တရားမနာဘူး၊
တရားနှလုံးမသွင်းဘူးဆိုတော့
စဉ်းစားကြည့်တာပေါ့၊
မတရားနေတယ်၊
မတရားနေတယ်ဆိုတော့
ဒကာ ဒကာမတွေမှာ တိုတိုပြောတော့
ပဋိစ္စသမုပ္ပါဒ် ဆက်နေတယ်၊ ရှင်းပလား။
ဟာ…တရားနာတယ်၊
တရား အားထုတ်နေပါတယ်လို့ ဆိုတော့
သြော်…ဒုက္ခစက်ကြီး
ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး လည်နေတာကို
ဖြတ်နေတာပါကလား။ မရှင်းကြသေးဘူးလား။
ဒါဖြင့် “တရား” နဲ့ “မတရား” ကွဲပလား၊
ကွဲပြီတဲ့။ ဒါဖြင့် ဒီလိုပြောကြစို့တဲ့။
အိမ်မှာ ဘာလုပ်ပြီး သကာလ
ဒကာ ဒကာမတွေ နေကြသတုန်း၊
မတရားလုပ်နေတယ်ဆိုတာ ဖြေရမယ်။
တခါတလေကျတော့
သားတွေ၊ သမီးတွေနဲ့
ဒေါသ သောကတွေနဲ့
အချိန်ကုန်သွားတယ်၊ ကုန်မသွားဘူးလား?။
ဒေါသဆိုတာ သားကလေး၊ သမီးကလေးတွေ
ကိုယ်က လိမ်မာ ယဉ်ကျေးစေ ချင်တယ်၊
သူတို့က မလိမ်မာ မယဉ်ကျေးတော့
အမေမိဘလုပ်တဲ့ပုဂ္ဂိုလ်၊
ညီအစ်ကို၊ မောင်နှမ၊
အကြီးအကဲလုပ်တဲ့ပုဂ္ဂိုလ်များက ဒေါသဖြစ်တယ်၊ (မဖြစ်ပေဘူးလား?)။
ဒေါသဖြစ်တော့ ဒေါသဟာ တရားလား?၊
မတရားလား?... မေးကြည့်ပါ…။
မတရားတာက အခု မတရားတာလည်း တစ်မျိုး၊
နောင် မတရားဖြစ်မှာလည်း
တစ်မျိုးမှတ်လို့ရှိရင် မလွဲပါဘူး…
အခု မတရားတာ ကတော့
ဒေါသနောက်က သောကလိုက်တယ်၊
သောကနောက်က ပရိဒေ၀လိုက်တယ်၊
ငိုမှုလိုက်တယ်နော်၊
နောက် ဒုက္ခ၊ ဒေါမနဿတွေ မလိုက်ဘူးလား?၊
တော်တော်ကြာကျတော့ အ၀ိဇ္ဇာ၊
သင်္ခါရတွေကော လိုက်ပါတယ်။
ဒါဟာ သြော်…
အိမ်မှာနေတာ သားတွေ၊ သမီးတွေအတွက်
ကိုယ်ခိုင်းတဲ့အတိုင်း မလိုက်နာ မပြုကြပြီဆိုမှဖြင့်
မတရားလုပ်နေတော့
သားသမီးကတော့ ကိစ္စမရှိဘူး၊
အဖေ အမေက အပါယ်သွားနေတယ်။
အ၀ိဇ္ဇာ သင်္ခါရ ၀ိညာဏ်ဆိုတော့
ဝိညာဏ်ဆိုတာ ပဋိသန္ဓေစိတ် ဆိုတာပါ။
အဲဒီတော့ မတရား နေမိတဲ့အတွက်
အပါယ်ရောက်သွားတယ်၊ ရှင်းပလား။
တစ်ခါတစ်လေကျတော့လည်း
ရောင်းရေး ၀ယ်ရေးနဲ့ပဲ ပျော်ပြီး သကာလ
နေလိုက်တဲ့အခါလည်း ရှိသေးတယ်နော်။
ရောင်းရေး ၀ယ်ရေးနဲ့
ပျော်လိုက်ပြန်တော့လည်း
ပျော်တယ်ဆိုတာ တဏှာပါပဲ၊
ဝမ်းသာတဲ့ လောဘတဏှာပါပဲ၊
အဲဒီ တဏှာ၊ ဥပါဒါန်၊ ကံတွေနဲ့
အချိန်ကုန်ပြန်တော့လည်း
နောက်ဘ၀ ဇာတိ၊ ဇရာ၊ မရဏ လာဦးမှာပဲ။
ဒါ…တရားလား?၊ မတရားဘူးလား…?။
ဒါဖြင့် တရား အားမထုတ်ဘူး၊
တရားမနာတဲ့ ပုဂ္ဂိုလ်များမှာဖြင့်တဲ့၊
မတရားဖြစ်ပြီး သကာလနေတာ
ပစ္စုပ္ပန်မှာ မတရားသံသရာမှာ
