Saturday, April 19, 2014

မြင်းမိုရ်တောင် ရှိ မရှိ


“မြင်းမိုရ်တောင် အမှန်တကယ်ရှိကြောင်းကို သုတ္တနိပါတအဋ္ဌကထာ၊ ဒု၊ ၁၆၄-၁၆၅၊ ဝိသုဒ္ဓိမဂ် ဋ္ဌ၊ ၂၀၀-တို့မှာ သေသေချာချာ တိတိလင်းလင်း ဖော်ပြထားတာမို့ မြင်းမိုရ်တောင်ဟာ အမှန်တကယ်ရှိပါတယ်လို့ ဖြေရမှာပေါ့ ကွယ်”

“အဲသည် အဋ္ဌကထာတွေမှာ ဘယ်လိုဖွင့်ပြထားပါသလဲ ဘုရား”

“အဋ္ဌကထများမှာ ဖွင့်ထားပုံက သတ္တဝါတို့နေရာ စကြဝဠာ တစ်ခုဟာ အလျားအားဖြင့်ဖြစ်စေ၊ အနံအားဖြင့်ဖြစ်စေ ယူဇနာပေါင်း တစ်သိန်းနှစ်သောင်း သုံးထောင် လေးရာ ငါးဆယ်ရှိတယ်၊ အဝန်းလုံးပတ်အားဖြင့် ယူဇနာပေါင်း သုံးသန်း ခြောက်သိန်း တစ်ထောင့် သုံးရာ ငါးဆယ်ရှတယ်၊ သည်စင်္ကြာဝဠာမြေထုဟာ ယူဇနာ နှစ်သိန်း လေးသောင်း အထုရှိတဲ့ ရေကခံနေတယ်၊ ရေရဲ့အောက်မှာ ယူဇနာကိုးသိန်းခြောက်သောင်း အထူရှိတဲ့ လောကခံနေတယ်၊ သည်စကြဝဠာရဲ့ ဗဟိုအလယ်ခေါင်မှာ ယူဇနာရှစ်သောင်း လေးထောင် ရေအထက်ပေါ်နေတဲ့ (သိနေရု) အမည်ရတဲ့ မြင်းမိုရ်တောင်ရှိတယ်၊ အဲသည် မြင်းမိုရ်တောင်ရဲ့အဝမှာ ထက်ဝက် ထက်ဝက်စီနိမ့်တဲ့ တောင်စဉ်(၇)ထပ် ဝန်းရံနေတယ်၊ အဲသည် တောင်စဉ်(၇) ထပ်တို့ကို အစဉ်အတိုင်း (၁) ယုဂန္ဓရ၊ (၂) ဣသန္ဓရ၊ (၃) ကရဝီက၊ (၄) သုဒဿန၊ (၅) နေမိန္ဒရ၊ (၆) ဝိနတက၊ (၇) အဿကဏ္ဍလို့ ခေါ်ဝေါ်ကြသတဲ့။

သုတ်ပါထေိကယအကထာ ၁၄၆-မှာတော့ မဟာသိနေရုအမည်ရတဲ့ မြင်းမိုရ်တောင်မင်းမှာ အရောင်လေးပါးထွက်နေတယ်၊ မြင်းမိုရ်တောင်မင်းရဲ့ အရှေ့ဘက်နံပါးက ငွေသားအတိပြီးတယ်၊ ဒါကြောင့် ငွေရောင်ထွက်တယ်၊ တောင်နံပါးက မြအတိပြီးတယ်၊
ဒါကြောင့် မြအရောင်ထွက်တယ်၊ အနောက်ဘက်နံပါးက ဖလ်အတိပြီးတယ်၊
ဒါကြောင့် ဖလ်ရောင်ထွက်တယ်၊ မြောက်ဘက်နံပါးက ရွှေအတိပြီးတယ်၊
ဒါကြောင့် ရွှေအရောင်ထွက်တယ်၊ မြင်းမိုရ်တောင်ရဲ့ အရောင်လေးပါး ဟပ်တဲ့အတွက် အရပ်လေးမျက်နှာတို့ ဟာလည်း အရောင်းလေးပါး ကွဲပြားနေတယ်လို့ ဖွင့်ပြထားတယ်၊ ငါးရာ့ငါးဆယ် ကေနိပါတ် ကုလာဝကဇာတ်မှာ သိကြားမင်းဟာ အသုရာတို့စစ်ချီလာလျှင် ခံတပ်အနေဖြင့် ခုခံရအောင် နဂါး၊ ဂဠုန်၊ ဂုမ္ဘာဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗတို့ကို အစောင့်ချပြီး အာလိန်ငါးဆင့် တည်ထားကြောင်း ပြဆိုထားတယ်၊ ဒါကြောင့် မြင်းမိုရ်တောင်ဟာ အမှန်တကယ်ရှိကြောင်း မြင်းမိုရ်တောင်မှာ အာလိန်ငါးဆင့်ရှိပြီး မြင်းမိုရ်တောင်ထိပ်မှာ သိကြားမင်းစံရာ တာဝတိံသာ နတ်ပြည်တည်ကြောင်း ကျမ်း၈န်များမှာ ဖွင့်ပြထားကြတယ်ကွယ့်”

