Saturday, April 19, 2014

မင်းသားလေးနဲ့ သူဆင်းရဲ


တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။
တိုင်းရေးပြည်မှုတွေ စီမံခန့်ခွဲရလွန်းလို့ ခေါင်းကိုက်ဝေဒနာ စွဲကပ်သွားတယ်။ ဘုရင့်သမားတော် အကျော်အမော်တွေနဲ့ ကုသပေမဲ့လည်း ခဏပဲသက်သာတယ်၊ ရောဂါမပျောက်ဘူး။
ဒါ့ကြောင့် ဘုရင်ကြီးဟာ သူ့ရောဂါကိုပျောက်ကင်းအောင် ကုသပေးနိုင်မယ့်သူကို သူနန်းစည်းစိမ်ရယ်၊ သူ့မိသားစုရယ်ကလွဲရင်တောင်းဆိုတာပေးမယ်ဆိုပြီး ကြေညာခိုင်းလိုက်တယ်။


တိုင်းပြည်အနှံ့လိုက်ကြေညာနေတဲ့သူတွေဟာ တစ်လပြည့်တဲ့အထိ ဘုရင်ကြီးရောဂါကို ကုသပေးနိုင် မယ့်သူ ရှာမတွေ့ကြဘူး။
သူတို့လည်း စိတ်ပျက်လက်ပျက်နဲ့ ပြည်တော်ပြန်လာကြတယ်။
လမ်းခရီးတစ်ဝက်မှာ မောလို့ခဏနားနေကြတုန်း ရသေ့ကြီးတစ်ပါးနဲ့တွေ့တယ်။
အကျိုးအကြောင်း မေးကြည့်တော့ ရသေ့ကြီးက သူတို့အခက်အခဲကို သိသွားတယ်။

ဒါများလွယ်ပါတယ်။ မင်းတို့ဘုရင်ကြီး၊ ရောဂါပျောက်ချင်ရင် ဒုက္ခငြိမ်းပြီး ပျော်ရွှင်နေတဲ့လူတစ် ယောက်ကို တွေ့အောင်ရှာ၊ တွေ့ရင်အဲ့ဒီလူရဲ့အင်္ကျီကိုချွတ်ယူပြီး ဘုရင်ကြီးကိုယ်ပေါ်ဝတ်ပေးလိုက်။ ဘုရင်ကြီးရဲ့ခေါင်းကိုက်ရောဂါ ပျောက်သွားလိမ့်မယ်။
ရသေ့ကြီးစကားကြားတော့ ဘုရင့်တမန်တော်တွေလည်း အားတက်သွားတယ်။ ပြည်တော်မပြန်သေး ဘဲအပူအပင်မရှိ ပျော်ရွှင်နေတဲ့သူကို လိုက်လံရှာဖွေကြသတဲ့။

ပျော်ရွှင်နေတဲ့သူအချို့တော့ တွေ့တယ်။ ဒါပေမဲ့သူတကယ်မပျော်ဘူး။ လိုချင်စိတ်တွေများနေတယ်။ အစဉ်အမြဲ ပျော်ရွှင်နေတဲ့သူလည်း မတွေ့ရဘူး။ ကြီးပွားချမ်းသာနေပေမဲ့ ကျန်းမာရေးချို့တဲ့နေတယ်။
ကျန်းမာ၊ ချမ်းသာပေမဲ့လည်း အိမ်ထောင်ရေးကံမကောင်းလို့ စိတ်မပျော်တစ်ချက် ပျော်တစ်ချက် ဖြစ် နေတယ်။
တချို့ကတော့ အိမ်ထောင်ရေးလည်း အဆင်ပြေ၊ စီးပွားရေးလည်းကောင်း၊ ကျန်းကျန်းမာမာလည်းရှိ ပေမဲ့ သားဆိုးသမီးဆိုးတွေကြောင့် စိတ်ဆင်းရဲနေကြရပြန်တယ်။
တချို့ကျတော့ မိဘ၊ ယောက္ခမတွေကြောင့် စိတ်ပူပန် သောကရောက်ပြီး စိတ်မအေးနိုင်ဘူးဖြစ်ကြရ ပြန်တယ်။
လူမှန်လျှင် ဒုက္ခလေးတွေကိုယ်စီရှိနေကြလေတော့ စစ်မှန်တဲ့ပျော်ရွှင်တဲ့သူကို ဘယ်မှာရှာလို့တွေ့နိုင် မလဲလေ။
နောက်ဆုံးတော့ တမန်တော်အဖွဲ့လည်း စိတ်ပျက်ပြီး နေပြည်တော်ကိုပြန်သွားကြတယ်။ နောက်တစ် နေ့နန်းတော်ထဲကို အကျိုးအကြောင်းလျှောက်ထားတင်ပြကြတယ်။
ရသေ့ကြီးပြောလိုက်တဲ့စကားကိုလည်း ပြောပြလိုက်တယ်။
နားထောင်နေတဲ့ သားတော်တစ်ပါးက "ဒါဆိုသောကကင်းကင်းနဲ့ သီချင်းဆိုပျော်ရွှင်နေတဲ့ လူကိုသူ တွေ့အောင်ရှာမယ်။ တွေ့ခဲ့ရင် သူ့ရဲ့အင်္ကျီကိုဖြစ်တဲ့နည်းနဲ့ ချွတ်ယူပြီး အမြန်ဆုံးပြန်လာခဲ့ပါမယ်" လို့ ဘုရင်ကြီးကိုလျှောက်ထားတယ်။
ဘုရင်ကြီးလည်း သားတော်စကားကိုကြားရတော့ အားရဝမ်းသာ ဖြစ်သွားတယ်။ မြန်မြန်သွားမြန်မြန် ပြန်လာလို့ မှာလိုက်တယ်။
သားတော်လေးဟာ တိုင်းပြည်အနှံ့လျှောက်သွားပေမဲ့ သူတွေ့ချင်တဲ့သူကို ရှာလို့မတွေ့ဘူး။

