သိကြားမင်းကတောင် ရှိခိုးတယ်ဆိုမှတော့.....
ဗေဒင်သုံးးပုံတက်ကျွမ်းသူ၊ မင်းဘုရင်၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်စသူတို့က ရှိခိုးရတဲ့ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ပြုလုပ်သူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊ တရားနဲ့အညီ မိဘ၊ သားမယားကို လုပ်ကိုင်ကျွေးမွေးသူတို့ကို ရှိခိုးပါတယ်။
(သံ၊ ၁၊ ၂၃၆)
သိကြားမင်းကတောင် အထက်ပါအင်္ဂါ(၄)ချက်နဲ့ ပြည့်စုံသူကို ရှိခိုးတယ်ဆိုမှတော့ မိမိတို့ကသာ အထက်ပါအချက်များပြည့်စုံအောင် ပြုလုပ်နေထိုင်ဖို့ လိုပါတော့တယ်။ သိကြားမင်း ရှိခိုးခံရတဲ့သူဆိုရင် သိကြားမင်းထက်နိမ့်တဲ့ပုဂ္ဂိုလ်တွေက ဒုက္ခပေးမှာ ကြောက်စရာ မလိုတော့သလို သိကြားမင်းလောက်မှ အစွမ်းအစမရှိတဲ့သူတွေက ကူညီစောင့်ရှောက်မယ်ဆိုတာလည်း ယုံကြည်စရာ မလိုတော့ပါဘူး။ တကယ်တမ်း ကူညီမစထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် သိကြားမင်းကိုယ်တိုင် ကူညီမစပေးပါလိမ့်မယ်။
မိမိတို့က သိကြားမင်းထက်သာလွန်တဲ့ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ပြီး မိဘဆရာသမားတို့ ကျေးဇူးကိုသိတတ်တဲ့ အနေနဲ့ ကျေးဇူးဆပ်ကာ ရှိခိုးဖို့ လိုပါတော့တယ်။ သိကြားမင်းထက်နိမ့်တဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကို ကိုးကွယ်ရှိခိုးစရာလည်း မလိုတော့ပါဘူး။ ကျန်တဲ့အရာများကို ကိုးကွယ်ရှိခိုးတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ အထက်ပါအင်္ဂါ(၄)ချက်နဲ့ မပြည့်စုံလို့သာ ဖြစ်ပါလိမ့်မယ်။
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ဟာ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ ပိဋကတ်တော်များတွင် မပါရှိပါ။ နတ်များကို ပူဇော်ပသခြင်းများ ပြုလုပ်ရမယ်ဆိုတာ အပေါ်မှာတွေ့ရှိရတဲ့ ကျမ်းဂန်လာများအရ ကုသိုလ်ကောင်းမှုကိုသာ အမျှဝေပေးခြင်းသာဖြစ်ပြီး ကျန်တဲ့ စားသောက်ပစ္စည်းတွေနဲ့ ပူဇော်စရာ မလိုဘူးဆိုတာ ထင်ရှားနေပါတယ်။
မိမိတို့က ကြောက်လန့်လို့ဖြစ်စေ၊ ရမ်းသမ်းပြီးတော့ဖြစ်စေ တခြားနတ်ဆိုး၊ နတ်မိစ္ဆာ၊ မကောင်းဆိုးဝါး၊ လောကမှာမရှိတဲ့ အရာတွေကို ယုံကြည်မယ်ဆိုရင်လည်း မိမိတို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာအဖြစ်ကနေ လျှော့ကျမသွားအောင် သရဏဂုံ ပျက်လောက်အောင်တော့ ရတနာသုံးပါးထက် ပိုမိုပြီး မကိုးကွယ်ကြနဲ့ပေါ့လေ။ ဘုရားစင်ဆိုတဲ့နေရာမှာ ဘုရားဆင်းတုတော်ပဲထားပြီး တခြားအရာများ အရံသဘောအဖြစ် သူများပြောတာ အဟုတ်မှတ်ကာ ယုံကြည်ကိုးကွယ်ချင်လည်း တခြားနေရာမှာ သီးသန့်ထားကြပါ။