“သည်လိုဆို ကျမ်းဂန်လာအရ မြင်းမိုရ်တောင်ရှိကြောင်း ထင်ရှားတာပေါ့ဘုရား၊
သည်လောက် ထင်ရှားပါလျက်နှင့် ဦးပညာဓိကသီရိက ဘာကြောင့်များ မေးပါလိမ့်မလဲ”

“ယခု ဖြေဆိုချက်တွေကို အမေးရှင်ဟာ မသိမဟုတ်၊ သိမှာပါပဲ၊ သိလျက်နှင့် ဘာကြောင့်မေးတာလဲဆိုတော့ တွေးကြည့်လိုက်တော့ ဦးပညာဓိကသီရိဟာ ခေတ်အလျောက် သိပ္ပံပညာ ဗဟုသုတရှိသူ နားလည်လူဖြစ်ပါလိမ့်မယ်၊ သိပ္ပံပညာအရ ကမ္ဘာတစ်ဝန်းလုံး ကောင်းကင်က ဓာတ်ပုံရိုက်ပြီး, မြေပုံဆွဲပြီးပါပြီ၊ သည်ကမ္ဘာ့မြေပုံအတွင်းမှာ မြင်းမိုရ်တောင်မပါဘူး၊ မြေကြောင်း၊ ရေကြောင်း၊ လေကြော်ငး ကမ္ဘာ့အနှံ့လှည့်ပတ် သွားလာနေကြတဲ့ ပုဂ္ဂိုလ်များ ကလည်း မြင်းမိုရ်တောင် တွေ့တယ်လို့ မပြောကြဘူး၊ ယခု ဂြိုလ်တုတွေ ဒုံးပျံတွေဟာ လဗိမာန်တောင် ရောက်နေကြပြီ၊ သို့သော်လည်း မြင်းမိုရ်တောင်ကို မတွေ့ကြဘူး၊ သည်တော့ မြင်းမိုရ်တောင်ရှိတယ်ဆိုတာ ဟုတ်များမှ ဟုတ်ပါစလို့ သံသယဖြစ်လာလိမ့်မယ်၊ ဒါကြောင့် သည်အမေးအပေါ်ခဲ့တယ်လို့ မှန်းဆရတယ်”

“ဟုတ်တယ်ဘုရား၊ သည်လိုတွေးမယ်ဆိုတာလဲ တွေးစရာပဲ၊ သိပ္ပံထွန်းကားတဲ့ ယနေ့ခေတ်မှာ သည်ကမ္ဘာကြီး ကျဉ်းမြောင်းသွားပြီ၊ သည် ကမ္ဘာကြီးထုတ်ချင်းခပ်ခရီးကို တစ်ရက်တည်းနှင့် အရောက်သွားနိုင်နေကြပြီ၊ ကျမ်းစာထဲမှာ ဆိုထားတဲ့အတိုင်း မြင်းမိုရ်တောင်သာ ရှိရိုးမှန်လျှင် ဘယ်တိမ်းလို့ လွတ်ပါ့မလဲဘုရား၊ ဒါကြောင့် မြင်းမိုရ်တောင်ရှိတယ်ဆိုတာဟုတ်များမှဟုတ်ပါစလို့ တပည့်တော်တောင် သံသယရှိနေပြီ၊ အဖြေတော့ ဆက်ဦးမှာပဲဘုရား”

“သိပ္ပံအတွေးအခေါ်နှင့် ကျမ်းလာအတွေးအခေါ် ညီညွတ်အောင် ဖြေရှင်းဖို့ဆိုတာ ခက်တော့ခက်တာပဲကွယ့်၊ သို့သော်လည်း သတိပြုစရာ တစ်ခုတော့ ပြောရဦးမယ်”

“အမိန့်ရှိပါဘုရား”

