင်း၌ နေနိုင်သူ နေ၍ မနေနိုင်သူ ရွာကျောင်း၌ နေပါ ၊ ဆွမ်းခံစားလိုသူက ဆွမ်းခံစား၍ ပင့်ဖိတ်လှူအပ်သော ဆွမ်းကို စားလိုသူက စားပါ ၊ ပံ့သကူ သင်္ကန်း ဝတ်ရုံလိုသူက ဝတ်ရုံ၍ ဒကာ ဒကာမ တို့ လှူသော သင်္ကန်း ဝတ်လိုသူ ဝတ်ပါ ၊ ဆောင်းလေးလ ၊ နွေလေးလ သစ်ပင်ရင်း သစ်ပင်ရင်း၌ နေလိုပါက နေကြရန် ငါ ခွင့်ပြုပြီးဖြစ်သည် ၊ အသားကြီး ၁၀ - မျိုး နှင့် အစွန်း သုံးပါးမှ လွတ်သော အသားကို စားရန် ငါ ခွင့်ပြုထားပြီး ဖြစ်သည် ” ဟု မိန့်ကြားတော်မူပါသည် ။ ဘုရားရှင်သည် ဒေဝဒတ်၏ တောင်းဆိုချက်များကို ပညတ်ချက် ထားတော် မူဘဲ ပထမလေးခုကို ဆန္ဒရှိသူတို့အား ဆောင်ရွက်ခွင့် ပြု၍ သက်သတ်လွတ်ကိစ္စတွင်မူ ဒကာ ဒကာမများ၏ အကျိုးကို ရှေးရှုလျက် တောင်းဆိုမှုအား ပြစ်ပယ်မှု တစ်မျိုးတည်းဖြင့်သာ မိန့်တော်မူ၏ ။
ရဟန်းတို့ရှောင်ကြဉ်ရန် အသားကြီး ဆယ်မျိုးသည် လူ ၊ ခွေး ၊ မြင်း ၊ ဆင် ၊ ကျားသစ် ၊ ခြင်္သေ့ ၊ ဝံ ၊ အောင်း ၊ မြွေ တို့၏ အသားအပြင် ၎င်းတို့နှင့် ဆက်စပ်သည့် အရိုး ၊ အရေ ၊ အသွေး ၊ အမွေးတို့ကိုပါ သုံးစွဲမှု မပြုရန် တားမြစ်၏ ။
အစွန်းသုံးပါးမှ လွတ်သော အသားဆိုသည်မှာ မိမိအတွက် ရည်ရွယ်၍ သတ်သည်ကို မြင်လျှင် ကြားသိရလျှင် ၊ သံသယရှိလျှင် ထိုအသားကို ရှောင်ကြဉ်၍ ထိုမှ လွတ်သော အသားကို စားသုံး ရန်ဖြစ်သည်ဟု ဆိုလိုပါသည် ။
သက်သတ်လွတ် စားသုံးသူ အချို့ က ဘုရားရှင်သည် သားငါးစားခြင်းမှ ရှောင်ကြဉ်ရန် ပညတ် မထားသော်လည်း ဝိသုဒ္ဓိမဂ် ၊ အာဋာနာဋိယ သုတ် အဖွင့် ၊ ဓမ္မပဒ အဋ္ဌကထာ ၊ မဟာကာဠထေရ်ဝတ္ထု တို့၌ သုသာန် စောင့် အမျိုးသမီး ကာဠီက မဟာကာဠထေရ်အား “ အရှင်ဘုရား ၊ သုသာန်၌ နေသော ရဟန်း မည်သည်ကား ငါးအမဲဟင်းမျိုး ၊ နှမ်း ၊ မုန့်ကြွပ် ၊ ဆီ ၊ တင်လဲ စသည်ကို ရှောင်အပ်၏ ” ဟု အတွေ့အကြုံကို အခြေခံ၍ တရားအားထုတ် သူ အတွက် အန္တရာယ်ကင်းစေရန် အကြံပြု လျှောက်ထား၏ ။ ဤ၌ လူတိုင်း သက်သတ်လွတ်စားရန် မဆိုသည့်အပြင် အကယ်၍ ၎င်းတို့၏ အယူသဘောအရ ဖြစ်ပါမူ သားငါးကိုသာမက နှမ်း ၊ မုန့်ကြွပ် ၊ ဆီ ၊ တင်လဲ စသည်တို့ကိုပါ ရှောင်ကြရပေလိမ့်မည် ။