သဗ္ဗညုတဘုရားရှင်ဟာ တန်ခိုးအရာ၊ ပညာအရာစတာတွေ အထူးကဲဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
အဲဒီလို သဗ္ဗညုတဘုရားရှင်သော်မှ သူတစ်ပါးဒုက္ခကို ကယ်တင်မပေးဘဲ ဘယ်လိုလုပ်ဆိုတာလောက်ပဲ လမ်းညွှန်ပေးပြီး ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကို ခု ထွက်ရပ်ပေါက်တွေ၊ သိဒ္ဓိရှင်တွေ၊ နတ်အမျိုးမျိုးတွေက ကယ်တင်ပေးမယ်။ မင့်တို့လုပ်စရာမလိုဘူး။ ငါတို့လုပ်ပေးမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားစေချင်ပါတယ်။
မြတ်ဗုဒ္ဓသေလွန်(ပရိနိဗ္ဗာန်စံ)တဲ့အခါမှာလည်း မင့်တို့ကို ငါသေသွားပေမဲ့ ကယ်တင်နိုင်သေးတယ်၊ ကယ်တင်ပေးဦးမယ်လို့ မပြောခဲ့ပါဘူး။ မင့်တို့ဒီလိုလုပ်ရင် ဒီလိုအကျိုးတရားတွေတော့ ခံစားရမယ်ဆိုပြီး နည်းလမ်းပဲပေးခဲ့ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရမှာပါ။ လောကမှ အသာလွန်ဆုံး၊ အတုမရှိတဲ့ မြတ်ဗုဒ္ဓသော်မှ သေလွန်တဲ့အခါ ဘာအစွမ်းမှ မရှိတော့ဘဲ မသေခင်က အဓိဋ္ဌာန်တာများသာ ရှိနေတော့တာမို့ ကျန်တဲ့ပုဂ္ဂိုလ်တွေက သေပြီးအစွမ်းသတ္တိတွေ ရှိနေသေးတယ်ဆိုတာ ယုတ္တိရှိရဲ့လား၊ ဖြစ်နိုင်ပါမလား။
သိဒ္ဓိရှင်၊ ၀ိဇ္ဇာသမားတွေကို ကိုးကွယ်ယုံကြည်နေသူများက အဲဒီလူတွေဟာ သေပြီးသော်လည်း တန်ခိုးနဲ့ ကယ်တင်သေးတယ်လို့ ယုံကြည်ကြတယ်။ တချို့က မသေဘဲအသက်ရှင်လျက် ရှိနေသေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ ယခုလူ့သက်တမ်းဟာ တစ်ရာသက်တမ်းဖြစ်တဲ့အတွက် အထက်မှာမြတ်ဗုဒ္ဓပြောခဲ့တဲ့အတိုင်း အသက်(၁၀၀)ထက် အနည်းငယ် ကျော်လွန်သူ (၁၆၀)ပတ်ဝန်း ကျင်သာ အသက်ရှည်မယ်လို့ ပထမအာယု၊ ဒုတိယအာယုသုတ် (သံ၊ ၁၊ ၁၁၀)တို့မှာလည်း မိန့်ကြားထားခဲ့ တာကို ထောက်ဆကြည့်ရင် ထင်ရှားနေတာမို့ အသက်မသေဘဲ ကယ်တင်စောင့်ရှောက်နေတဲ့သူ မရှိဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။

မိမိတို့ ယုံကြည်ကိုးကွယ်နေတဲ့သူတွေဟာ မြတ်ဗုဒ္ဓလုပ်မပေးနိုင်တာကို လုပ်ပေးနိုင်တယ်။ မြတ်ဗုဒ္ဓထက် သာလွန်သူတွေဖြစ်နေ ရင်တော့ မြတ်ဗုဒ္ဓဟာ အတုမရှိ မြတ်ဗုဒ္ဓမဟုတ်တော့ဘဲ ဖြစ်သွားပါ လိမ့်မယ်။ဒါကြောင့် ယုံကြည်တဲ့နေရာမှာ မိမိတို့ အဓိကထားယုံကြည်နေတဲ့ မြတ်ဗုဒ္ဓထက် သာလွန်နေသူများကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင် ယုံကြည်ဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။ မြတ်ဗုဒ္ဓထက် သာလွန်သလိုဖြစ်နေတဲ့ ဒီလိုပုဂ္ဂိုလ်တွေကို ယုံကြည်မိရင် မိမိတို့ဟာ ဗုဒ္ဓဘာသာ ဖြစ်ပါဦးမလားဆိုတာ စဉ်းစားဆင်ခြင်ကြည့်ရင် သိပါလိမ့်မယ်။
Shared from ဘုရားအကြိုက်ဆုံး ပူဇော်နည်း (FB)
No comments:
Post a Comment