Thursday, April 24, 2014

ဘာကိုမှ အထူးအဆန်းတွေ မဖြစ်ကြပါနဲ့တော့


အရင်တုန်းကတော့ ဂါထာတွေ၊ မန္တာန်တွေ မျိုးစုံလိုက်ရှာပြီး ရွတ်ချင်၊ ဖတ်ချင်တယ်။ အထူးအဆန်းတွေဆိုရင် အရမ်းစိတ်ဝင်စားတယ်။ ထူးထူးဆန်းဆန်း တန်ခိုးရှိတဲ့ သူတွေဆိုရင် မိုးမမြင်၊ လေမမြင် အထင်ကြီးတယ်။ မကောင်းတဲ့ ကံတွေကို ကျော်လွှားပြီးတော့ ကောင်းတဲ့ကံတွေ လိုချင်လို့။ ထူးဆန်းတာတွေကို သဘောကျလို့... မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးချင်လို့… မကောင်းတာတွေကို ထူးထူးဆန်းဆန်း ကျော်လွှားနိုင်ပြီး ကောင်းတာတွေကို ထူးထူးဆန်းဆန်း ရချင်လို့…

ဒါပေမယ့် အခုနောက်ပိုင်း နားလည်သွားတဲ့ အချက်လေးတွေကတော့...

၁) သံသရာကြီးက ရှည်လွန်းလို့သာ မသိနိုင်၊ မမှတ်မိနိုင်ကြတော့တာ။ တန်ခိုးသြဇာ ကြီးလွန်းလှပါတယ်ဆိုတဲ့ တန်ခိုးရှင်တွေလည်း အကြိမ်ပေါင်းများစွာ ကိုယ်ကိုယ်တိုင် ဖြစ်ခဲ့ဖူးပြီ။ အထက်ဘ၀ဂ်၊ အောက်အ၀ီစိလည်း စုံနေအောင် လှည့်လည်ဖူးပြီ။ စင်္ကြာဝတေးမင်းတွေလည်း ဖြစ်တန်ခဲ့ဖူးလောက်ပြီ။ အပါယ်ဘုံတွေမှာလည်း မချိမဆန့် ဖန်တေနေအောင် အလူးအလဲ ခံရပေါင်း များလှပြီ။ သံသရာနဲ့ချီပြီး ပြောရမယ်ဆိုရင် လောကကြီးထဲမှာ မမြင်ဖူး၊ မကြားဖူး၊ မကြုံဖူးပါဘူးဆိုတဲ့ အရာဆိုတာ ဘယ်အရာတစိုးတစဉ်းကမျှ မရှိတော့ပါဘူး။ အားလုံး… မြင်ဖူး၊ ကြားဖူး၊ ကြုံဖူးနေကြပါပြီ။ ဘာကိုမှလည်း အထူးအဆန်းကြီးတွေ ဖြစ်မနေကြပါနဲ့တော့ဆိုပြီး အရှင်ဆေကိန္ဒဟောတဲ့ တရားတစ်ပုဒ်ထဲမှာ နာဖူးတာလေးကို သတိရမိတယ်။ ကိုယ်က ထူးဆန်းလွန်းလှပါတယ်၊ အထင်ကြီးလွန်းလှပါတယ်ဆိုတဲ့ တန်ခိုးရှင်တွေရဲ့ တန်ခိုးတွေကို သံသရာကြီးမှာ ကိုယ်ကိုယ်တိုင် ကြိမ်ဖန်မက ရဖူး၊ ကြုံဖူးနေကြပြီးပါပြီ။ ဘယ်လောက်ပဲ တန်ခိုးကြီးမားတဲ့ မိုးဖျားဗြဟ္မာကြီးတွေ ဖြစ်ခဲ့ဖူးပါစေ… မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် မရဖူးကြသေးလို့သာ သံသရာက မလွတ်နိုင်ကြသေးတာပါ။ လောကကြီးမှာလေ… ကိုယ်မရဖူး၊ မကြုံဖူးသေးတာဆိုလို့ သံသရာလွတ်ကြောင်းဖြစ်တဲ့ မဂ်တရား၊ ဖိုလ်တရားတွေပဲ ကျန်ပါတော့တယ်။ ဘယ်အရာကိုမှ အထူးအဆန်းကြီးတွေဖြစ်ပြီး အထင်ကြီးငေးမော မနေကြပါနဲ့တော့။ သာသနာနဲ့ ကြုံတုန်း မရဖူးသေးတဲ့၊ သာသနာတွင်းမှာပဲ အရယူနိုင်တဲ့ မဂ်တရား၊ ဖိုလ်တရားတွေကိုသာ ကျင့်ကြံကြိုးစား အားထုတ်ကြပါတော့… လို့ဆိုတဲ့ ဆရာတော်ရဲ့ အမှာစကားလေးပါ။ အရမ်းတန်ဖိုးကြီးမားပါတယ်။