အပါယ်သွားဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ။
အဲဒါ ဥာဏ်နဲ့ လှည့်ကြည့်တော့မှ
သြော်…ငါသည်ကားလို့ ဆိုလို့ရှိရင်
ဘယ်အမျိုးထဲက ပါလိမ့်မတုန်း၊
ဘယ်အစားထဲက ပါလိမ့်မတုန်း၊
ကိုယ့်ကိုယ် သနားလို့ ထမင်းကျွေးနေတာလား၊
ထမင်းကျွေးတာက ၀တ်ဆင်ပြီး သကာလ
ကျွေးငြားသော်လည်း
ကိုယ့်ကိုယ်ကို သနားရာ မရောက်ဘူးနော်။
ကိုယ့်ကိုယ်ကို သနားတာကတော့
ကိုယ်သွားနေတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို
ဖြတ်တဲ့ပုဂ္ဂိုလ်မှ
ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ်၊ (ရှင်းကြပလား။)
ကိုယ့် ပဋိစ္စသမုပ္ပါဒ်
ကိုယ်ဖြတ်တဲ့ပုဂ္ဂိုလ်မှ ဘာပါလိမ့်။
သနားတဲ့ပုဂ္ဂိုလ်ဆိုတာ ရှင်းပါပြီ။
ဒါကြောင့် မတရားတော့ဖြင့်
ဒကာ ဒကာမတွေ မနေကြပါနဲ့။
တရားနဲ့နေပါ လို့ဆိုတဲ့ဥစ္စာ
အထူးပြောစရာ ဘာမှ မလိုတော့ပါဘူး။
အဲဒါကြောင့်
အိမ်မှာ ဘာလုပ် နေကြသတုန်းလို့
မေးတဲ့အခါကျလို့ရှိရင်ဖြင့်
တပည့်တော်တို့ အရောင်းနဲ့ အ၀ယ်နဲ့
သားနဲ့ သမီးနဲ့ ဆိုတော့ဖြင့် မအားဘူး။
ကဲ…မအားတာကတော့ မင်းတို့ ကိစ္စမရှိဘူး၊
မအားတာသည်ကား လို့ဆိုရင်
တရားဖြစ်နေတာလား?၊
မတရားဖြစ်နေတာလား?၊ မေးဖို့လိုတယ်။
(မတရားဖြစ်နေတာ)
သြော်…ဒါဖြင့် ဒကာ ဒကာမတွေ
ဘုန်းကြီးက သတိပေးလိုက်တယ်၊
မင်းတို့ မအားတာသည်
ဒို့လည်း သိတော့သိတယ်၊
မင်းတို့ မအားဘူး ဆိုတာတွေလည်း သိတယ်၊
သို့သော်လည်း မအားတဲ့အလုပ်ထဲမှာ
မအားတာ ဘာတွေတုန်း မေးတော့
မတရားတွေက
မအားပဲ ဖြစ်နေတာ၊ ဆိုထိုက်ကြပလား…။
မတရားတွေက မအားပဲဖြစ်ပြီး သကာလနေတော့
မတရားတာဟာ ရိုးရိုးမအားတာ မဟုတ်ဘူး။
ရိုးရိုးမအားတာ မဟုတ်ဘူးတဲ့၊
တစ်ခါတည်း အပါယ်သွားကြောင်းတွေ ဆည်းပူးနေတဲ့ အဓိပ္ပါယ် သေသေချာချာ ရောက်ပါတယ်။
အေး…ဒါတွေ စဉ်းစားတော့မှ
ငါတို့သည်ကား လို့ ဆိုရင်ဖြင့်
အခု လူ့ဘ၀ကို
တရားကြောင့် ရောက်လာတဲ့ဥစ္စာ
ရောက်တဲ့နေရာ မတရားလုပ်နေပြန်ပြီဆိုလို့ရှိရင်ဖြင့် အရင်းရှုံးပါလိမ့်မယ်လို့ ပြောရပါလိမ့်မယ်။
အရင်းရှုံးပါလိမ့်မယ်လို့
သေသေချာချာ ပြောထိုက်ပါတယ်။
လူ့ဘ၀ရလာတာက
တရားကြောင့် ရလာတာ၊
ဒီမှာ လူ့ဘ၀ ရလာတာက
တရားကြောင့်ရလာတော့
အိမ်ကျတော့ ပျော်လိုက်၊ ပါးလိုက်၊
မူးလိုက်၊ ယစ်လိုက်၊ အမျိုးမျိုး အဖုံဖုံပေါ့လေ၊
သားနဲ့ သမီးနဲ့ အလိုမကျ တာလေးတွေရှိလိုက်၊