“သတ္တရဘန် တောင်စဉ် ၇-ထပ်တို့ မြင်းမိုရ်တောင်တို့ ဆိုတာတွေဟာ ငါတို့ တွေးထင်သလို သည်မြေပြင်ပေါ်မှာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်၊ ကျမ်းများမှာပြထားတာက မြင်းမိုရ်တောင်ဟာ မြခနောက်သုံးခုရဲ့ ထိပ်မှာ တည်တယ်၊ မြခနောက်သုံးခုရဲ့အကြားမှာ ယူဇနာတစ်သောင်းကျယ်ဝန်းတဲ့ အသူရာပြည်တည်တယ်တဲ့၊

သည်စကားရပ်အရ မြင်းမိုရ်တောင်ဟာ သည်ကမ္ဘာမြေကြီးရဲ့ အတွင်းသားမဟုတ်ဘူး၊ ခနောက်ပေါ်က အိုးသဘောမျှသာဖြစ်တယ်၊ ခနောက်ပေါ်တည်ရာမှာလည်း ထိပြီးတည်သလား ပန်းဆိုင်းဆွဲသလို တည်သလား၊ အတိအကျမပြောနိုင်ဘူး၊
သို့သော် ယူဆစရာက ထိပြီး မတည်ဘူး၊ ပန်းဆိုင်းဆွဲသလို မထိဘဲ တည်တယ်လို့ ယူဆဖွယ်ရှိတယ်၊ ဘာကြောင့်တုန်း ဆိုတော့ လူ့ပြည်နှင့် စာတုမဟာရာဇ်၊
စာတုမဟာရာဇ် နှင့် တာဝတိံသာတို့ဟာ နေ့ရက်ချင်း မတူကြဘူး၊ လူ့ပြည်မှာ နှစ် ၅၀၊ စာတုမဟာရာဇ်မှာ တစ်နေ့နှင့် တစ်ညဥ့်၊ လူ့ပြည်မှာ နှစ် ၁၀၀၊ တာဝတိံသာမှာ တစ်နေ့နှင့်တစ်ညဥ့်၊ ဟောသည်လို နေ့ရက်ချင်း ကွာခြားနေတယ်၊

လောကမှာ တစ်ရက်ဆိုတဲ့ စကားဟာ ကျမ်းလာအားဖြင့် နေတစ်ပတ်ခရီးဖြစ်တယ်၊
သိပ္ပံအားဖြင့် ကမ္ဘာတစ်လှည့် ဖြစ်တယ်၊ ကျန်းဂန်မှာလာတာဟာ ကမ္ဘာကတည်နေပြီး နေက ကမ္ဘာကို ပတ်ပြီးသွားတယ်၊ သိပ္ပံမှာဆိုတာက နေကတည်ပြီး ကမ္ဘာက လှည့်ပတ်ပြီးသွားတယ်၊ လည်ပြီးသွားတယ်၊ လှည့်ပတ်သွားတာက ၃၆၅-ရက် မှာ တစ်ပတ် ပတ်မိတယ်၊ လည်ပြီးသွားတာက ၂၄-နာရီမှာ တစ်ပတ်လည်မိတယ်၊ ကျန်းဂန်လာ စကားအရပင်ဖြစ်စေ၊ သိပ္ပံစကားအရပင်ဖြစ်စေ တစ်ရက်ဆိုတဲ့ ဝေါဟာရဟာ နေတစ်ပတ်လို့ဆိုတာချည်းပဲကွယ့်၊ အကယ်၍ မြင်းမိုရ်တောင်ဟာ သည် ကမ္ဘာမြေကြီးနှင့် တစ်သားတည်းဖြစ်ခဲ့လျှင် မြင်းမိုရ်တောင်မှာ တည်တဲ့ စာတုမဟာ ရာဇ်နတ်ဘုံကို၊ တာဝတိံသာနတ်ဘုံတို့ဟာ လူ့ပြည်နှင့် နေ့ရက်ချင်း တူရမယ်၊ ခုတော့ မတူကြဘူး၊ နေ့ရက်ချင်းမတူတာကို ထောက်လျှင် မြင်းမိရ်တောင်ဟာ သည်ကမ္ဘာမြေကြီးနှင့် တစ်သားတည်း မဟုတ်ဘူးလို့ ယူဆစရာရှိတယ်၊ ပြီးတော့ နေမိဇာတ်တော်ကြီးကို ကြည့်လိုက်ကြဦးစို့”

“မှန်ပါ၊ မိန့်တော်မူပါဘုရား”

ဤနေရာတွင် ဆက်လက်လေ့လာနိုင်ပါသည် -
https://www.facebook.com/notes/ထေရဝါဒ-ရနံ့/ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ-အမေးအဖြေများ-အမှတ်စဉ်၈၅-မြင်းမိုရ်တောင်-ရှိ-မရှိ/763878400302445

No comments:

Post a Comment