၂) အရင်ကတော့ ထင်မိတယ်။ ဂါထာ၊ မန္တာန်လေးတွေ ရွတ်ဖတ်ပြီး မကောင်းတဲ့ အဆိုးကံကြမ္မာတွေကို ကြိုတင်တားဆီး၊ ဖယ်ရှားသုတ်သင်နိုင်လိမ့်မယ်လို့… ပေါ့။ တကယ် အစွမ်းထက်တဲ့ ဂါထာ၊ မန္တာန်တွေကြောင့်မို့လို့ တကယ်အကျိုးထူးခဲ့တဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ… တကယ်တမ်း အကုသိုလ် အကျိုးပေးဖို့ ကြုံလာပြီဆိုရင် ဘယ်လိုမှကို ရှောင်လွှဲလို့ မရတော့ပါဘူး။ မချိမဆန့် ခံရတာပါပဲ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဒါ့အပြင် ကောင်းတာတွေ လောလောဆယ် လုပ်နေတဲ့အခါ ကုသိုလ်အကျိုးပေးတွေကို ရေလာမြောင်းပေး လုပ်ပေးသလိုဖြစ်ပြီး ကုသိုလ်အကျိုးတွေ ရရှိတတ်တယ်။ မကောင်းတာတွေ လုပ်နေတဲ့အခါ မကောင်းကျိုးတွေပေးဖို့ ရေလာမြောင်းပေးဖြစ်ပြီး အကျိုးပေးတတ်တယ်ဆိုတာတွေကိုလည်း အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကုသိုလ်ကောင်းမှုတွေနဲ့ အကျိုးမပေးသေးအောင် ဟန့်တားထားတာတို့၊ အကျိုးပေးရင်လည်း သက်သာအောင်တို့တော့ စွမ်းနိုင်ကောင်း စွမ်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်လို ကုသိုလ်ကောင်းမှုတွေပဲရှိရှိ၊ လောကဓာတ်ကြီး တစ်ခုလုံးမှာ တန်ခိုးအကြီးဆုံးပါလို့ဆိုတဲ့ တန်ခိုးရှင်ကြီးတွေကပဲ ကိုယ့်ကို ကူညီစောင်မနေပါစေ။ ကိုယ်သေရမယ့်ဘေးကိုတော့ တန်ခိုးရှင်ကြီးတွေ၊ သိကြားမင်းတွေမပြောနဲ့။ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်တောင်မှ မကယ်ဆယ်နိုင်ပါဘူး။ ဘ၀တစ်ခု၊ ခန္ဓာတစ်ခု ရရှိပြီးပြီဆိုလိုက်တာနဲ့ မြေကြီးလက်ခတ်မလွဲ ခန္ဓာပြိုကွဲပြီး သေပွဲဝင်ရဦးမှာပါ။ ဒီလို ခန္ဓာပြိုကွဲမယ့် ဝေဒနာဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မလုပ်ဆောင်ပေးနိုင်ပါဘူး။ ဒါ့အပြင် မသေခင်မှာလည်းပဲ အားကြီးလှတဲ့ လောကဓံတွေကိုလည်း ခံရဦးမှာပါ။ အမြဲတမ်း ကယ်ဆယ်ကူညီမယ့်သူ ရှိလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ ကိုယ် ပုံမှန်လုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ မကယ်ယူနိုင်တဲ့ အကုသိုလ်အကျိုးပေးတွေကို ရှောင်လွှဲလို့ မရပါဘူး။ ဘုရားအစရှိတဲ့ ရဟန္တာအရိယာ ပုဂ္ဂိုလ်မြတ်ကြီးတွေတောင် ၀ဋ်ကြွေးတွေကို နောက်ဆုံးဘ၀အထိ ပေးဆပ်ခဲ့ရပါတယ်။ မြတ်စွာဘုရားထက် ကုသိုလ်ကောင်းမှုအရာမှာ၊ ဘုန်းတန်ခိုးကြီးမားတဲ့အရာမှာ ယှဉ်နိုင်တဲ့သူဆိုတာ လောကဓာတ်တခွင်မှာ ဘယ်သူမှ မရှိပါဘူး။ ဒီလို ဘုန်းတန်ခိုး အကြီးမားဆုံးဖြစ်တဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင်မှ ၀ဋ်တွေကို ဘုရားဖြစ်တဲ့အထိ ခံရပါသေးတယ်။ ကိုယ်တွေလို သာမန် ပုထုဇဉ်ဆိုရင်တော့ ဒီလို ၀ဋ်ကြွေးတွေကို တန်ခိုးရှင်ကြီးတွေရဲ့ အကူအညီ၊ ကိုယ်လုပ်နေတဲ့ ကုသိုလ်ကောင်းမှု အကူအညီလောက်နဲ့ လုံးဝဥဿုံ ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာဟာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ် ၃၇ မင်းနတ်ကမှ၊ ဘယ် တန်ခိုးရှင်ကမှ၊ ဘယ် သိကြား ဗြဟ္မာ၊ နတ်ဝိဇ္ဇာကမှ မကယ်ယူနိုင်ပါဘူး။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီဆိုရင် မကောင်းတဲ့ကံ အကျိုးပေး အသေးစားလေးတွေအတွက် ဖယ်ရှားနိုင်အောင် ကုသိုလ်ကောင်းမှုတွေကို အဆက်မပြတ်လုပ်ဖို့ လိုအပ်သလို… တဖက်မှာလည်းပဲ ရှောင်ကွင်းလို့ မရနိုင်မယ့် မဖြစ်မနေ အကျိုးပေးတော့မယ့် လောကဓံတွေအတွက် ခံနိုင်ရည်ရှိအောင်သာ ကြိုးစားရတော့မှာပါ။ အရေးကြီးဆုံးဖြစ်တဲ့ သေဘေးရယ်၊ မသေခင်မှာ ရှောင်ပုန်းလို့ မရနိုင်မယ့် အကုသိုလ်ကံ အကျိုးပေးတွေရယ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားရုံမှတပါး အခြားနည်းလမ်း မရှိနိုင်တော့ပါဘူး။

