Saturday, April 19, 2014

ကြံချောင်း ဥပမာ


တစ်ခါက ဆရာကြီးတစ်ယောက်ဆီမှာ တပည့်နှစ်ယောက်ရှိသတဲ့။ အဲဒီတပည့်နှစ်ယောက်လုံးဟာ အရည်အချင်းတူညီကြပါတယ်။ ချစ်လဲချစ်ခင်ကြတယ်။ ကျောင်းပြီးလို့ အလုပ်လုပ်ကြတော့ တပည့်နှစ်ယောက်မှာ တစ်ယောက်ကတော့ ငွေအကြွေးချတဲ့ လုပ်ငန်းကိုလုပ်ကိုင်တယ်။ သူတော်တော်အောင်မြင်ပြီးတော့ သူတို့မြို့မှာ နာမည်ကြီးတဲ့ အကြွေးချေးသူဖြစ်လာတယ်။

အဲဒါကိုကြည့်ပြီးတော့ နောက်တစ်ယောက်က အကြွေးချေးတဲ့လုပ်ငန်းကိုလုပ်ကိုင်တယ်။ ဒါပေမယ့် သူ့လုပ်ငန်းက မအောင်မြင်ဘဲနဲ့ သူ့ငွေရင်းတွေတောင် ဆုံးရှုံးတဲ့ထိဖြစ်လာတယ်။ ဒါနဲ့ သူမကျေနပ်ဘူး။ သူ့သူငယ်ချင်းတောင် စီးပွားဖြစ်ပြိးတော့ သူကဘာလို့ စီးပွားမဖြစ်ရတာလဲ။

ဒါနဲ့ နောက်ဆုံး ဆရာကြီးဆီကို အကြံဉာဏ်တောင်းဖို့လာခဲ့တယ်။ ဆရာကြီးကတော့ သူပြောပြသမျှအားလုံးနားထောင်တယ်။ ပြီးတော့ သူ့ကို ကြံတွေ ချကျွေးတယ်။သူ့ကို ကြံတစ်ချောင်းပေးလိုက်ပြီး ကြံချောင်းရဲ့ တစ်ဖက်စွန်းကိုစတင်စားစေတယ်။ဆရာကြီးက " ကဲ ချိုသလားဟေ့ "
တပည့်ကလဲ ချိုပါတယ် လို့ပြန်ဖြေလိုက်တယ်။

ဆရာကြီးက အဲဒီကြံကိုပဲ နောက်တစ်ဖက်စွန်းကို စားစေတယ်။ ပြီးတော့ ချိုလားလို့မေးလိုက်တယ်။ တပည့်ကစားကြည့်တယ်။ ဒါပေမယ့်ခုနကလောက်မချိုဘူး ပေါ့ရွတ်ရွတ်ဖြစ်နေတယ်။

ဆရာကြီးက " ငါ့ တပည့် မှတ်ထား ဒီတစ်တောင်လောက် ရှည်တဲ့ ကြံချောင်းလေးတောင်မှ တစ်ဖက်နဲ့ တစ်ဖက် အရသာမတူနိုင်ဘူး ကျယ်ပြောတဲ့ စီးပွားရေးလောကမှာဆိုရင် နည်းလမ်းတစ်ခုထဲနဲ့ လူတိုင်းမအောင်မြင်နိုင်ဘူးကိုယ့်နည်းကိုယ့်လမ်းနဲ့ အောင်မြင်အောင် အစဉ်တစ်စိုက်ပြုပေတော့ "

မောင်စိုင်း

No comments:

Post a Comment