ရုပ်ဖျက်ပြီး ကျေးရွာတွေကိုသွားတယ်၊ ပျော်ရွှင်နေကြတဲ့ လူအတော်များများကိုတွေ့ပေမဲ့ အမြဲပျော် ရွှင်နေတဲ့သူကိုတော့ မတွေ့ရသေးဘူး။
သူ့ခမည်းတော်ရဲ့ ခံစားရတဲ့ဝေဒနာကို ပျောက်ကင်းစေချင်တဲ့ စေတနာနဲ့တစ်ရွာဝင်တစ်ရွာထွက်သူ လိုက်ရှာတယ်။
တစ်ညမှာတော့ သူဆင်းရဲတဲအနီးကို ဖြတ်သွားရင်း သီချင်းသံကိုကြားတယ်။
အဲ့ဒီသီချင်းသံဟာ အတော်ပျော်ရွှင်နေတဲ့ပုံပေါက်တယ်။
ဘုရားသခင်အလိုအတိုင်း အလုပ်တွေလည်း ပြီးပြီ၊ ဗိုက်ကိုလည်း ဖြည့်ပြီးပြီ။ နောက်နေ့အတွက်လည်း စားစရာရှိတယ်။ ဘာမှလည်းပူစရာမရှိ။ အိပ်စက်အနားယူဖို့ပဲ ကျန်တော့တယ်။
အဲ့ဒီလိုပြောပြီး အသံတိတ်သွားတယ်။
ချက်ချင်းဆိုသလိုပဲ တခေါခေါနဲ့ဟောက်သံအကျယ်ကြီး ထွက်ပေါ်လာတယ်။ မင်းသားလေးဝမ်းသာ သွားတယ်။ သူတွေ့ချင်တဲ့လူဟာ ဒီလိုမျိုးပဲဖြစ်ရမယ်။ အပူအပင်မရှိ၊ သောကကင်းကင်းနဲ့ သီချင်းဆို နိုင်သူဖြစ်ရမယ်။ စိုးရိမ်ပူပန်စရာမရှိတဲ့အတွက် အိပ်ပျော်လွယ်သူလည်းဖြစ်ရမယ်။
တွေ့မယ့်တွေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။
အဲ့ဒီလူရဲ့အင်္ကျီကိုချွတ်ယူဖို့ တဲအနားကိုချဉ်းကပ်သွားတယ်။
တဲပေါ်မှာ ဘာမှမရှိ၊ အိပ်ပျော်နေတဲ့ လူပဲရှိတယ်။
လရောင်အောက်မှာ မှုန်မှုန်ဝါးဝါးလေးပဲမြင်ရတယ်။ ဒါနဲ့တဲပေါ်တက်ပြီး အဲဒီလူရဲ့အင်္ကျီကို ချွတ်ယူ မယ်လုပ်တော့ မင်းသားလေးအတော်စိတ်ညစ်သွားတယ်။ သူ့ရဲ့မျှော်လင့်ချက်တွေ တစ်စစီပြိုကွဲသွား တယ်။ သူ့ဖခမည်းတော်အတွက်လည်း အတော်လေးစိတ်မကောင်းဖြစ်ပြီး တဲပေါ်ကတိတ်တိတ်လေး ပြန်ဆင်းသွားခဲ့ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အိပ်မောကျနေတဲ့ သူဆင်းရဲကိုယ်ပေါ်မှာ ဘာအင်္ကျီမှဝတ်မထားဟန်တူပါရဲ့။
လုပ်ပိုင်ခွင့်အာဏာနဲ့ ငွေရှာပြီးကျိကျိတက်အောင် ချမ်းသာနေတဲ့ လူတချို့ကတော့စည်းစိမ်ကြီးပေါ် ထိုင်ပြီးလျော့ပါးသွားမှာ စိုးရိမ်စိတ်ကြောင့် ပျော်ရွှင်စွာနေနိုင်သူရဲ့ လျှို့ဝှက်ချက်ကို ဘယ်တော့မှသိ သွားဖို့ ကြိုးစားကြမယ်မထင်ဘူး။

The Politics Journal
K.K(ကနောင်)

No comments:

Post a Comment