လိုရင်းကို ပြောရမယ်ဆိုရင်တော့ တခြားသော နည်းလမ်းတွေနဲ့ အကျိုးပေးကံတွေကို ပယ်ဖျောက်နိုင်အောင် အသည်းအသန် ကြိုးစားနေတာထက် ရှောင်လို့မရဘူးဆိုတာကို သိပြီးတဲ့နောက်မှာတော့ ခံနိုင်ရည်ရှိအောင် ကြိုးစားခြင်းက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ဆိုလိုတာပါ။  ခံနိုင်ရည်ရှိဖို့အတွက် ၀ိပဿနာတရားတွေ အားထုတ်ခြင်းကသာလျှင် အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။ မဂ်တရား၊ ဖိုလ်တရားတွေ ရရှိသွားရင်တော့ အကျိုးပေးမယ့်ကံတွေကို ကန့်သတ်ပြီးသား ဖြစ်သွားပါပြီ။ အနိမ့်ဆုံးအဆင့် သောတာပန် ဖြစ်သွားမယ်ဆိုရင်တော့ ကံတရားတွေနဲ့ ဆက်ဆံဖို့က ၇ ဘ၀ပဲ အလွန်ဆုံး ရှိတော့တာပါ။ အကျိုးပေးမယ့် ကံတွေကို ပယ်ဖျက်ပြီး ကန့်သတ်လိုက်နိုင်ဖို့က ၀ိပဿနာတရားမှလွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။ 


မိုးကုတ်ဆရာတော်ဘုရားကြီး တရားထဲမှာလဲ ဟောထားတာက... 
သံသရာ ရှည်ချင်သလောက် ရှည်။ ၀ိပဿနာတရား အားမထုတ်လို့ကတော့ ဘယ်တော့မှ သံသရာ ပြတ်မှာ မဟုတ်ပါဘူး။ ၀ဋ်ကြွေးကို ခန္ဓာနဲ့ ဆပ်လို့ကတော့ တိုးရင်းပေါင်းတွေ တိုးရင်းနဲ့ပဲ သံသရာ ရှည်သထက် ရှည်လာတော့မှာပါ။ သံသရာကို ဥာဏ်နဲ့ ဖြတ်မှသာလျှင် ပြတ်နိုင်စရာအကြောင်း ရှိပါတော့တယ်... တဲ့။ 

အချက်အလက် အမှားပါရင်ပဲဖြစ်ဖြစ်၊ အရေးအသား မချောမွေ့ရင်ပဲဖြစ်ဖြစ် သည်းခံပေးပါ။ တရားဗဟုသုတ ဆွေးနွေးဖလှယ်ခြင်းကို ကြိုဆိုပါတယ်။ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…

အောင်ဆန်းဆရာတော် ဟောကြားတော်မူတဲ့ ပဋိစ္စသမုပ္ပါဒ် တရားတော်မှ… စာဖတ်သူတွေလည်း ကြားဖူးနေကျဖြစ်မယ့် လင်္ကာလေးနဲ့ ဒီစာကို နိဂုံးချုပ်လိုက်ပါတယ်။

ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်
လူတွင်စင်္ကြာ၊ နတ်မှာသိကြား
မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက
ဖောက်လွှဲ ပါယ်ရွာ၊ ရောက်မြဲသာတည်း။


မေတ္တာဖြင့်

Favorite Collections

No comments:

Post a Comment