သက်သတ်လွတ် စားသုံးသူအချို့က အသားစားသူ မေတ္တာကရုဏာကင်းသည်ဟု ဆိုကြ၏ ။ မေတ္တာဟူသည် ဆင်းရဲချမ်းသာမရွေး ၊ အသားအရောင်မရွေး လူမျိုးမရွေးဘဲ ကြီးငယ်မဟု သက်ရှိ သတ္တဝါ အားလုံးတို့ အပေါ်၌ မိမိနှင့်ထပ်တူထား၍ ကောင်းကျိုးလိုလားမှုပင် ဖြစ်၏ ၊ သို့ရာတွင် သက်မဲ့ သတ္တဝါများအပေါ်၌ မေတ္တာပွား၍မရပေ ၊ ကရုဏာ ဆိုသည်မှာလည်း ဆင်းရဲ ဒုက္ခ ရောက်နေကြသော သက်ရှိ သတ္တဝါ များကို အာရုံပြု၍ “ ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြပါစေ ” ဟု အဖန်ဖန် ပွားခြင်းသာဖြစ်၏ ။ ချမ်းသာသူများကိုလည်း အကုသိုလ် များသူများဖြစ်လျှင် ၎င်းတို့ ၏ အပါယ်ဒုက္ခ စသည် ကင်းလွတ်ခွင့်မမြင်သဖြင့် ထိုခံရမည့် ဒုက္ခများကို ဆင်ခြင်ကာ ထိုသူများအပေါ်၌ သနားခြင်းမျှသာ ဖြစ်၏ သေသူများ ပါဝင်မှု မရှိပေ ၊ သို့ဖြစ်၍ အသားစားသူတိုင်း မေတ္တာ ကရုဏာ ကင်းသည်ဟု ဆိုနိုင်သည် မဟုတ်ချေ ။
လယ်တီဆရာတော်ကြီးသည် ကာလကတ္တားမြို့ သိပ္ပံကျောင်းနေ မြန်မာလူမျိုး မောင်ချစ်ဘေ၏ အမေးပုစ္ဆာကို ဖြေကြားရာ၌ “ လူဖြစ်သူတို့မှာ သက်သတ်မှုတွင် ပါဝင်ထိုက်သော စိတ်စေတနာမျိုးမှ လွတ်ကင်းခဲ့သည်ရှိသော် စားလျှင် စားရ၏ ။ ရဟန်းဖြစ်သူတို့မှာ အစွန်းသုံးပါး လွတ်ကင်းမှ စားအပ်လေသည် ” ဟု မိန့်ဆိုထားပါသည် ၊ ထိုသို့ စားသုံးသော ပုဂ္ဂိုလ်များသည် အပြစ်မရှိပါဟု ဆိုခြင်းပင်ဖြစ်၏ ၊ သို့ဖြစ်၍ ဈေးမှ ဝယ်ယူ ရရှိသည့် ပံ့သကူသားကို စားသုံးခြင်းသည် အပြစ်ကင်းပါ၏ ။
သတ္တဝါများကို သနားသဖြင့် အသား ရှောင်ကြဉ်သူတို့သည် အသားစားသုံးခြင်းကိုသာ မက တိရိစ္ဆာန်တို့၏ အရေမှ ဖြစ်သည့် ဖိနပ် ၊ အိတ်စသည်တို့ကိုလည်းကောင်း ၊ အမွေးမှ ဖြစ်သည့် အဝတ်အထည်များကို လည်းကောင်း ၊ အရိုးမှဖြစ်သည့် ပစ္စည်းများကို လည်းကောင်း ၊ သည်းခြေ ၊ အဆီ စသည်တို့ဖြင့် ပြုလုပ်သည့် ငါးကြီးဆီ အပါအဝင် ဆေးဝါးများနှင့် ကတိုးရေမွှေးတို့ကိုလည်းကောင်း ၊ ပုလဲ စသည့် အဆင်တန်ဆာများကို လည်းကောင်း ရှောင်ကြဉ်ရလိမ့်မည် ဖြစ်ကြောင်း လယ်တီဆရာတော်ကြီးက မိန့်ဆိုပါသည် ။
ဆက်ရန် ကျန်ရှိပါသေးသည် ............. ဤကောင်းမှု ကံ စေတနာ တို့ ကြောင့် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သော သူတော်ကောင်းတရား ၏ အားကြီးသော အကြောင်းအထောက် အပံ့ ဖြစ်ရပါလို၏ ဓမ္မ မိတ်ဆွေ အပေါင်း သူ တော်ကောင်းတို့လည်း ထပ်တူ ရကြပါစေ ကုန်သတည်း
.......... နန္ဒစာရီ
No comments:
Post a Comment