Saturday, April 19, 2014

ကာမဂုဏ်နှောင်ကြိုးမဲ့ဝါဒ


ဧပြီလ ၆ ရက် ၂၀၁၄ ခုနှစ်

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့တော့ တော်တော်များများက နားလည်ပြီးသား ဖြစ်မှာပါ။ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ ဘယ်လိုအပြစ်ရှိတယ်။ ဘယ်လိုမိန်းမမျိုးတွေကို မပြစ်မှားကောင်းဘူး စသဖြင့် ဟောကြားထားခဲ့ပြီးသားပါ။ တစ်လောဆီ စာအုပ်ဗီဒိုမွှေရင်းက စာအုပ်တစ်အုပ်တွေ့တယ်။ လွမ်းဝေနိုင်(ဟင်္သာတ)ရဲ့ စာအုပ်ပါ။ အဲဒီစာအုပ်မှာ ကာမပိုင်လင်မယားများသော်မှ ကာမေသုမိစ္ဆာစာရကံ ထိုက်တတ်ကြောင်းကို ဖတ်ရတယ်။ အ ကာလ...အချိန်အခါမဟုတ် ဆက်ဆံတာမျိုး။ နေ့ခင်းကြောင်တောင် အခါမျိုးတွေကို ပြောတာပါ။


အ ဒေသ ....... မဆက်ဆံသင့်တဲ့ နေရာမျိုး။ အများပြည်သူနဲ့ ပတ်သက်တဲ့ ပန်းခြံ၊ ဘုရားတန်ဆောင်း စသည်ပေါ့။ အဓမ္မေန ...မတရားသဖြင့် ဆက်ဆံတာပါ။ ဒါကတော့ ကျယ်ပြန့်ပါတယ်။ ကိုယ့်ဘာသာကိုယ် စဉ်းစားကြတာ ကောင်းပါတယ်။ နောက်ဆုံးအချက်နဲ့ ပတ်သက်နေတဲ့ သတင်းတစ်ပုဒ်ကို ဒီကနေ့ အင်တာနက်စာမျက်နှာတွေမှာ ဖတ်ရပါတယ်။ ဇင်ဘာဘွေနိုင်ငံက မိခင်တစ်ယောက်ဟာ လင်ယောက်ျား မရှိတော့တဲ့အတွက် သားဖြစ်သူကို လက်ထပ်ဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒါဟာ အဓမ္မေန ... မတရားတဲ့အချက်၊ မလုပ်သင့်တဲ့အချက်၊ ကာမဂုဏ်နှောင်ကြိုးမဲ့ဝါဒတစ်ရပ် ဖြစ်တာကို ဗုဒ္ဓဘာသာဝင်တွေကတော့ ''ဒက်ကနဲ'' သိမြင်ပါတယ်။

သူတို့ဆီမှာလည်း ရပ်မိရပ်ဖတွေက အဲဒီကိစ္စကို လက်မခံနိုင်ဘူးလို့ ဖတ်ရတယ်။ ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို မျက်စိ၊ နား မချမ်းသာစရာ ကိစ္စပါပဲ။ ကမ္ဘာပျက်တယ်ဆိုတာ အဲဒီလို အမ္မေန(ကာမဂုဏ်နှောင်ကြိုးမဲ့ဝါဒ) ထွန်းကာလာတဲ့ တစ်နေ့မှာ ပျက်မှာပါ။ အခု စတင်ပါပြီ။ သိပ်ကြောက်စရာ ကောင်းပါတယ်။ ကောင်းပြီ။ ဒီသတင်းဟာ တို့တိုင်းပြည်၊ တို့လူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေကို သံဝေဂယူကြဖို့ သတိပေးလိုက်တဲ့ သတင်းဖြစ်တယ်လို့ ယုံကြည်တယ်။ တကယ်တော့ သူများတိုင်းပြည်တွေရဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ တို့အတွက် သံဝေဂယူစရာ ဖြစ်ရမယ်။

သူများတိုင်းပြည်တွေရဲ့ အဆီအငေါ်မတဲ့မှုတွေဟာ တို့အတွက် ရှောင်ကြဉ်စရာ ဖြစ်နေရမယ်။ သူများတိုင်းပြည်တွေရဲ့ ယဉ်ကျေးမှု ဗြောင်းပြန်လန်နေတာတွေဟာ တို့အတွက် မုန်းတီးစရာ ဖြစ်ရမယ်။ စက်စုပ်စရာ ဖြစ်ရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက သြဇာသီးနဲ့ တူတယ်ဗျ။ ကျုပ်တို့ တိုင်းပြည်က စားသုံးသူပေါ့။ ဒီတော့ အထဲက အစေ့ချိုချိုလေးတွေမှာ ကပ်နေတဲ့ အရသာကို စားကြသုံးကြပါ။ အခွံကြမ်းကြီးတွေကိုတော့ မစားကြမသုံးကြနဲ့ ဗျ။ ။

Myawady News

No comments:

Post a Comment