အလိုကျလို့ ခင်ပြီးသကာလ နေလိုက်၊
ဒါတွေဟာ ကိုယ်က
တရားကြောင့် လူဖြစ်လာတဲ့ ဥစ္စာကို
မတရားနဲ့ အချိန်ကုန်ပြန်တော့
သြော်…အရင်းရှုံးတာပေါ့ဟေ့လို့ မှတ်လိုက်ပါ။
အရင်းရှုံးတယ်ဆိုတဲ့ဥစ္စာ
အင်မတန်နာပါတယ်။
အရင်းရှုံးပုံကို
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပြောလိုက်ပြန်တယ်၊
ဘယ်လိုအရင်းရှုံးသလဲကွာလို့
မေးတဲ့အခါကတော့ မင်းတို့ဟာကွာ၊
ငါ့လက်သည်းပေါ်တင်ထားတဲ့ မြေမှုန့်ကလေးလိုပဲ၊
ဘုရားလက်သည်းပေါ်တင်ထားတဲ့
မြေမှုန့်ကလေးတွေလိုပဲတဲ့နော်။
ဘုရားလက်သည်းပေါ် တင်ထားတဲ့
မြေမှုန့်ကလေးဟာ
တာရှည်တည်နိုင်ပါ့မလား၊ စဉ်းစားကြည့်စမ်း…။
ဘာဖြစ်လို့ မတည်နိုင်သတုန်းဆိုတော့
သူကလည်း သေးငယ်တာ တစ်ကြောင်း၊
အောက်က လက်သည်းခွံကလည်း နုတာက တစ်ကြောင်း၊
ချောတာက တစ်ကြောင်း၊
နုတဲ့အပေါ်မှာ သေးငယ်တာလေး တင်ထားတော့
အထိမခံ ရွှေပုဂံဆိုသည့်ပုံလို ကျသွားမှာပဲ။
အဲဒီတော့ ဒီအပေါ် ရောက်လာတာက
ဘုရားလက်ပေါ်ရောက်လာတာကတော့ဖြင့်
အကြောင်းညီညွတ်လို့ ရောက်လာတယ်။
ဒီအပေါ်ရောက်ဖို့လည်း
အတော် မခဲယဉ်းဘူးလား၊
ကျဖို့ကတော့ မလွယ်ဘူးလား၊
အဲဒီမှာ လူ့ဘ၀ရဖို့ရာလည်း
အတော်ခဲယဉ်းလို့
လက်သည်းခွံတွေပေါ် ရောက်လာတာပဲ။
လက်သည်းခွံပေါ်က ကျသွားမယ် ဆိုလို့ရှိရင်လည်း
ပြန်ရောက်ဖို့ မမျှော်လင့်နဲ့တော့…
ခင်ဗျားတို့ အပါယ်လေးပါးပဲ လှည့်နေကြမယ်။
သဘောပါကြပလား။
အဲဒါတွေ သေသေချာချာ
စဉ်းစားကြည့်တော့မှ
အို…တပည့်တော်တို့ စားရေး၊
သောက်ရေး၊ နေရေး၊ ထိုင်ရေးဆိုတာ
ဘုရား အလကားအလုပ်ပါလား၊
ကိုယ် ဒီကနေပြီး သကာလ
အပါယ်လေးပါးလွတ်ဖို့
ဒီလက်သည်းခွံပေါ်မှာ ရှိတဲ့
မြေမှုန့်ကလေးတွေလိုပဲ မကျဘဲနဲ့
သူ့ဇာတ်သိမ်းပြီးသကာလ
ဒုက္ခတွေ သိမ်းတဲ့ဆီရောက်ဖို့ရာ
တပည့်တော်တို့အရေးဟာ
အကြီးဆုံးအရေးပါကလားလို့
ဆုံးဖြတ်ချက် ချကြပါ…။
(၄.၆.၁၉၆၂) ကျေးဇူးတော်ရှင် မဟာထေရ်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး
ဟောကြားတော်မူသော သစ္စာ(၄)ပါး တရားတော် အမှတ်စဉ် (၁၀)မှ
“သစ္စာမြင်မှ နိဗ္ဗာန်ဝင်မည် အလုပ်သင်တရားတော် (အပိုင်း-၁)”
အား ဓမ္မမိတ်ဆွေများ အားလုံးသို့ ကူးယူပူဇော် ဓမ္မဒါနပြုပါသည်။
(ဓမ္မမိတ်ဆွေတစ်ဦးထံမှ ကူးယူဖော်ပြပါသည်။
သိမ်းထားစဉ်က နာမည် မှတ်မထားမိပါသဖြင့် ခွင့်လွတ်ပေးပါရန်..)
No comments:
Post a Comment